စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် မင်းကင်း မြို့နယ်တို့ရှိ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းရှိ ကားလမ်းပေါ်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များနှင့် ဒေသကာကွယ်ရေးအတွက် စုဖွဲ့ထားသည့် ကနီဒေသကာကွယ်ရေး အဖွဲ့တို့ကြား ဧပြီလ ၁၅ ရက်နေ့မှ စတင်ပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး ရွာ ၉ ရွာမှ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။
ကလေးနှင့် အမျိုးသမီးပါမကျန် ရွာလုံးကျွတ် ထွက်ပြေးနေရသည့် ကျေးရွာများမှာ ကနီမြို့နယ်ရှိ ချောင်းမ၊ လည်ရှည်၊ ဘန့် ဘွေး၊ သမင်စပ်၊ မိုးကောင်း၊ လပို့၊ ယာကြီးနှင့် တရော်ကျင်းရွာတို့ ဖြစ်ကြောင်း၊ တိုက်ပွဲများအနက် မနေ့က လပို့ကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ အပြင်းထန်ဆုံး ဖြစ်ကြောင်း ကနီဒေသခံ ကိုမိုးက ပြောသည်။
ဧပြီလ ၁၈ ရက်နေ့က မင်းကင်းမြို့နယ် စစ်လျင်ချောင်းနှင့် အခြားကျေးရွာသား တချို့ကို စစ်ကောင်စီ၏ လက်နက်ကိုင် တပ်များက ဖမ်းဆီးခေါ်ဆောင်လာသည့် ကားတန်းကို ဒေသခံများက ကနီမြို့နယ် လပို့ကျေးရွာအနီးတွင် တားဆီးရာမှ
အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ဘက်က တူမီးသေနတ်နဲ့ ပစ်တာ အင်အားများတော့ သူတို့ စစ်ကူတွေ ခေါ်ကြတယ်။ မုံရွာနဲ့ ကလေးဝဘက်က စစ်ကားတွေ အများကြီး ထပ်ရောက်လာတယ်။ မနေ့က ပြည်သူတွေဘက်က ၂ ယောက် ထပ်ကျတယ်။ ဒီမနက်အထိကို မရပ်သေးဘူး”ဟု ကနီဒေသခံ ကိုမိုးက ပြောပြသည်။
ဧပြီလ ၁၅ ရက်နေ့မှ စတင်ခဲ့သည့် ဖြစ်စဉ်များကြောင့် ဒေသခံများဘက်မှ ပြည်သူ ၁၀ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ များထဲတွင် ဘုန်းကြီးတပါး ပါဝင်ကြောင်း ပြောဆိုသော်လည်း ဧရာဝတီက သီခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ကနီဒေသတွင် ယခုလို တိုက်ပွဲများ ပေါ်ပေါက်လာရခြင်းမှာ မုံရွာမြို့တွင် ဆန္ဒတက်ပြရင်း အဖမ်းခံရသည့် လူငယ်တဦးကို ကလေးဝဘက်သို့ ပြောင်းရွေ့မည်ဆိုသော သတင်းနှင့် ကနီမြို့ကို လုံခြုံရေးအင်အား တိုးမြင့်ရန် စစ်ကောင်စီက ရိက္ခာနှင့် လက်နက်များ ပေးပို့မည်ဆိုသော သတင်းကြောင့် ဧပြီလ ၁၅ ရက်နေ့မှ စတင်ကာ ဒေသခံများက မုံရွာ-ယာကြီး-ကလေးဝ လမ်းပေါ်သို့ တက်၍ ကားများကို တားဆီး စစ်ဆေးခဲ့သည်။
ထို့သို့ စစ်ဆေးနေစဉ် ဧပြီလ ၁၅ ရက် နေ့လယ် ၁၂ နာရီခန့်တွင် လင်မယား ၂ ယောက် စီးနင်းလာသည့် ဟွန်ဒါဖစ်ကားတ ဦးကို ဒေသခံများက အစစ်ဆေးခံရန် တားဆီးသည့်အခါ အစစ်မခံဘဲ နောက်ပြန်လှည့် မောင်းပြေးကြောင်း၊ ဒေသခံများက ဆိုင်ကယ်များဖြင့် လိုက်သည့်အခါ ကားမောင်းလာသူက သေနတ်ထုတ်၍ ပြန်ပစ်ခဲ့ကြောင်း သိရသည်။

ဒေသခံများဘက်မှ ထိခိုက်မှု မရှိသော်လည်း အင်အားများလာသဖြင့် ကားမောင်းလာသူ လင်မယားမှာ ကားကို ရပ်ပြီး နောက် တောထဲသို့ ဆင်းပြေးခဲ့ကြောင်း၊ ကျန်ခဲ့သည့်ကားကို ဒေသခံများက မီးရှို့ ဖျက်ဆီးလိုက်ကြောင်း သိရသည်။
ယင်းကားမောင်းသူများ စစ်တပ်မှ ဗိုလ်မှူးတဦး ဖြစ်ကြောင်း သိရှိရပြီး ယင်းသတင်းကို ရရှိသည့် မုံရွာဘက်မှ စစ်ကောင်စီ က လက်နက်ကိုင်တပ်များကို စေလွှတ်လိုက်သဖြင့် ညနေ ၄ နာရီမှ စတင်ကာ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုများ စတင်ခဲ့ ကြောင်း သိရသည်။
“အဲဒီနေ့ကစပြီး နောက်ရက်တွေမှာ စစ်တပ်က ဖမ်းလိုက်၊ ဖမ်းတာတွေကို ရွာသွားတွေက လိုက်ပြီး တားလိုက်။ အဲဒီမှာ ပစ်ကြတယ်။ လမ်းတလျှောက်က ရွာတွေက အကုန်ထွက်ပြီး တားလိုက်စီးလိုက်တွေ ဖြစ်တော့တာ။ ပြည်သူတွေဘက်က အကျအဆုံးက ၁၀ ယောက်လောက် ရှိတယ်။ ဒီဘက်က တူမီးသေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီ ဘက်ကလည်း အကျအဆုံးတွေ ရှိတယ်။ ဒါပေမယ့် အရည်အတွက်တော့ တိတိကျကျ မသိဘူး”ဟု ကနီဒေသခံတဦးက ပြောသည်။
နောက်ပိုင်းတိုက်ပွဲများတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက လက်နက်ကြီးများပါ အသုံးပြု တိုက်ခိုက်လာသဖြင့် မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းဘေးရှိ ရွာများမှ ဒေသခံများပါ ဘေးလွတ်ရာ တောထဲသို့ ထွက်ပြေးရကြောင်း သိရ သည်။
လက်ရှိတွင် စစ်ကောင်စီတပ်များက တရော်ကျင်းကျေးရွာတွင် တပ်စွဲထားကြောင်း၊ ထွက်ပြေးတိမ်းရှောင်နေသည့် ချောင်း မရွာထဲသို့ စစ်ကောင်စီတပ်များက ဝင်ရောက် မွေနှောက်ပြီး ဈေးဆိုင်များမှ ဆန်များကို လုယူသွားကြောင်း၊ ကြက်များကို လည်း ရိုက်သတ် ချက်စားလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ဧပြီလ ၁၈ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မုံရွာ-ယာကြီး-ကလေးဝ လမ်းမပေါ် တိုက်ပွဲများအတွင်း စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း အထက်ပိုင်း ကလေး၊ တမူး၊ တန့်ဆည်၊ ပုလဲ၊ ဆားလင်းကြီး၊ မင်းကင်းနှင့် ကနီမြို့နယ်များတွင် စစ်အာဏာ သိမ်းမှုကို လက်မခံသည့် ဒေသခံများက စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များကို ရရာလက်နက်ဖြင့် ပြန်လည် ခုခံ တိုက်ခိုင်နေခြင်း ဖြစ်သည်။
You may also like these stories:
မြင်းခြံအခြေအနေ ပြင်းထန် စစ်ကောင်စီတပ်မှ ၆ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရ
မြင်းခြံတွင် နေအိမ်အတွင်း နေသူကိုပါ သေနတ်ဖြင့် ပစ်သွား