သတင်း

အကြမ်းဖက် ဥပဒေဖြင့် တရားစွဲခံရသည့် တောင်ကုတ်ဒေသခံများအမှု အမိန့်မချဘဲ ထပ်မံ ရွေ့ဆိုင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံနေရသည့် မြို့နယ် စည်ပင် ကော် မတီ ဥက္ကဌ ဦးဇေယျကျော် အပါအဝင် ၄ ဦးအမှုကို ယနေ့တွင် အမိန့်ချရန် ချိန်းဆိုထားသော်လည်း အမိန့်မချဖြစ်ဘဲ ဧပြီလ ၂၆ ရက်နေ့သို့ ထပ်မံ ရွေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ယင်အမှုကို လိုက်ပါဆောင်နေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂ ီမောင်က“မတ်လ ၃၀ ရက်နေ့ကတည်းက အမိန့်ချ မယ်ဆိုပြီး ရုံးချိန်းတာပါ။ အဲဒီနေ့ကလည်း အမိန့်မချဘဲ ဒီနေ့ (ဧပြီ ၁၂) ကို ထပ်ချိန်းပါတယ်။ ဒီနေ့လည်း အမိန့်မချ ဖြစ် ဘူး။ နောက်ထပ် ဧပြီ ၂၆ ရက်နေ့ကို တခါထပ်ချိန်းလိုက်ပါတယ်။ အခု တကြိမ်ဆိုရင် ရုံးချိန်းတာ ၃ ကြိမ် ရှိပါပြီ”ဟု ဧရာ ဝတီသို့ ပြောသည်။

တောင်ကုတ်မြို့ခံ ဦးဇေယျကျော်အပါအဝင် ၄ ဦး အမှုမှာ နှစ်ဘက်သက်သေများ အားလုံး စစ်ဆေးမှု ပြီးစီးသွားသည်မှာ ကြာပြီ ဖြစ်သော်လည်း စစ်ကောင်စီက အာဏာသိမ်းယူထားချိန် လက်ရှိ ရခိုင် နိုင်ငံရေး အခြေအနေများနှင့် ဆက်စပ်ပြီး အမိန့်ချမှတ်ရန် ကြာမြင့်နေခြင်းဟု သုံးသပ်မှုများ ရှိသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂ ီမောင်က“ကျမတို့ ဖြစ်စေချင်တာက ဥပဒေနဲ့ ညီတဲ့ အမိန့်ကို ချိန်းဆိုထားတဲ့ ရုံးချိန်းမှာပဲ အမိန့်ချစေချင်တာပေါ့။ ဒါပေမယ့် အခုခေတ်အခြေအနေအရ ဥပဒေအရ ဆိုပေမယ့်လည်း တခြား အကြောင်းအရာတွေ ရှိတဲ့အခါ ကျမတို့ကလည်း အဲဒါနဲ့ ပတ်သက်ပြီးတော့ သဘောထား မှတ်ချက် မပေးချင်ပါဘူး”ဟု ပြောသည်။

စွပ်စွဲခံထားရသူ ဦးဇေယျကျော် အပါအဝင် တောင်ကုတ်မြို့ခံ ၄ ဦးကလည်း မတ်လ ၃၀ ရက်နေ့ ရုံးချိန်း ကတည်းကပင် သတ်မှတ်ထားသည့် ရုံးချိန်းအတွင်း ဥပဒေနှင့်အညီ မြန်မြန်ဆန်ဆန် အမိန့်ချပေးရန် တရားရုံး၌ တောင်းဆိုထားကြောင်း လည်း သိရသည်။

ထိုသို့ အမိန့်ချမည့် ရုံးချိန်းတွင် အမိန့်မချဘဲ တရားရုံးက ရွေးဆိုင်းလိုက်ခြင်း အပေါ် တရားစွဲခံ ဦးဇေယျကျော်၏ ဇနီး ဒေါ်ဟန်စုလှိုင်က သီးခြား မှတ်ချက် မပေးချင်တော့ကြောင်း ပြောသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်ခံရသူ ၄ ဦးမှာ တောင်ကုန် မြို့နယ်စည်ပင်ကော်မတီ ဥက္ကဌ ဦးဇေယျ ကျော်၊ တောင်ကုန် မြို့နယ် စည်ပင် ကော်မတီ ဥက္ကဌ (ဟောင်း) ဦးစန်းငွေ၊ ရခိုင်အမျိုးသားပါတီမှ တောင်ကုတ်မြို့နယ် အ လုပ်အမှုဆောင် ဦးဝေသောင်းနှင့် ဦးဇေယျကျော်၏ ညီ မိုက်ကယ်(ခ) စည်သူကျော်ဇံ တို့ ဖြစ်တို့ ဖြစ်သည်။

၎င်းတို့ ၄ ဦးစလုံးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တောင် ကုတ်မြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့သည်။

ဦးဇေယျကျော် အပါအဝင် တောင်ကုတ်မြို့ခံ ၄ ဦးကို ပြီးခဲ့သော ၂၀၂၀ ခုနှစ်၊ မေလအတွင်းက စစ်ဆေးစရာများ ရှိသည်ဟု ဆိုကာ နေအိမ်မှ ရဲတပ်ဖွဲ့က ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ ၄ ဦးသည် ရက္ခိုင့်စစ်တပ် (AA)နှင့် တစုံတရာ ပတ်သက် ဆက်နွယ်မှု ရှိသည်ဆိုသည့် စွပ်စွဲချက်များဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ခံခဲ့ရသည်။

You may also like these stories:

ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ကို လျှော့မတွက်နဲ့

စစ်ကောင်စီ ငွေရှာတဲ့ ကျောက်မျက်လုပ်ငန်းကို အမေရိကန်ပိတ်ဆို့အရေးယူ

သတင်း အမှောင်ချလိုသဖြင့် PSI စက်များကို စစ်ကောင်စီ လိုက်သိမ်းနေ

Loading