ရန်ကုန်မြို့ တာမွေမြို့နယ် သီတာလမ်းမှတ်တိုင်အနီးရှိ ဗိစ္စမိလ္လာဟ် ဗလီတွင် ယနေ့နံနက်က မော်ဇင်တဦး လက်ပြန်ကြိုး တုတ်လျှက် ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့သဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြား စစ်ဆေးရာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဟု မှတ်ချက်ပေးကြောင်း ဗလီဂေါပက အတွင်းရေးမှူး ဦးအောင်ထွန်းက ပြောသည်။
“ရဲပြောတာက မသေခင်ကတည်းက တုပ်ပြီးတော့မှ နောက် သူ လျှာထွက်နေတယ်။ ဒေါက်ဖိနပ်လည်း စီးထားတယ် ဘရာဇီယာတို့ ဘာတို့ ဝတ်ထားတယ်။ သူ့ဘာသာ ဆွဲကြိုးချသေတာ သေချာတယ်။ အပြင်က လူကလည်း ဝင်ဖို့ အကြောင်းလည်း မရှိဘူး။ တံခါးတွေကလည်း လက်ရာခြေရာ မပျက်ဘူး ဗလီမှာလည်း လက်ရာခြေရာ မပျက်ဘူး” ဟု ၎င်းက ပြောသည်။
သေဆုံးချိန်ကို CCTV က မှတ်တမ်းများ မတင်ထားခြင်း မရှိဘဲ၊ ခန္ဓာကိုယ်အနှံ့ ကြိုးများ တုပ်နှောင်ချည်ထား ရုံမက လက်နောက်ပြန်ကြိုးတုပ် ချည်ထားသည့် အနေအထားဖြင့် သေဆုံးနေသူတဦးကို ရဲက မိမိကိုယ်ကိုယ် သတ်သေသည်ဟု အလွယ်တကူ ကောက်ချက်ဆွဲခြင်းနှင့် ပတ်သက်၍ ဝေဖန်မှုများလည်း ရှိနေသည်။
အစ္စလာမ်ဘာသာဝင်တဦးဖြစ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးထွန်းကြည်က “ကိုယ့်ကိုယ်ကိုယ် သတ် သေတာ ဘာကြောင့် လက်ခံလို့ မရလဲဆိုရင် လက်နောက်ပြန်ကြိုးက ကိုယ့်ကိုယ်ကိုယ်တုပ်လို့ မရဘူးလေ။ ဒီ ၁ ချက် တည်းနဲ့တင် သူ့ကိုယ်သူ သတ်သေတယ် ဆိုတာ အကျုံးမဝင်ဘူး။ သတ်ပြီးတော့မှ လုပ်တာ သည် ငြင်းလို့ မရတဲ့ ကိစ္စ ဖြစ်တယ်။ သက်ဆိုင်ရာ အာဏာပိုင်အနေနဲ့ ဗလီဂေါပကကို ဖိအားပေးနိုင်တာလည်း ဖြစ် ကောင်း ဖြစ်နိုင်တယ်” ဟု ပြောသည်။
အသက် ၂၈ နှစ်ရှိ အဆိုပါ အမျိုးသားသည် ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ နံနက် ၄ နာရီခွဲခန့်တွင် လက်ပြန်ကြိုးတုပ်ကာ ကြိုးဆွဲချလျက် သေဆုံးနေခြင်းကို တွေ့ခဲ့ရခြင်းဖြစ်ပြီး၊ သေဆုံးနေသည့် ပုံစံအရ စိတ်ဖောက်ပြန်၍ ကိုယ့်ကိုယ်ကို သေကြောင်းကြံ စည်မှု ဖြစ်ကြောင်း ဗလီတာဝန်ရှိသူများက ထုတ်ပြန် ကြေညာထား သည်။
“အသတ်ခံရတာတောင်မှ လူ့ဂုဏ်သိက္ခာ မဲ့စွာဖြင့် သူအသတ်ခံရတယ်။ နောက် ဘာထပ်စော်ကား ခံရလဲ ဆိုရင် သူက စိတ်ဖောက်ပြန်ပြီးတော့ သူ့ကိုယ်သူ သတ်သေသွားပါတယ်ဆိုတာ လူ့ဂုဏ်သိက္ခာလည်း ချိုးဖောက်ခံရ သေးတယ်၊ အစော်ကားလည်း ခံရသေးတယ်” ဟု ဦးထွန်းကြည်က ဆိုသည်။
သေဆုံးသူသည် ဗလီတွင် ဝေယျာဝေစ္စ တာဝန်ယူရသူဖြစ်သလို ဘုရားဝတ်ပြုသူများအတွက်လည်း နှိုးဆော်ပေးရသည့် သူဖြစ်ကြောင်း သိရသည်.
You may also like these stories:
ကလေးမြို့ တာဟန်းသပိတ်ခံတပ် စစ်တပ်ပစ်ခတ် ၅ဦးထက်မနည်းသေဆုံး
စစ်အာဏာသိမ်းခြင်းက နေ့သစ်ဆီ လမ်းဖွင့်ပေးခဲ့သည်