ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို နိုင်ငံတကာက အသိအမှတ်ပြုပေးရန် ယင်းအစိုးရ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာက ဧပြီလ ၁၆ ရက်တွင် ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်သည်။
CRPH က အစိုးရအဖွဲ့၏ အမည်စာရင်းကို ဧပြီ ၁၆ ရက်တွင် ကြေညာလိုက်ပြီးနောက် ဒေါက်တာဆာဆာကလည်း ချက်ချင်း ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ဝန်ကြီးက “ကျနော်တို့ဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့အစိုးရများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ အသိအမှတ်ပြုမှု၊ ထောက်ခံမှုတွေကို မြန်မာပြည်သူလူထုရဲ့ တရားဝင်အစိုးရအနေနဲ့ ရှာဖွေသွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုထား သည်။
NUG အနေနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ (NUCC) အဖွဲ့ဝင်များစာရင်းကို ဆက်လက်ကြေညာသွားရန် အစီအစဉ်ရှိပြီး အဆိုပါကော်မတီသည် NUG က အကောင်အထည်ဖော်မည့် စီမံကိန်းများနှင့် မူဝါဒများရေးဆွဲရာတွင် အဓိက အခန်းကဏ္ဍက ပါဝင်မည့် အရေးပါသော ကော်မတီလည်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် NUG ကို အသိအမှတ်မပြုဘဲနေပါက မြန်မာနိုင်ငံတွင် ပိုမိုပြင်းထန်သည့် ပြည်တွင်းစစ်တရပ် မျက်မြင်တွေ့လာရဖွယ်ရှိနေကြောင်း ဒေါက်တာဆာဆာက BBC World Service နှင့် အင်တာဗျူးတွင် ထောက်ပြပြောဆိုထားသည်။
လက်ရှိတွင် NUG အပေါ် ကမ္ဘာနိုင်ငံများ၏ တရားဝင် အသိအမှတ်ပြုထောက်ခံကြောင်း ကြေညာချက် တစုံတရာ ထွက်ပေါ်လာသည်ကို မတွေ့ရသေးပေ။
လူ့အခွင့် အရေးလှုပ်ရှားသူတဦးဖြစ်သည့် ညီမျှခြင်း (Equality Myanmar) ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “NUG အပေါ်အသိအမှတ်ပြုမှုကို ဘယ်နိုင်ငံအစိုးရက ထောက်ခံပါတယ်ဆိုတဲ့ ကြေညာချက်ထုတ်တာမျိုးထက် ဘယ်နိုင်ငံအစိုးရက ဆက်ဆံလုပ်ဆောင်သလဲဆိုတာ ပိုကြည့်ရမယ်” ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာလူထု၏ ဆန့်ကျင်လှုပ်ရှားမှုများကို ပံ့ပိုးကူညီရန် ကုလသမဂ္ဂအရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကမူ NUG ဖွဲ့စည်းလိုက်သည့် အပေါ် ထောက်ခံကြိုဆိုကြောင်း စာထုတ်ပြန်ကြေညာထားသည်။
အာဏာသိမ်းစစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားနေသည့် KNU တပ်မဟာ (၅) အပါအဝင် ၊ KNU Concerned Group တို့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းလိုက်သည့်အပေါ် ထောက်ခံကြိုဆိုကြောင်း ပြောကြားထားသည်။
You may also like these stories:
လူကွဲပေမယ့် မူမကွဲတဲ့ သပိတ်ခေါင်းဆောင် ၂ ဦး
စစ်ကောင်စီနဲ့ အလံမလှဲတဲ့ ပြည်သူ
တာဟန်း ခံတပ်ပြိုပေမယ့် စစ်အာဏာရှင်ကို ဖြုတ်ချဖို့ စိတ်ဓာတ် မပြိုတဲ့ လူငယ်များ