မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် ယနေ့ ညပိုင်းအထိ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပစ်ခတ်မှုကို ဒေသခံပြည်သူများ ပြန်လည်ခုခံရာတွင် စစ်ကောင်စီ တပ်သား ၆ ယောက်သေကာ ၁၃ ယောက် ဒဏ်ရာရရှိထားကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံ တဦးက “ညဘက်ပစ်တာကိုမှ ပက်ပက်စက်စက် ပစ်တယ်။ ၇ နာရီဝန်းကျင်လောက်က အမှတ် ၆ ခံတပ်ကို အလုံးအရင်းနဲ့လာတာ ဘူဒိုဇာပါ ပါတယ်။ အမှတ် ၆ မှာက သဲအိတ်တွေနဲ့ ခံတပ်လုပ်ထားတာကိုး။ ခံတပ်က အဆင့်အဆင့်တွေ လုပ်ထားတာ” ဟုပြောသည်။
ယနေ့ နေ့လည်ပိုင်းတွင် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများပြည်သူများ ထိပ်တိုက်တွေ့ကြရာ ပြည်သူဘက်မှ ၃ ဦး ဒဏ်ရာရကာ ၁ ဦးစိုးရိမ်ရသည့် အခြေအနေဖြစ်ပြီး စစ်ကောင်စီဘက်မှလည်း ၃ ဦးထိခိုက် ၊၂ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်ပြီးနောက် ညောင်ဦး၊ မိတ္ထီလာ နှင့် မန္တလေးမြို့များမှ တပ်ကူများ ရောက်ရှိလာပြီး ပြည်သူများ အကာအကွယ် ပြုလုပ်ထားသည့် အမှတ် ၆ ခံတပ်ကို အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီက ဖြိုခွင်းကာ စက်သေနတ်များဖြင့် တရစပ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
“ဘူဒိုဇာနဲ့ မိန်းလမ်းကြီး တလျှောက်လည်း ရှင်းပလိုက်တယ်။ ရှင်းပြီးတော့ သူတို့တော်တော်ကြီးကို ပစ်လို့ အရှိန်ရတဲ့ အချိန်ကျမှ ကလေးတွေက ပျောက်ကြားစနစ်နဲ့ လုပ်လိုက်တာ သူတို့ဘက်က ၁၆ ယောက်ထိပြီးတော့ ၄ ယောက် နေရာတင် သေတယ် ၁၂ ယောက်က ဒဏ်ရာရတယ်”ဟု ဒေသခံ တဦးက ပြောသည်။
ဒေသခံပြည်သူများ ညပိုင်းပစ်ခတ်မှုတွင် အထိအခိုက်မရှိသော်လည်း ၆ ယောက်ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။
ယနေ့ နေ့လည်ပိုင်း ပစ်ခတ်မှုတွင် ဒဏ်ရာရခဲ့သူ ၃ ဦးအနက်မှ ၁ ဦးသည် ၎င်း၏ ဆိုင်ကို တံခါးပိတ်သည်ကိုပင် စစ်ကောင်စီ လက်နက်ကိုင်များက သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
မတ်လ ၃ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ မြင်းခြံတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၅ ယောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
စစ်သားနှင့်ရဲ ပစ်ခတ်မှုကြောင့် နှစ်လအတွင်း ကလေး ၄၃ ဦး သေဆုံးခဲ့
ဆန္ဒပြသူတွေကို သူတို့က ရာဇဝတ်သားတွေလို မြင်ကြတယ်
သင်ပုန်းချေလိုက်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး