သတင်း

မန္တလေးဗလီဝင်းအတွင်း ပစ်ခတ်မှု ၁ ဦးသေ၊ ၄ဦးဒဏ်ရာရ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ အမြောက်တန်း ဆူးလေဗလီဝင်းအတွင်းသို့ ယနေ့နနံက်က စစ်ကောင်စီ၏ လက်နက်ကိုင်များက ဝင်ရောက်ပစ်ခတ်ရာ ၁ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရရှိရာ မသန်စွမ်းတဦးလည်း ပါဝင်ကြောင်း သိရသည်။

ယခုကာလသည် ဗုဒ္ဓဘာသာဝင်များ၏ အခါကြီးရက်ကြီး သင်္ကြန်ကာလဖြစ်သလို အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်ကာလဖြစ်သည့်အချိန်တွင် အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ အဆိုပါ ရပ်ကွက်အတွင်းသို့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

မျက်မြင်တွေ့ရှိသူ တဦးက “စစ်သား ၅ ယောက်ဝင်ပစ်တာ သေနတ်ကို ဟိုပစ်လိုက်ဒီပစ်လိုက် ပစ်လိုက်တဲ့အချိန် အဲဒီကောင်လေးက အထွက်နဲ့ တွေ့သွားတဲ့အချိန်မှာ ရင်ဝကို မှန်ပြီးတော့ အိမ်ရှေ့မှာ မှောက်ကျသွားတယ်။ ချက်ချင်း အဲဒီနားတင် ပွဲချင်းပြီးပဲ ဆုံးသွားတယ်” ဟု ပြောသည်။

ပစ်ခတ်မှုတွင် အသက် ၂၀ ဝန်းကျင်ရှိ ကိုကိုထက်သည် ရင်ဝကျည်ထိမှန် သေဆုံးခဲ့ပြီး ၎င်း၏ ယောက်ဖဖြစ်သူ မသန်စွမ်း ကိုမင်းမင်းလတ်ဆိုသူကိုလည်း စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့ရာ လက်ကို ကျည်ထုတ်ချင်းပေါက်ခဲ့ကြောင်း သိရသည်။

“သူ့ရဲ့ ယောက်ဖက မသန်စွမ်းလေး မင်းမင်းလတ်တဲ့ အဲဒီကောင်လေးက လက်ကို ထုတ်ချင်းပေါက်သွားတာ။ သူကမွေးကတည်းက ပိုလီယိုပုံစံမျိုး လက်ကောက်ကလေးနဲ့ စကားလည်းမပြောတတ်ဘူး”ဟု မျက်မြင်တွေ့ရှိသူက ဆိုသည်။

ယနေ့ မနက်ပိုင်း ရတနာပုံဈေးရှေ့တွင် ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် ဈေးအနီး ကပ်လျက်ဗလီဝင်း တခုသို့ ဝင်ရောက်ကာ CCTV များ ရိုက်ခွဲခြင်း၊ ၅ ဦးကို ဖမ်းဆီးခြင်း ပြုလုပ်ပြီးသည့်အပြင် ဆူးလေဗလီသို့ ကားများဖြင့် ရောက်ရှိလာကာ ဝင်းအတွင်းသို့ စစ်သား ၅ ယောက်ဝင်ရောက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆူးလေဗလီဝင်းအတွင်း ပစ်ခတ်မှုတွင် အပြင်းအထန် ဒဏ်ရာ ရထားသူ ၂ ဦးရှိပြီး အမျိုးသား ၅ ဦးဖမ်းဆီးခံရကြောင်း သိရသည်။

မန္တလေးမြို့ရှိ ပြည်သူလူထုသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်နေခြင်းဖြစ်ပြီး ထွက်ရှိသည့် သပိတ်စစ်ကြောင်းများကိုလည်း စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့များက အကြမ်းဖက် ဖြိုခွင်းများ ပြုလုပ်လျက်ရှိသည်။

You may also like these stories:

လက်ပြန်ကြိုးတုပ် သေဆုံးနေသည့် ဗလီမော်ဇင် ကိုယ့်ကိုယ်ကိုယ်သတ်သေ ဟု ရဲ မှတ်ချက်ပေး

လူမျိုးတုန်းသတ်နေတယ် လို့ ခံစားရတယ်

တမူးတွင် တပ်က ပြည်သူတဦးကို ပစ်သတ်ရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်

Loading