ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း စစ်တပ်က တိုက်လေယာဉ် နှစ်စီးဖြင့် ယနေ့ညနေ ၄ နာရီခွဲခန့်မှစ၍ လာရောက် ပစ်ခတ်တိုက်ခိုက်နေသဖြင့် ကုန်းလောကျေးရွာအုပ်စု၊ မြို့ဟောင်းနှင့် မြို့သစ် ကျေးရွာတို့မှ ဒေသခံများမှာ ဗုံးခိုကျင်း များတွင် ပုန်းအောင်းနေကြရသည်ဟု သတင်းရရှိသည်။
မြို့သစ်ကျေးရွာမှ ဒေသခံတဦးက “အခုပဲ နှစ်စင်းနဲ့ လာပစ်နေတာ။ Microwave Tower တိုင် ရှိတဲ့နားကို လာပစ်နေတာ။ ဟိုးတရက်က KIA တွေဝင်စီးသွားတဲ့ နေရာပဲ။ သူတို့က ညနေဆို လုပ်ပြီ။ ညကို ကောင်းကောင်းတောင် မအိပ်ရဘူး။ ရွာဘက်တွေထဲ ပစ်မထည့်ပါစေနဲ့”ဟု ပြောသည်။
ဧရာဝတီမှ ဆက်သွယ်မေးမြန်းသည့် ဒေသခံများမှာ ဗုံးခိုကျင်းအတွင်း ပုန်းအောင်းနေပြီး ၎င်းတို့ အခြေအနေကို ပြောပြ နေကြခြင်း ဖြစ်သည်။
စီဟိုက်ကျေးရွာမှ ဒေသခံ တဦးကလည်း “အခုပဲ ဝင်တိုက်နေတာ။ လေယာဉ်နဲ့ ဗုံးကြဲနေတာ ၄ ကြိမ်ရှိပြီ။ အသေ အပျောက်တော့ ကျနော်တို့လည်း ဗုံးခိုကျင်းထဲမှာမို့လို့ မသိရသေးဘူး။ အဲ့ဒီ့ဘက်မှာက ၃၈၇ နဲ့ ၃၂၀ တပ်တွေ ရှိတယ်။ အခုပဲ ၁၂ လုံး ကြဲသွားပြီ။ စီဟိုက်ဘုန်းကြီးကျောင်းနားမှာ တလုံးကျထားတယ်”ဟု ပြောသည်။
မိုးမောက်မြို့နယ်တွင်း ဧပြီ ၁၁ ရက်၊ ညပိုင်းမှစ၍ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် စစ်တပ်ကြား တိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
ဧပြီ ၁၁ ရက်၊ ည ၁၁ နာရီဝန်းကျင်က ကုန်းလောကျေးရွာအုပ်စု၊ မြို့ဟောင်းနှင့် မြို့သစ် ကျေးရွာတို့ အနီးရှိ တာပိန် ရဲကင်းစခန်းနှင့် စစ်တပ်၏ တပ်စခန်းတခုကို KIA က ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ရာမှာ တိုက်ပွဲများ ယနေ့ထိ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။
ဧပြီ ၁၁ ရက်က စစ်တပ်၏ စခန်းများ စီးနင်းတိုက်ခိုက်ခံရခြင်းကြောင့် စစ်တပ်က တိုက်ခိုက်ခံနေရသည့် ၎င်း၏ တပ်စခန်းများ နေရာကို လက်နက်ကြီးဖြင့် လှမ်းပစ်ခတ်ခဲ့ရာ စီဟိုက်၊ မြို့ဟောင်းနှင့် မြို့သစ်ကျေးရွာများ အတွင်းသို့ ကျည်များကျပေါက်ပြီး အရပ်သား ၃ဦး သေဆုံးထားသည်။
ထို့ပြင် မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်း မတ် ၂၅ ရက်က KIA တိုက်ခိုက်သိမ်းယူထားသည့် အလော့ဘုမ် ဗျူဟာကုန်းကိုလည်း ပြန်ရနိုင်ရေးအတွက် စစ်တပ်က တိုက်လေယာဉ်များဖြင့် တိုက်ခိုက်လျက်ရှိသည်။
You may also like these stories:
မိုးမောက်တွင် KIA နှင့် စစ်တပ် တိုက်ပွဲပြင်းထန်၊ အရပ်သား ၃ ဦး သေဆုံး
လားရှိုးက နောင်မွန်ရဲကင်း တိုက်ခိုက်ခံရ၊ ရဲ ၁၄ ဦး သေဆုံး
အင်အားကြီး တိုင်းရင်းသားတပ်များကို စစ်ကောင်စီ လိုက်စည်းရုံးနေ