လာမည့် ဧပြီလ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် မြန်မာ့အရေး ဆွေးနွေးရန် ကျင်းပမည့် အရေးပေါ် အာဆီယံထိပ်သီး အစည်းအဝေးသို့ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်နိုင်ဖွယ် ရှိကြောင်း ထိုင်းသတင်းဌာန PBS က ဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းအပြီး သေကြေမှုများ မြင့်တက်လာချိန် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာ့အရေး ဆွေးနွေးရန် စတင်ဆော်ဩခဲ့ပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၏ ဒေသတွင်း လွန်းပျံ ညှိနှိုင်းမှုများကြောင့် နောက်ဆုံးတွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်း ဘုရင် ဆူလ်တန် ဟာဆင်နယ် ဘူလ်ကီးယားက အာဆီယံခေါင်းဆောင်များကို ဖိတ်ကြားရန် သဘောတူခဲ့သည်။
သို့ရာတွင် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် အစောပိုင်းတွင် ရက်ချိန်းကို မသတ်မှတ်နိုင်ဘဲ အွန်လိုင်းဆွေးနွေးပွဲသာ လုပ်ရန် အကြံပြုချက်များ ရှိခဲ့သည်။
ထိုင်း PBS သတင်းအရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အစည်းအဝေးကို ဘရူနိုင်းတွင်သာ ပြုလုပ်ရန် တောင်းဆိုခဲ့ပြီး နောက်ဆုံးတွင် ဂျကာတာသို့ လာရောက်ရန် သဘောတူခဲ့ကြောင်း သိရသည်။
ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်မှု စည်းကမ်းဖြစ်သော ကွာရန်တင်းနေထိုင်ရမှုအား ရှောင်လွှဲနိုင်ရန် အစည်းအဝေး တက်မည့် အာဆီယံခေါင်းဆောင်များနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအားလုံး ကာကွယ်ဆေး ထိုးလာကြရန် လိုမည်ဖြစ်သည်။
အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးက စတင်၍ မြန်မာ့အရေး တင်ပြပြောဆိုရမည်ဖြစ်ပြီး နောက်ပိုင်းတွင် အာဆီယံခေါင်းဆောင်များက တုံ့ပြန်ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းကဆိုသည်။
အာဆီယံခေါင်းဆောင်များအနေဖြင့် အာဏာသိမ်း စစ်ကောင်စီနှင့် ဆက်ဆံရေးလမ်းကြောင်း တိုးချဲ့လိုပြီး အကြမ်းဖက်နှိမ်နင်းမှုများ ဖြစ်နိုင်လျှင် အမြန်ဆုံး ရပ်ဆိုင်းရန်နှင့် မြန်မာပြည်သူများထံ လူသားချင်း စာနာသော အထောက်အပံ့များ တနည်းတဖုံ ရောက်ရှိစေရေး ကတိကဝတ်များကို လိုလားနေကြကြောင်း သိရသည်။
You may also like these stories:
မြန်မာ့အကျပ်အတည်း တုံ့ပြန်မှုပေါ် ASEAN အနာဂတ် မူတည်နေ
စစ်ကောင်စီဖြုတ်ချရေးနှင့် ဖယ်ဒရယ်ရေး “အမျိုးသား ညီညွတ်ရေး အစိုးရ” ရည်မှန်း
ဒါက နောက်တကြိမ် အာဏာသိမ်းမှုသက်သက် မဟုတ်ဘူး
စစ်အာဏာသိမ်းခြင်းက နေ့သစ်ဆီ လမ်းဖွင့်ပေးခဲ့သည်