မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက အိမ်ထဲတွင်ပင် ရှိနေသည့် လူငယ် ၁ ဦးအား ပစ်ခတ်ခဲ့ရာ ဦးခေါင်းကျည်ထိ ပြင်းထန်ဒဏ်ရာဖြင့် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ကူညီကယ်ဆေးရေး အသင်းမှ သိရသည်။
မြင်းခြံမြို့ အမှတ် ၈ ရပ်ကွက်တွင် ဆန္ဒပြလူငယ်များကို စစ်ကောင်စီက ပစ်ခတ်မှု ပြုလုပ်ခြင်းကြောင့် လူငယ် ၁ ဦး ကျည်ထိခဲ့ပြီး အဆိုပါ ပစ်ခတ်သံများကြား၍ တံခါးပိတ်ရာမှ လူ ငယ်၁ ဦးကို ထပ်မံ ပစ်လိုက်ခြင်း ဖြစ်သည်။
ကယ်ဆယ်ရေး အဖွဲ့ဝင် ၁ ဦးက “ဆန္ဒပြလူငယ် ၁ ဦးက ရှပ်မှန်ပြီး အဲဒီကောင်လေးက သူ့အုပ်စုထဲ သူပြန်ရောက်သွားပြီးတော့ ပစ်သံကြားလို့ ဆိုပြီး အခုမှန်တဲ့ ကောင်လေးက ဆန်ပွဲရုံက သူ့အလုပ်ရှင်က တံခါးပိတ်လိုက်ပါဦး ဆိုပြီးပြောလို့ တဖက်ကို ပိတ်ပြီးပြီ နောက်တဖက်ကို ပိတ်မယ်ဆိုပြီး တံခါးပေါက်ကို လှမ်းဆွဲတဲ့အဆွဲ ခေါင်းထွက်လိုက်တဲ့ အချိန်မှာ လှမ်းပစ်တာ” ဟု ပြောသည်။
အသက် ၂၀ ကျော်အရွယ်ရှိ ကိုထွန်းဦးသည် ဘယ်ဘက်မျက်ခုံးတည့်တည့်ကို ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်နေရကြောင်း သိရသည်။
ကယ်ဆယ်ရေး ပြုလုပ်ပေးနေသူက “အခြေအနေကတော့ မကောင်းဘူး ၉၀ ရာခိုင်နှုန်းလောက်ကတော့ သေဖို့များတယ်။ မြင်းခြံမှာ ဆေးရုံကလည်း ပိတ်ထားတယ် ပရဟိတဆေးခန်းကလည်း ခွဲစိတ်ခန်းတွေလည်း မရှိတော့ ပရဟိတ ဆရာဝန်တွေမှာလည်း ပစ္စည်းပစ္စယ မစုံတော့ စစ်ဆေးရုံကို လွှဲလိုက်တယ်” ဟု ဆိုသည်။
မတ်လ ၃ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ မြင်းခြံတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၅ ယောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
မန္တလေးဗလီဝင်းအတွင်း ပစ်ခတ်မှု ၁ ဦးသေ၊ ၄ဦးဒဏ်ရာရ
လက်ပြန်ကြိုးတုပ် သေဆုံးနေသည့် ဗလီမော်ဇင် ကိုယ့်ကိုယ်ကိုယ်သတ်သေ ဟု ရဲ မှတ်ချက်ပေး
လူမျိုးတုန်းသတ်နေတယ် လို့ ခံစားရတယ်