ယမန်နေ့ နံနက်ပိုင်းက ဖြစ်ပွားသည့် ပဲခူးမြို့စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများ၏ အဓိက ခံတပ်များရှိရာ မဂ္ဂတစ်လမ်းမကြီးကို စစ်ကောင်စီတပ်များက ဖြိုခွင်းမှု ဖြစ်စဉ်တွင် သေဆုံးသူ အရေအတွက်မှာ လူငယ်အပါအဝင် ပြည်သူ ၇၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။
ပဲခူးမြို့သပိတ်စစ်ကြောင်း ဦးဆောင်သူ တဦးဖြစ်သည့် ဦးရဲထွဋ်က “မနေ့ညပိုင်းကထိ ကျနော်ရထားတဲ့ဟာက အားလုံး ၆၁ ဆိုပေမယ့် ထပ်ထွက်လာတာက မနေ့က ဖမ်းသွားတဲ့သူတွေထဲက အသတ်ခံရတဲ့သူတွေ ရှိတယ်။ အဲဒီအလောင်းတွေ ကို ရင်ခွဲရုံမှာ လာထုတ်ဖို့ မိသားစုတွေကို အကြောင်းကြားတာမျိုး ရှိတယ်။ အခု ကျနော် အတည်မပြုနိုင်သေးလို့ သေဆုံး သူ ၈၀ လောက်ဖြစ်သွားပြီလို့ ကြားတယ်။ကျနော် ဆက်သွယ်ပြီး ဘယ်အလောင်းဘာဆိုတာ စုံစမ်းဖို့ ရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အလားတူ ပဲခူးမြို့ ဒေသခံတဦးကလည်း ယနေ့ (ဧပြီ ၁၀ ရက်) နံနက်ပိုင်းတွင် ၎င်း၏ဆွေမျိုးတဦး အပါအဝင် ယမန်နေ့က ဖမ်းဆီးခံရ သူများအနက် အလောင်း ၄ လောင်းကို ရင်ခွဲရုံတွင် လာထုတ်ရန် မိသားစုကိုဆက်သွယ်လာခြင်းမျိုး ရှိသည်ဟု ဆိုသည်။
၎င်းက “သူတို့ ဖမ်းသွားတုန်းက အကောင်း။ အကောင်းကို ဒီမနက်မှာ အလောင်း ပြန်လာသယ်ဖို့ဆိုပြီး ဒီမနက်မှာ စပြော လာတယ်။ အခုအချိန်ထိ ကြားရသလောက်မှာ ပျောက်တာ တော်တော်များနေတယ်။အဖမ်းခံရတာလား၊ အသတ်ခံရတာ လားတော့ မသိဘူး”ဟု ပြောသည်။
စစ်ကောင်စီတပ်များ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ အများအပြားရှိသည်ကို သိရသော်လည်း အလောင်းများ ပြန်မရသေးသည့်အတွက် မည်သူမည်ဝါဟူ၍ အတည်မပြုနိုင်ဘဲ ဖြစ်နေရသည်ဟုလည်း ၎င်းက ဆိုသည်။
ပဲခူးမြို့ခံများအဆိုအရ သေဆုံးသူတချို့မှာ ရရှိသည့် ဒဏ်ရာများကို ဆေးကုသခွင့် မရရှိဖြင့် သေဆုံးရခြင်းဖြစ်ကြာင်း သိရသည်။
ဦးရဲထွဋ်ကလည်း ထိုသို့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသွားသူများ၏ အလောင်းများကို ပြည်သူများက ကောက်ယူခွင့် မရခဲ့သည့်အပြင် အိမ်ပြင်သို့ ခေါင်းပြူထွက်သည်နှင့် သေနတ်ဖြင့်လှမ်းပစ်သည့် အနေအထားမျိုး ဖြစ်နေခဲ့သည်ဟုလည်း ပြောပြသည်။
ယမန်နေ့ (ဧပြီ ၉ ရက်) နံနက် ၅ နာရီမှစ၍ ပဲခူးမြို့ထဲရှိ ခံတပ်များဖြစ်ကြသော ဆံတော်တွင်း၊ မဂ္ဂတစ်၊ပုဏ္ဏားစု ခံတပ်များ ကို စစ်ကောင်စီတပ်များက လက်နက်ကြီးများ၊ စက်သေနတ်များဖြင့် အကြမ်းဖက်ဝင်ရောက်ပစ်ခတ် ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။
ဒေသခံတဦးက “ပဲခူးမြို့မှာ အဓိက အဲဒီရပ်ကွက် ၃ ခုက ဘယ်နည်းနဲ့မှ ဝင်ဖြိုလို့၊ အုပ်ချုပ်လို့မရဘူး။တခြားရပ်ကွက်တွေကို ဝင်ဖြိုပြီး အုပ်ချုပ်မှုယန္တရား လည်ပတ်နိုင်ပေမယ့် ဒီရပ်ကွက်မှာက ဘယ်လိုမှ စစ်တပ်က ကြိုးစားလို့မရဘူး။ အကြိမ်ကြိမ်လည်း ဖြိုခဲ့ဖူးတယ်။ ဖြိုလို့လည်းမရတဲ့အခါကျတော့နောက်ဆုံးပိတ်အနေနဲ့ စစ်ဗျူဟာနဲ့ကို လက်နက်ကြီးသုံးပြီး ဖြို သွားတဲ့သဘောပဲ။ ပဲခူးမြို့က ခံတပ်တွေကို ဖြိုရာမှာ လက်နက်ကြီး ပထမဆုံး စသုံးပြီး အများဆုံး သုံးသွားတာပဲ” ဟု ပြောသည်။
လက်နက်ကြီးဆိုသည်မှာ မည်သည့် အမျိုးအစား ဖြစ်သည်ကို မသိရသော်လည်း ယမန်နေ့က လူမှုကွန်ရက်တွင်မူ အီနာဂါ (ခေါ် ) ရိုင်ဖယ်ဗုံးသီး( Rifle grenade) များသုံးကာ ပစ်ခတ်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။
ဧရာဝတီက ဆက်သွယ်မေးမြန်းသည့် ပဲခူးမြို့ဒေသခံတချို့၏ ပြောပြချက်အရ ယနေ့ ပဲခူးမြို့တွင်စစ်ကောင်စီတပ်များက ကားများ၊ ဆိုင်ကားများဖြင့် ရပ်ကွက်အတွင်းထိ လိုက်ပတ်နေခြင်း၊ မဂ္ဂတစ်လမ်းမကြီးပေါ်ရှိ ကျန်နေသေးသည့် သဲအိတ် အကြွင်းအကျန်များကို လိုက်လံဖယ်နေခြင်းများ ပြုလုပ်နေကြောင်း၊ ပုဏ္ဏားစုထဲသို့လည်း စစ်ကား ၇ စီးခန့် ထပ်မံဝင် ရောက်သွားကြောင်း သိရသည်။
You may also like these stories:
လားရှိုးက နောင်မွန်ရဲကင်း တိုက်ခိုက်ခံရ၊ ရဲ ၁၄ ဦး သေဆုံး
ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ကို လျှော့မတွက်နဲ့
စစ်ကောင်စီ ငွေရှာတဲ့ ကျောက်မျက်လုပ်ငန်းကို အမေရိကန်ပိတ်ဆို့အရေးယူ