ပြည်သူလူထုကို ကာကွယ်နိုင်ရန်အတွက် ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို ဖက်ဒရယ်တပ်မတော်၏ ရှေ့ပြေးအဖြစ် အမြန် ဖွဲ့စည်းမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်သည်။
နိုင်ငံကို ကာကွယ်ရန် ထူထောင်ထားသည့် စစ်တပ်က ပြည်သူကို ပြန်ပြီး ရက်ရက်စက်စက် သတ်ဖြတ်နေသည့်အချိန်တွင် နိုင်ငံကို အမှန်တကယ် ကာကွယ်စောင့်ရှောက်ပေးပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ပေးမည့် တပ်မတော်တရပ် အမြန်ဆုံး လိုအပ်နေပြီ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောသည်။
ယနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းကြောင်းကို ကြေညာခဲ့ပြီးနောက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မီဒီယာများ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ဖက်ဒရယ် တပ်မတော်တရပ်ကို နေ့ချင်း၊ ညချင်းတော့ ထူထောင်လို့ မရနိုင်ပါဘူး။ အဲဒီအတွက် ကျနော်တို့ အရေးကြီးတဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေ လုပ်ရဖို့ လိုပါသေးတယ်။ ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေးအနေနဲ့ ကတော့ NUG အစိုးရ တရပ်အောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တကယ့် Professional တပ်မတော် တရပ်ဖြစ်အောင် တည်ဆောက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို ပြည်သူအား အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်တပ်နေရာတွင် အစားထိုးနိုင်မည့် တပ်မတော်တရပ် အဖြစ် ရည်ရွယ် ပြင်ဆင်ဆောင်ရွက်နေပြီး ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်၏ အစိတ် အပိုင်းတခု ဖြစ်လာနိုင်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။
ပြည်သူ့ကာကွယ်ရေး တပ်မတော်သည် အခြေခံအားဖြင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ကာကွယ်စောင့်ရှောက်ပေးရန် စသည့် နိုင်ငံရေး သဘောတရားများ ပေါ်တွင် အခြေခံ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန ၁၁ ခုဖြင့် ဖွဲ့စည်းထားပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဦးရည်မွန်က တာဝန်ယူထားပြီး ဒုတိယဝန်ကြီးများအဖြစ် မွန်ပြည်သစ်ပါတီ (NMSP) အငြိမ်းစား ဗိုလ်မှူးကြီး နိုင်ကောင်းရွက်၊ နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဒေါ်ခင်မမမျိုးတို့က တာဝန်ယူသွားမည်ဖြစ်သည်။