နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် Video Conferen- cing စနစ်ဖြင့် ရုံးထုတ်ခဲ့ပြီး ယခင်အမှုများအပြင် ယနေ့တွင် သဘာ၀ဘေး စီမံခန့်ခွဲမှု အက်ဥပဒေ ပုဒ်မ ၂၅ ဖြင့် ထပ်တိုး တရားစွဲခဲ့ကြောင်း သတင်းရရှိသည်။
ယခုအမှုမှာ ၂၀၂၀ ခုနှစ်၊ သြဂုတ်လအတွင်းက ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင် ရပ်ကွက်အတွင်းရှိ NLD ပါတီဝင် အိမ်များသို့ သွားရောက်စဉ် လူစုလူဝေးဖြစ်ပေါ်စေခဲ့သဖြင့် ကိုဗစ်ကာလ စည်းမျဉ်း စည်းကမ်းများကို ဖောက်ဖျက်သည်ဟုဆိုကာ ယခုလို ထပ်တိုး အရေးယူလိုက်ခြင်း ဖြစ်သည်။
“ဒီနေ့အမှုတခု ထပ်တိုးတယ်။ ရန်ကုန်က အမှုတခု အပါဆိုရင် ၆ မှု ဖြစ်သွားပြီ”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဒေါ် မင်းမင်းစိုးက သတင်းထောက်များကို ပြောသည်။
ယခင်က ဒေါ်အောင်ဆန်းစုကြည်သည် သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၂၅၊ ပို့ကုန် သွင်းကုန် ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ နှင့် နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) စသည့် စုစုပေါင်း ၄ မှုဖြင့် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရသည်။
ယခင် သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် အရေးယူခံရခြင်းမှာ ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလတွင် ၎င်းကို ထောက်ခံသူများ၏ ကားတန်းကို နေအိမ်ရှေ့မှ ထွက်၍ လက်ပြနုတ်ဆက်မိသဖြင့် အရေးယူခံရခြင်း ဖြစ်သည်။
ထို့ပြင် ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးတွင်လည်း နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေ ပုဒ်မ (၃) ဖြင့် ယခု ဧပြီလ အတွင်း ထပ်မံ တရားစွဲဆိုခဲ့သေးသည်။ စစ်ကောင်စီက ယင်းပုဒ်မ တပ်ရသည့် အကြောင်းအရင်းကို ရှေ့နေများပင် မသိရသေးပါ။
ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ အချိန်အထိ ကျန်းမာရေး ကောင်းမွန်ပြီး နေပြည်တော်ရှိ ယခင် နေထိုင်သည့် အိမ် တွင် ရှိကြောင်း NLD ပါတီ အသိုင်းအဝိုင်းမှ သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပုဒ်မ အမျိုးမျိုးတပ်ကာ အာဏာသိမ်း စစ်ကောင်စီ၏ အရေးယူမှုကို ခံနေရသည့် ဒေါ် အောင်ဆန်းစုကြည်အမှုအတွက် ရှေ့နေပါဝါ ရရှိရန်ပင် မလွယ်ကူခဲ့ဘဲ အာဏာပိုင်များက အစပိုင်းတွင် အကြောင်းအမျိုးမျိုး ပြ၍ ငြင်းဆန်နေခဲ့သည်။
နောက်ဆုံးတွင် ရှေ့နေများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် မတ်လ ၂၅ ရက်နေ့ ရောက်မှသာ လူငယ် ရှေ့နေ ၂ ဦး ဖြစ်သည့် ဒေါ်မင်းမင်းစိုးနှင့် ဦးယုယချစ်တို့သာ ရှေ့နေပါဝါ ရရှိခဲ့သည်။ ယင်းနောက်ပိုင်းတွင် ထပ်မံကြိုးစားရာ ယနေ့ ဧပြီလ ၁၂ ရက် နေ့ ရောက်မှသာ ရှေ့နေ ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်း၊ ဒေါ်စန်းမာလာညွန့်နှင့် ဦးသဲမောင်မောင်တို့ ရှေ့နေပါဝါ ထပ်မံ ရရှိခဲ့သည်။
ယနေ့ ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်ကို Video Conferencing စနစ်ဖြင့် ရုံးထုတ်သည့် နည်းတူ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့လည်း အတူ ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ယခင်ရုံးချိန်းများက ၎င်းတို့ ၃ ဦးကို တဦးချင်း သီးခြားရုံးထုတ်ခဲ့သော်လည်း ရာဇဝတ်အမှုအမှတ် ၃၅ ဖြင့် စွဲထားသည့် ပုဒ်မ ၅၀၅ (ခ)မှာ ၃ ဦးစလုံး အမှုတွဲဖြစ်သောကြောင့် ယနေ့တွင် ၃ ဦးစလုံးကို တပြိုင်နက်ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။
“ကျန်းမာရေးကတော့ ၃ ယောက်လုံး ကောင်းပါတယ်။ ဒီ Conferencing မှာပဲ ဦးဝင်းမြင့်နဲ့ အမေစုနဲ့ ဒေါက်တာ မျိုးအောင် တို့ အချင်းချင်း ဒီနေ့ ရုံးချိန်းမှာ နှုတ်ဆက်လို့ရကြတယ်။ ဒီနေ့ရုံးချိန်းမှာ တချိန်တည်း တပြိုင်တည်း လုပ်တာဆိုတော့လေ။ ကျန်းမာကြောင်း နှုတ်ဆက်ကြပါတယ်။ အကုန်လုံး ကျန်းမာကြပါတယ်”ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။
ယနေ့ ရုံးချိန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့က ၎င်းတို့၏ ရှေ့နေများနှင့် လူချင်းတွေ့ ခွင့်ရရန် ထပ်မံတောင်းဆိုခဲ့ပြီး ရှေ့နေများဘက်ကလည်း ထိုသို့တွေ့ဆုံခွင့်ရရန် တရားရုံးသို့ ထပ် မံ တောင်းဆိုခဲ့သည်။
ထို့ကြောင့် တရားရုံးက ရဲတပ်ဖွဲ့အား ခေါ်ယူမေးမြန်းရာ ရဲအရာရှိက အဖွဲ့အစည်း တာဝန်ရှိသူ အဆင့်ဆင့်ထံသို့ တင်ပြထား ကြောင်း ရုံးတော်သို့ ပြန်လည် ပြောဆိုခဲ့သည်ဟု သိရသည်။
လာမည့်ရုံးချိန်းကို ဧပြီလ ၂၆ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ထိုရုံးချိန်းတွင် အမှုများနှင့်ပတ်သက်၍ မှုခင်း စီမံခန့်ခွဲမှု အစီ အစဉ် (Case Management Progam) ပြုလုပ်သွားနိုင်ဖွယ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။
You may also like these stories:
စစ်တပ်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများကို EU အရေးယူမည်
မင်းဘူး ရေနံဓာတ်ငွေ့ရည်စက်ရုံမှ CDM ဝန်ထမ်းများကို အလုပ်ပြန်ဆင်းခိုင်းနေ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းရန် ဦးကျော်မိုးထွန်း တိုက်တွန်း