ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် စစ်တပ်ကြား တိုက်ပွဲ ပြင်းပြင်းထန် ထန် ဖြစ်ပွားနေပြီး နှစ်ဖက်တပ်များ၏ ပဋိပက္ခကြောင့် အရပ်သား ၃ ဦး ကျည်ထိမှန် သေဆုံးသွားသည်ဟု သတင်း ရရှိ သည်။
သေဆုံးသွားသည့် အရပ်သား ၃ ဦးသည် မိုးမောက်မြို့နယ် စီဟိုက်ကျေးရွာမှ အသက် ၈၃ နှစ်အရွယ် အဘွားတဦး၊ မြို့ ဟောင်းကျေးရွာမှ အသက် ၂၃ နှစ်အရွယ် အမျိုးသားတဦးနှင့် မြို့သစ်ကျေးရွာမှ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတဦး တို့ ဖြစ်သည်။
မြို့သစ်ကျေးရွာမှ ဒေသခံတဦးက “မနေ့ည ၁၁ ကျော်တည်းက စပြီ။ ၁၂ ကျော်ကနေ မိုးလင်းထိကို တောက်လျှောက် အသားကုန် ချကြတာ။ လက်နက်ကြီးတွေ ရွာထဲတွေ ကျတယ်။ လူထုထိတာ ရွာထဲကျလို့ ထိတာ။ အိမ်တွေကြားထဲ ဘုန်း ကြီးကျောင်းတွေကိုပါ ထိတယ်။ လူ ၃ ဦး သေပါတယ်။ အိမ် ၂ လုံး ပွင့်ထွက်သွားတယ်။ တချို့အိမ်တွေက မှန်တွေ ကွဲကြ တယ်” ဟု ပြောသည်။
KIA သည် ရဲကင်းစခန်းတခုနှင့် စစ်တပ်၏ စခန်းတခုကို ဧပြီ ၁၁ ရက် ညပိုင်းတွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ စစ်တပ် က လက်နက်ကြီးကျည်များဖြင့် ပြန်ပစ်ခတ်သဖြင့် ကျည်များ ရွာများထဲတွင်ကျကာ အရပ်သားများ ထိခိုက်သေဆုံးခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။
လက်နက်ကြီးကျည် ထိမှန် သေဆုံးသူ ၃ ဦးအနက်၂ ဦးသည် ဧပြီ ၁၁ ရက် ညသန်းခေါင်ယံက လက်နက်ကြီးကျည်စ ထိ မှန်ခြင်းကြောင့် ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်ကာ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးသည် ကယ်ဆယ်မည့်သူ မရှိသဖြင့် သွေးလွန်ပြီး ဧပြီ ၁၂ ရက် မနက်ပိုင်းတွင် ဆုံးပါးသွားခြင်း ဖြစ်သည်။
အဆိုပါ မြို့သစ်ကျေးရွာမှ ဒေသခံက “ကျနော်တို့ရွာက ဆုံးသွားတဲ့ ၂၁ နှစ် အမျိုးသမီးက ၃ လသား ကလေးကျန်ခဲ့တယ်။ သူတို့မိသားစုက ညမှာ ပြေးဖို့ ပြင်နေတုန်း သူက ကလေးချီထားတာ။ သူ့အဖေ ကလေးရဲ့အဖိုးက လာလာ ကလေးပေး ဆိုပြီး ချီပြီး ၁၀ပေလောက် အကွာမှာတင် အဲဒီ အမျိုးသမီးနေရာကို လက်နက်ကြီးကျည်က ကျတာ။ သူ့ပေါင်က လက်သီး ဆုပ်လောက် ပေါက်ထွက်သွားတယ်။ ကလေးကတော့ သူ့အဖိုးက ပြေးဖို့ ချီထားလို့ ကံကောင်းသွားတာ” ဟု ပြောသည်။
ဧရာဝတီမှ ဆက်သွယ်မေးမြန်းထားသည့် ဒေသခံများက နှစ်ဖက်တပ်များအနေဖြင့် တိုက်ပွဲဖြစ်ပါကလည်း လူနေ ကျေးရွာ များ အတွင်းသို့ ပစ်ခတ်ခြင်းများ မပြုကြရန် တောင်းဆိုလိုသည်ဟု ပြောသည်။
ဒေသခံတဦးကလည်း “ကျနော်တို့မှာ ပြေးစရာမြေ မရှိဘူး။ ရွာအပြင်ဘက်မှာလည်း ဟင်းလင်းပြင်ချည်းပဲ။ သူတို့ လာပစ် ရင် ဗုံးခိုကျင်းထဲ ပုန်းနေဖို့ပဲ ရှိတယ်။ ဗုံးခိုကျင်းထဲမှ ကျည်ကျရင်တော့ သေဖို့ပဲ ရှိတယ်။ ကံတရားပဲ။ အခုအချိန်ထိ အခု နေ့လယ်ထိလည်း လေယာဉ်တွေက ရွာပေါ်မှာ ဝဲနေတုန်းပဲ။ အခြေအနေက မကောင်းဘူး။ ကျနော်တို့ အရပ်သားနေတဲ့ နေရာကို မပစ်ဖို့ တောင်းဆိုချင်တယ်။ မပစ်ထည့်ကြပါနဲ့။ မေတ္တာရပ်ခံပါတယ် ခင်ဗျာ” ဟု ဆိုသည်။
ဧရာဝတီမှ ဆက်သွယ်မေးမြန်းသည့် ဒေသခံများသည် ၎င်းတို့က စစ်တပ်၏ ရှေ့တန်းတပ်များနှင့် အနီးကပ် နေနေရသဖြင့် အသက်အန္တရာယ်ကို စိုးရိမ်ခြင်းကြောင့် အမည်နာမများကို သတင်းရေးသားရာ၌ မဖော်ပြရန်လည်း ပြောဆိုကြသည်။
မိုးမောက်မြို့နယ်အတွင်း KIA နှင့် စစ်တပ်က ဧပြီ ၁၂ ရက် နေ့လယ် ၂ နာရီအချိန်ထိ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်သည်။
မိုးမောက်မြို့နယ်တွင်း ဧပြီ ၁၁ ရက် ညမှစ၍ တိုက်ပွဲဖြစ်ရခြင်းနှင့် ပတ်သက်၍ KIA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “တာပိန်ကြိုးတံတား၊ ကွန်ကရစ် တံတားဦးက ရဲစခန်းတွေကို KIA က သိမ်းပါတယ်။ Microwave Tower တခု တည်ဆောက်နေတဲ့ တပ်စခန်းတခုကိုလည်း ဝင်စီးပါတယ်။ ပတ်ဝန်းကျင်က သူတို့ တပ်တွေက လက်နက် ကြီး၊ လက်နက်ငယ်တွေနဲ့ လှမ်းပစ်ကူတာ။ အဲဒီတော့ ရွာတွေမှာ လက်နက်ကြီးကျည်တွေ ကျပေါက်ကွဲတာပါ။ လူထုတွေ ထိတယ်ကြားပေမယ့် ကျနော်ကတော့ အသေးစိတ် မသိပါဘူး”ဟု ပြောသည်။
KIA က တာပိန်ရဲစခန်းနှင့် တပ်စခန်းတခုကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့သော်လည်း စခန်းများအတွင်းရှိ လက်နက်ခဲ ယမ်းများကိုသာ သိမ်းယူပြီး ထိုစခန်းများတွင် စခန်းချ၊ စခန်းထိုင်ခြင်း မရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
တိုက်ပွဲ ဖြစ်ပွားနေသည့် အခြားနေရာတခုမှာ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းရှိ KIA တပ်ရင်း ၃၀ က စခန်းထိုင်ထားသည့် Alaw Bum (အလော့တောင်) ဗျူဟာကုန်း ပတ်ဝန်းကျင်တွင် ဖြစ်သည်။
ထိုဗျူဟာကုန်းသည် မြန်မာ-တရုတ် နယ်စပ်အနီးတွင် တည်ရှိပြီး စစ်ရေးအရ အချက်အချာကျသည့် နေရာဖြစ်ကာ မတ် ၂၅ ရက်က KIA၊ တပ်ရင်း ၃၀ သည် စစ်တပ်ကို တိုက်ခိုက်ကာ သိမ်းယူထားသည့် စခန်းကုန်းဖြစ်သည်။
Alaw Bum ကို စစ်တပ်က ထိုးစစ်ဆင်ပြီး ပြန်သိမ်းယူနိုင်ရန် ကြိုးစားနေသည်မှာ ၃ ရက်ရှိပြီဟု သိရသည်။
ဗိုလ်မှူးကြီး နော်ဘူက “ဒီမနက် အစောကြီးကနေ ဂျက်ဖိုက်တာနဲ့ လာပစ်နေတာ ၄ ခေါက်လောက်ရှိပြီ။ အခုထိလည်း ပစ်နေတုန်း ဖြစ်ပါတယ်။ အဲဒီနေရာမှာက ရွာနဲ့ ဝေးတယ်။ လူထုတော့ မရှိဘူး။ တိုက်ပွဲတော့ ပြင်းထန်နေတယ်။ အခု တိုက်ပွဲနေရာကလည်း Alaw Bum နဲ့ ဝေးတယ်။ သူတို့ ချဉ်းကပ်လို့ မရသေးဘူး။ ကျနော်တို့ကတော့ လက်မလွှတ်ရ အောင် ထိန်းနေတဲ့သဘော ရှိပါတယ်။ လက်မလွှတ်ရအောင် ကြိုးစားနေပါတယ်” ဟုလည်း ပြောသည်။
KIA နှင့် စစ်တပ်သည် ကချင်ပြည်နယ်တွင်း မတ် ၁၁ ရက်မှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်း ဖြစ်သည်။
KIA သည် အစိုးရနှင့် ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုနိုင်ရန်အတွက် ညှိနှိုင်းနေသဖြင့်
၂၀၁၈ ခုနှစ် ဒီဇင်ဘာမှ၂၀၂၁ ခုနှစ် ဇန်နဝါရီအထိ ကချင်ပြည်နယ်တွင်း ပဋိပက္ခများ မဖြစ်စေရန် စစ်တပ်နှင့် ညှိနှိုင်းကာ ထိန်းသိမ်းခဲ့ကြသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်တွင် အာဏာရှင်စနစ်ကို လက်မခံဘဲ ဆန္ဒပြနေသည့် လူထုအား ပစ်ခတ်သတ်ဖြတ်ခြင်း မလုပ်ရန် KIA က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြောဆိုခဲ့သော်လည်း ပြေလည်ခဲ့ခြင်း မရှိပါ။
ထို့နောက် မတ် ၈ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဆန္ဒပြလူထုကို စစ်တပ်က ပစ်ခတ်ရာ အမျိုးသား ၂ ဦး သေ ဆုံးခဲ့သည်။
အရပ်သား သေဆုံးမှုဖြစ်ပွားပြီး ၃ ရက်အကြာ မတ် ၁၁ ရက်တွင် KIA က ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ စစ်တပ်၏ စခန်းကို ထိုးစစ်ဆင် သိမ်းပိုက်လိုက်သည်။
ထိုတိုက်ခိုက်မှုနောက်ပိုင်းတွင် ဝိုင်းမော်၊ ဗန်းမော်၊ နမ္မတီး၊ ဖားကန့်၊ မိုးကောင်းနှင့် ရွှေကူ မြို့နယ်များတွင် စစ်တပ်၏ တပ်စခန်းများ၊ ယာဉ်တန်းများကို တိုက်ခိုက်သည့်အပြင် ပြည်သူ့စစ်တပ်စခန်းများနှင့် ရဲကင်းစခန်းများကိုပါ KIA က တိုက်ခိုက်မှုများ ပြုလုပ်နေသည်။
စစ်တပ်ကလည်း KIA ဗဟိုအုပ်ချုပ်နယ်မြေနှင့် အခြား KIA တပ်စခန်းများရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် သည့်အပြင် တိုက်လေယာဉ်များဖြင့်လည်း KIA တပ်ရင်း ၁၄၊ တပ်ရင်း ၁၁ စခန်းများကို မတ်၂၉ ရက်က တိုက်ခိုက်ထား သည်။
အလားတူ စစ်တပ်သည် ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ ကရင်အမျိုးသားတပ်မတော်(KNU) တပ်မဟာ ၅ အခြေစိုက်ရာ ဒေသများကို ဗုံးကြဲတိုက်ခိုက်သည်ဆိုသော်လည်း အရပ်သားများ နေထိုင်ရာ ရွာများကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေသဖြင့် ကရင်ဒေသခံ ၁သောင်း ၂ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
You may also like these stories:
တမူးမြို့ကို စစ်ကောင်စီတပ်များက ဝင်ရောက် စီးနင်း တိုက်ခိုက်