မော်လမြိုင်မြို့ ဈေးကြိုဆန်တန်းအနီး ကျိုက္ခမီလမ်းမကြီးပေါ်တွင် ဘုန်းကြီး ၁ ပါး မောင်းလာသည့်ကားသည် ဆိုင်ကယ် ၆ စီးကို ဝင်တိုက်သဖြင့် ၂ ဦးပွဲချင်းပြီး သေဆုံးကာ ၂ ဦးဒဏ်ရာရရှိထားကြောင်း လူမှုကယ်ဆယ်ရေးပြုလုပ်နေသည့် အသင်းမှ သိရသည်။
အဆိုပါ ဘုန်းကြီးသည် အရက်မူးနေခြင်းဖြစ်ပြီး ဈေးကြိုဆန်တန်းမရောက်ခင် မီးပွိုင့် မီးနီကို အရှိန်ဖြင့် ဖြတ်မောင်းလာပြီးနောက် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကားဖြင့် တိုက်ခံရသည့် ဆိုင်ကယ် ၆ စီးအနက်မှ အသက် ၆၀ အရွယ် အဘိုးနှင့် မြေးဖြစ်သူ ၁၀ နှစ်ကျော် ကလေးငယ် ၁ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
ကယ်ဆယ်ရေး ပြုလုပ်နေသူ ၁ ဦးက “မီးပွိုင့်မှာကတည်းက မီးနီနေတာကို ဖြတ်သွားပြီးတော့၊ ကားကိုအရှိန်နဲ့ မောင်းသွားတော့ လမ်းဘေးမှာ ရပ်ထားတဲ့ ဆိုင်ကယ်အကုန်လုံး ၆ စီးပေါ့နော် တိုက်မိတာ။ လက်ရှိကတော့ ၂ ယောက်ပွဲချင်းပြီး သေသွားတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ ဆေးရုံတင်ထားတယ်။ ဘုန်းကြီးက မူးနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကားမောင်းလာသည့် ဘုန်းကြီးသည် ဇင်းကျိုက်မြို့ ခလောက်အင်း ရပ်ကွက်က ဘုန်းကြီးဖြစ်ပြီး ၎င်းသည် ဒဏ်ရာအနည်းငယ် ရရှိထားသည့်အတွက် အခြား ဒဏ်ရာရရှိထားသူ ၂ ဦးနှင့်အတူ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ကယ်ဆယ်ရေး အဖွဲ့ဝင် ၁ ဦးက “ဘုန်းကြီးလည်း နည်းနည်းပါးပါး ပွန်းပဲ့ ဒဏ်ရာရတော့ သူ့လည်း စစ်ဆေးရုံခေါ်သွားတယ် အဲဒီမှာလည်း ယာဉ်ထိန်းတို့ ရဲတို့တော့ ရောက်နေပြီ” ဟု ဆိုသည်။
You may also like these stories:
စစ်သားနှင့်ရဲ ပစ်ခတ်မှုကြောင့် နှစ်လအတွင်း ကလေး ၄၃ ဦး သေဆုံးခဲ့
ဆန္ဒပြသူတွေကို သူတို့က ရာဇဝတ်သားတွေလို မြင်ကြတယ်
သင်ပုန်းချေလိုက်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး