ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) က အမျိုးသား ညီညွှတ်ရေး အစိုးရတရပ်ကို ယနေ့ နေ့စွဲဖြင့် ဖွဲ့စည်းလိုက်ကြောင်း ကြေညာလိုက်ပြီး ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စားလှယ်များအပြင် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များနှင့် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲ ခေါင်းဆောင်များ ပါဝင်ကြသည်။
ဖက်ဒရယ်နှင့် ဒီမိုကရေစီအရေးကို တပြိုင်နက်တည်း ဆောင်ရွက်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသာမက အာဏာသိမ်း စစ်ကောင်စီနှင့် မပူးပေါင်းသည့် နိုင်ငံရေးပါတီများကို ဖိတ်ခေါ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် “ပြည်သူလူထုက အပ်နှင်းလိုက်သည့် လုပ်ပိုင်ခွင့်အာဏာကို ကျင့်သုံး” ကာ ယခုလို အမျိုးသားညီညွတ်ရေး အစိုးရ ပေါ်ပေါက်လာရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ယနေ့ အွန်လိုင်းမှတဆင့် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
“လက်ရှိကြားကာလ ဖွဲ့စည်းလိုက်တဲ့ အစိုးရဟာ အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲကိုလည်း တပြိုင်နက် တည်း ဝင်မယ်၊ တဖက်ကလည်းပဲ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေတခု ပေါ်ပေါက်လာဖို့ အဓိက ဒီတာဝန် ၂ ရပ်ကို ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
“ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ပေါ်ပေါက်လာဖို့ အတွက်နဲ့ အမျိုးညီညွတ်ရေး အစိုးရ ပေါ်ပေါက်လာဖို့အတွက် ရက်ပေါင်းများစွာ မနားမနေ အကြိတ်အနယ် ညှိနှိုင်းဆွေးနွေးပြီးတော့ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်” ဟုလည်း ပြောသည်။
အမျိုးသား ညီညွတ်ရေး အစိုးရကို ၂၀၂၀ ရွေးကောက်ပွဲနိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များနှင့် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲ ခေါင်းဆောင်များအပြင် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ တအာင်း၊ မွန်နှင့် ကယန်း တိုင်းရင်းသားများ ပါဝင်ဖွဲ့စည်းထားကြောင်း တွေ့ရသည်။
အမျိုးသား ညီညွတ်ရေး အစိုးရ၏ သမ္မတအဖြစ် ဦးဝင်းမြင့်က ဆက်လက် တာဝန်ယူမည်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးဖြင့်ပင် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတအဖြစ် ကချင် တိုင်းရင်းသားခေါင်းဆောင်တဦး ဖြစ်သူ ဒူဝါလ ရှီးလနှင့် ပြည်ထောင်စု ဝန်ကြီးချုပ်အဖြစ် ယခင် အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းတို့ကို တာဝန်ပေးအပ်ထားသည်။
ဒုတိယ သမ္မတအဖြစ် တာဝန်ယူထားသူ ဒူဝါလရှီးလသည် ဥပဒေပညာရှင်တဦးဖြစ်ပြီး ကချင် အမျိုးသား အတိုင်ပင်ခံ အဖွဲ့တွင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသူတဦး ဖြစ်သည်။
ကချင် အမျိုးသား အတိုင်ပင်ခံအဖွဲ့သည် ၂၀၀၂ ခုနှစ်ကတည်းက ဖွဲ့စည်းထားသည့် အဖွဲ့တခု ဖြစ်ပြီး ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အရပ်ဘက် လူမှုအဖွဲ့များ ၊ လူထုခေါင်းဆောင်များစသည့် ကချင်အသိုင်းအဝိုင်းအတွင်းမှ ကဏ္ဍ အသီးသီး၏ ဦးဆောင်သူ အားလုံး ပါဝင်သည့် အဖွဲ့ တခု ဖြစ်သည်။
နိုင်ငံခြားရေး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး၊ ကာကွယ်ရေး၊ ဖက်ဒရယ် ပြည်ထောင်စုရေးရာ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ၊ ပညာရေး၊ ကျန်းမာရေး၊ သယံဇာနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနစသည့် ဝန်ကြီးဌာန ၁၁ ခုဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ယခု အမျိုးသား ညီညွတ်ရေးအစိုးရတွင် ပါဝင်သော ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ မန်းဝင်းခိုင်သန်း၊ ဒေါ်ဇင်မာ အောင်၊ ဦးလွင်ကိုလတ်၊ ဦးရည်မွန်၊ ဦးတင်ထွန်းနိုင်၊ ဒေါက်တာ ဝင်းမြတ်အေး၊ နော်ဆူဇန်နာလှလှစိုးနှင့် ဒေါက်တာ ရွှေပုံတို့သည် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည်။
၎င်းတို့ထဲတွင် ကာကွယ်ရေးဝန်ကြီး တာဝန်ယူထားသူ ဦးရည်မွန်သည် ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲ ၂ ခု စလုံးတွင် အနိုင်ရရှိခဲ့သူတဦး ဖြစ်ပြီး ၁၉၈၈ အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သဖြင့် ဆေးတက္ကသိုလ် စတုတ္ထနှစ်မှ အ ထုတ်ခံခဲ့ရသူတဦး ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများအဖြစ် မွန်ပြည်သစ်ပါတီမှ အကြံပေး နိုင်ကောင်းရွတ်နှင့် နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဒေါ်ခင်မမမျိုးတို့က တာဝန်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
ကာကွယ်ရေး ဒုဝန်ကြီးအဖြစ် ပါဝင်သည့် မွန်တိုင်းရင်းသား နဲာကော်ရတ် (နိုင်ကောင်းရွတ်) ဆိုသူမှာ မွန်ပြည်သစ်ပါတီမှ ဗိုလ်မှူးဟောင်းတဦး ဖြစ်ပြီး ဝါရင့်နိုင်ငံရေးသမားတဦး ဖြစ်ကြောင်း၊ မွန်ပြည်သစ်ပါတီမှ ၂၀o၈ ခုနှစ် အနားယူခဲ့ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ နယ်စပ်တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ တူးခေါင်သည်လည်း ကချင်နိုင်ငံရေးထဲတွင် မျက်ခြေမပြတ် ပါဝင်နေသူတဦး ဖြစ်ပြီး ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်သည့် ဒေါ်ဂျာ ထွယ်ပန်သည်လည်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပညာရေးဌာန ဦးဆောင်သူတဦး ဖြစ်သည်။
ဒေါ်ဂျာထွယ်ပန်သည် မနုဿဗေဒ ပညာရှင်တဦးလည်း ဖြစ်ကာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)နှင့် ကချင်လူထု အပေါ်တွင် သြဇာညောင်းသည့် သိက္ခာတော်ရ ဆရာတော်ကြီး မရန်ဂျာဂွန်း၏ သမီးလည်း ဖြစ်သည်။
၎င်းသည် အစိုးရ၏ ပညာရေးစနစ်ကို လက်လှမ်းမမီသည့် ကချင်လူငယ်များအတွက် KIA ၏ ပညာရေးဌာနမှ ဖွင့်လှစ်ပေး ထားသည့် ပညာရေးကောလိပ်များ၊ တက္ကသိုလ်များတွင် ဦးဆောင်သည့် အခန်းကဏ္ဍမှနေ၍ ကချင်လူငယ်များ နိုင်ငံ တကာပညာရေးကို လက်လှမ်းမီနိုင်ရန်အတွက် ဆောင်ရွက်ပေးနေသူတဦး ဖြစ်သည်။
အမျိုးသား ညီညွတ်ရေး အစိုးရတွင် ဖက်ဒရယ် ပြည်ထောင်စုရေးရာ ဝန်ကြီးအဖြစ် ချင်းအမျိုးသား တပ်ဦး (CNF) မှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်နှင့် ဒုတိယဝန်ကြီးအဖြစ် တအာင်း (ပလောင်) အမျိုးသားပါတီမှ ဦးမိုင်းဝင်းထူး က တာဝန်ယူမည်ဖြစ်သည်။
ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်သည် မြန်မာပြည်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သူတဦး ဖြစ်ရုံသာမက ဖက်ဒရယ်အယူအဆရေးရာ စာအုပ်စာတမ်းများစွာ ရေးသားခဲ့သူတဦးလည်း ဖြစ်သည်။
ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ခူထဲဘူးက ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် တာဝန်ယူမည် ဖြစ်ကြောင်း သိရသည်။
ကယန်းအမျိုးသားပါတီမှ ဥက္ကဋ္ဌ ခွန်ဘီထူးက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် တာဝန်ယူမည်ဖြစ်သည်။ ခွန်ဘီထူးသည် ကယန်း အမျိုးသား ပါတီ ဥက္ကဌ ဖြစ်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ်ခေါင်းဆောင်တဦးလည်း ဖြစ်သည်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ စာရွက်များ ဖြန့်ဝေသည်ဟု ဆိုကာ အဖမ်းခံရပြီး ထောင်ထဲတွင် ၇ နှစ်ခန့် နေခဲ့ရသည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သူတဦး ဖြစ်သည်။
ကရင် အမျိုးသမီးအစည်းအရုံးမှ နော်ထူးဖောက လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင် စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များတွင် တက်တက်ကြွကြွ ပါဝင် လှုပ်ရှားခဲ့သည့် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ဒေါ်အိသဉ္ဇာမောင်က အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ယူမည်ဟု သိရသည်။
ဒုတိယ ဝန်ကြီး ဒေါ်အိသဉ္ဇာမောင်သည် ရှမ်းနီတိုင်းရင်းသားတဦး ဖြစ်ပြီး ဗကသ ကျောင်းသူဟောင်းတဦးလည်း ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရရှိခဲ့ပေ။ ယခုနွေဦးတော်လှန်ရေး လှုပ်ရှားမှုများထဲတွင် အစောဆုံး လမ်းမပေါ်သို့ ရောက်ရှိသော တက်ကြွလှုပ်ရှားသူများအနက် တဦး အပါအဝင်လည်း ဖြစ်သည်။
အမျိုးသားညီညွတ်ရေး အစိုးရထဲတွင် ရှမ်းနှင့် ရခိုင် တိုင်းရင်းသားကိုယ်စားလှယ်များကို မတွေ့ရသေးပေ။
သို့သော် လူအများ လေးစားသော ဝါရင့် အတိုက်အခံ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမင်းကိုနိုင်ကလည်း ၁၀ မိနစ်ကြာ ဗီဒီယိုမိန့်ခွန်းတွင် အစိုးရကို တိုးချဲ့ဖွဲ့စည်းရန် ရှိကြောင်း ပြောသည်။
ဦးမင်းကိုနိုင်က သူသည် မကြာမီ ထုတ်ပြန်ကြေညာဖွယ် ရှိသည့် အမျိုးသား ညီညွှတ်ရေး အတိုင်ပင်ခံ ကောင်စီ National Unity Consultative Council (NUCC) ကို ကိုယ်စားပြုပြောကြောင်းလည်း ဆိုသွားသည်။
မကြာသေးမီက ဧရာဝတီနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ဦးရည်မွန်က မတ်လ ၃၁ ရက်နေ့က “ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်” ကို အနည်းဆုံး အစုအဖွဲ့ ၄ ခုလောက် တိုင်ပင်ဆွေးနွေး သဘောတူ ဆုံးဖြတ်ခဲ့ကြောင်းနှင့် NUCC ကို မကြာမီ ဖွဲ့စည်းမည်ဟု ပြောဆိုသည်။
“ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ ပါပါတယ်။ နိုင်ငံရေးပါတီ အစုအဖွဲ့ ပါတယ်။ CDM/Strike ခေါင်းဆောင်တွေ၊ သပိတ် ခေါင်းဆောင်တွေ၊ အမျိုးသမီး၊ လူငယ်စတဲ့ CSO တွေ ပါတယ်။ NUCC ကလည်း ဒီ ၄ ဖွဲ့ကို မဏ္ဍိုင်ပြုပြီး ဖွဲ့ စည်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ NUG ဟာ NUCC နဲ့ ညှိနှိုင်းပြီး Charter မှာပါတဲ့ နိုင်ငံရေး လမ်းပြမြေပုံကို အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်”
You may also like these stories:
ဒီပွဲနိုင်ရင် ဖက်ဒရယ် ဒီမိုကရေစီ ဖြစ်ပြီ
ဒေါ်အောင်ဆန်းစုကြည်လည်း အခုချိန်မှာ နားလည်လောက်ပြီ
စစ်ကောင်စီကို ဘယ်အဖွဲ့တွေ တိုက်ပြီး ဘယ်အဖွဲ့တွေ မတိုက်ဘူးလဲ
စစ်ကောင်စီနဲ့ အလံမလှဲတဲ့ ပြည်သူ