အကြမ်းမဖက် အာဏာဖီဆန်ရေး CDM (Civil Disobedience Movement) လှုပ်ရှားမှုတွင် ပူးပေါင်း ပါဝင်နေသည့် ပါမော က္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်များကို တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက ဧပြီလ ၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယင်း ပါမောက္ခချုပ် ၁၀ဦးနှင့် ဒု ပါမောက္ခချုပ်၂၄ ဦးကို နိုင်ငံ့ဝန်ထမ်းများ နည်းဥပဒေ ပုဒ်မ ၁၆၃ (ဖ)တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိ ခိုက်စေသည့် လှုပ်ရှားမှု တခုခုတွင် ပါဝင်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီသည်ဟု ဆိုကာ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
ရပ်ဆိုင်းခံရသည့် သူများမှာ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်၊ မန္တလေး၊ ရန်ကုန်နှင့် တောင်ကြီး ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ မုံရွာ၊ ကျောက်ဆည်၊ ရတနာပုံ၊ ပြည်နှင့် တောင်ကြီး နည်းပညာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ ဖြစ်သည်။
ဒု ပါမောက္ခချုပ်များမှာ မန္တလေး၊ မကွေး၊ ထားဝယ်၊ ပြည်နှင့် ရန်ကုန် နည်းပညာတက္ကသိုလ်၊ ပြည်၊ မန္တလေး၊ ထားဝယ်နှင့် မုံရွာကွန်ပျူတာ တက္က သိုလ်၊ ရတနာပုံ တက္ကသိုလ်၊ ကျောက်ဆည် တက္ကသိုလ်၊ ရတနာပုံ နည်းပညာတက္ကသိုလ်၊ မုံရွာ စီးပွားရေးတက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ဟင်္သာတ တက္ကသိုလ်တို့မှ ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်မှ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ ဒု ပါမောက္ခချုပ် တို့ကိုလည်း အလားတူ ရပ်ဆိုင်းခဲ့သည်။
မတ်လအတွင်းကလည်း တက္ကသိုလ်အသီးသီးမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက် ကထိက၊ နည်းပြနှင့် သရုပ်ပြဆရာ၊ ဆရာမများကိုလည်း ရာနှင့်ချီပြီး တာဝန်မှ ရပ်နားကြောင်း စစ်ကောင်စီ ထုတ်ပြန်ခဲ့သေးသည်။
ထိုသို့ ထုတ်ပြန်ကြေညာပြီးနောက် ကျောင်းများပြန်လည်ဖွင့်ရန် စီစဉ်ထားရှိပြီး ဖြစ်ပါသဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများ လုပ်ငန်းခွင်သို့ အမြန်ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ကြရန် ဟုဆိုကာ ဧပြီလ ၉ ရက်က ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း လက်မှတ်ထိုး၍ ထုတ်ပြန်လိုက်သည်။
သို့သော် ဧပြီလ ၂ ရက် ရက်စွဲဖြင့် အဆင့်မြင့်ပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ဒုညွှန်ချုပ် ဒေါက်တာ စိုး မြင့်အေး လက်မှတ်ထိုး၍၂၀၂၁- ၂၀၂၂ ပညာသင်နှစ် နွေရာသီအားလပ်ရက် (Vacation) သတ်မှတ်ခြင်းကို ဧပြီလ ၄ ရက် မှ မေလ ၂ ရက်အထိ သတ်မှတ်ကြောင်းကို ထုတ်ပြန်ခဲ့ပြန်သည်။
လက်ရှိ ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ရန် အထက် လူကြီးများအနေဖြင့် ဖိအားပေးမှုများလည်း ရှိနေကြောင်း သိရသည်။
“CDM လုပ်တဲ့သူတွေကို အစက ချော့ပြီး ပြန်ခေါ်တယ်။ ရာထူးတိုးနဲ့ မျှားခေါ်တယ်။ နောက်တော့ ယာယီရပ်ဆိုင်းမယ်၊ အရေးယူမယ်လို့ ခြိမ်းခြောက်တယ်။ အထက်လူကြီးတွေကလည်း အလုပ်ပြန်ဝင်ဖို့ ဖိအားပေးတယ်။ သူတို့တွေဆီက ထုတ် တဲ့စာတွေက ရှေ့နောက် မညီဘူး။ အမျိုးမျိုး ထုတ်နေကြတယ်။ သူတို့ကို အစိုးရအဖြစ် အသိအမှတ်မပြုတဲ့ အတွက် ဒီလို တွေ ထုတ်ပြန်တဲ့အပေါ်မှာလည်း ဂရုမစိုက်ပါဘူး” CDM တွင် ပါဝင်နေသည့် တက္ကသိုလ်ဆရာမ တဦး က ပြောသည်။
စစ်ကောင်စီ၏ သတင်းစာမှတဆင့် ဧပြီ ၉ ရက်နေ့ ရက်စွဲဖြင့် မြန်မာတနိုင်ငံလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ် ၁၀၀ ကျော်မှ သင်ကြားရေး ဌာနများအတွက် နည်းပြ၊ သရုပ်ပြ ရာထူး အလုပ်လျှောက်လွှာများကို ခေါ်ယူခဲ့သည်။
ယင်းပြင် လက်ရှိ စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေကြသော တက္ကသိုလ်အသီးသီးမှ CDM တွင် မပါဝင်ဘဲ အလုပ်ဆင်းနေသူများကို ရာထူးတိုးမြှင့် ခန့်ထားမှုများ ရှိခဲ့သည်။
CDM တွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများအပေါ် ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မတရားအရေးယူ ဆောင်ရွက်ခြင်းပြုသည့် ဝန် ထမ်း အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူ ဝန်ထမ်းတဦးချင်းစီအား မှတ် တမ်းထား ဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)၏ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာနက မတ် ၁၆ ရက် ရက်စွဲဖြင့် အသိပေးချက် ထုတ်ပြန်ထားပြီး ဖြစ် သည်။
ထို့ပြင် CDM တွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများကို မူလ အလုပ်တာဝန်များ တည်မြဲရေး၊ နစ်နာမှုများ ပြန်လည် ကုစားနိုင် ရေးနှင့် ဂုဏ်ပြုချီးမြှောက်မှုများ ဆောင်ရွက်သွားမည့်အပြင် တခြားသော ချုပ်နှောင် ထိန်းသိမ်းခံရခြင်း၊ ထောင်ဒဏ်ကျခံရ ခြင်းတို့ ရှိခဲ့ပါကလည်း ပြစ်မှုမှတ်တမ်းများကို ခြွင်းချက်မရှိ ပယ်ဖျက်မည် ဖြစ်ကြောင်းနှင့် Non CDM ဝန်ထမ်းများကို ထိ ရောက်စွာ အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက အတိအလင်း ထုတ်ပြန် ကြေညာထားသည်။
You may also like these stories:
သတင်း အမှောင်ချလိုသဖြင့် PSI စက်များကို စစ်ကောင်စီ လိုက်သိမ်းနေ
အာဏာသိမ်း စစ်ကောင်စီက ၁ ရက်လျှင် ၉ ဦးနှုန်း သတ်ဖြတ်နေ