သတင်း

စစ်ရေးမတည်ငြိမ်သဖြင့် မိုးမောက်ဒေသခံ ၁၅၀၀ ကျော် ထွက်ပြေးနေရ

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် စစ်တပ်ကြား တိုက်ပွဲများကြောင့် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် အတွင်းမှ ဒေသခံ ၁၅၀၀ ကျော်သည် ကျေးရွာများကို စွန့်ခွာပြီး မိုးမောက်နှင့် ဗန်းမော်မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။

ထွက်ပြေးနေသည့် ဒေသခံ ၁၅၀၀ ကျော်သည် မိုးမောက်မြို့နယ်အတွင်းရှိ ကုန်းလော၊ ဆီဟက်၊ မြို့ဟောင်း၊ မြို့သစ် ၊ နွမ်လန်း၊ မိုင်းခတ်၊ နောင်ကွမ်း၊ နမ့်ငိုး၊ ရွှေမြောင်း စသည့် ကျေးရွာများမှ ဖြစ်ကာ ထိုနေရာများ တဝိုက်တွင် ဧပြီ ၁၁ ရက်မှ ၁၇ ရက်အထိ တိုက်ပွဲများ ဖြစ်ပွားထားကာ လက်ရှိအချိန်ထိလည်း စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။

ထွက်ပြေးနေရသည့် ကျေးရွာများထဲမှ အုပ်ချုပ်ရေးမှူးတဦးက “အကုန်လုံး ထွက်ပြေးနေရပြီ။ လက်နက်ကြီးတွေ ပစ်တော့ ရွာထဲကျတော့ ဘယ်သူမှ မနေရဲတော့ဘူး။ ကျနော်တို့လည်း တမိသားစုလုံး ပြေးနေရတာ။ တချို့ ပြေးနိုင်လွှားနိုင် အမျိုးသားတချို့ကတော့ ကိုယ့်အိမ်ကိုယ် နေ့လယ် ပြန်ကြည့်၊ ညဆိုဗန်းမော်မြို့ပေါ် ပြန်တယ်။ ရွာတွေမှာ အိမ်ခြေ ၃၀၀ လောက် ရှိတဲ့ ရွာတောင် ညစောင့်ထားတာ ၁၀အိမ်လောက်ပဲ လူကျန်ခဲ့တယ်” ဟု ပြောသည်။

ဧပြီ ၁၈ နှင့် ၁၉ ရက်တွင် ပစ်ခတ်တိုက်ခိုက်သံများ မကြားရသော်လည်း စစ်ရေးအခြေအနေမှာ တည်ငြိမ်ခြင်း မရှိဘဲ အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်ကာ တိုက်လေယာဉ်ဖြင့် ဗုံးလာကြဲမည် ကိုလည်း စိုးရိမ်သဖြင့် ကျေးရွာများကို စွန့်ခွာပြီး ထွက်ပြေးရခြင်း ဖြစ်ပါသည်ဟုလည်း အဆိုပါ အုပ်ချုပ်ရေးမှူး က ပြောသည်။

မိုးမောက်မြို့နယ် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရ ဆရာတော် ၊ ဆရာ ဆိုင်းအောင်က “ကျနော့်ဆီမှာက အိမ်ထောင်စု ၁၅၀ ၊ လူဦးရေက ၆၀၀ နီးပါးရှိတယ်။ ဒါက နှစ်ခြင်းအသင်းသူ အသင်းသားတွေဖြစ်လို့ ကျနော်တို့ဆီ ရောက်လာတာ။ ကျန်တဲ့ရှမ်းလူမျိုးတွေက ဘုန်းကြီးကျောင်းတွေ သွားပြီး ခိုလှုံနေတဲ့ သူတွေလည်း ရှိတယ်” ဟု ပြောသည်။

KBC အသင်းတော်ထံသို့ လာရောက် ခိုလှုံကြသည့် စစ်ဘေးရှောင်ဒုက္ခသည် ၆၀၀ နီးပါးသည် မြို့သစ်၊ ကုန်းလော၊ နွမ်လန်း ရွာ ၃ ရွာမှ ဒေသခံများ ဖြစ်သည်ဟု သိရသည်။

“လက်နက်ကြီးတွေ ပစ်တော့ သူတို့အိမ်တွေ ထိတယ်။ ရွာထဲမှာလည်း လက်နက်ကြီးထိလို့ သေဆုံးတာတွေလည်း ရှိတော့ သူတို့က ကျနော်တို့ဆီ ရောက်လာတာ။ ဘာမှ မပါလာဘူး။ ညကတည်းကနေ လုံခြုံတဲ့ နေရာမှာ ပုန်းနေပြီး မိုးလင်းတာနဲ့ ဒီဘက်ကို ပြေးလာပြီး ရောက်လာတဲ့ သူတွေပါ။ သူတို့မှာ ဘာမှမပါတဲ့အတွက် ကျနော်တို့က နေရာထိုင်ခင်း စီစဉ် ပေးပြီး။ စားဖို့သောက်ဖို့လည်း အသင်းတော်ကပဲ စီစဉ်ပေးထားပါတယ်”ဟုလည်း ဆရာ ဆိုင်းအောင်က ဆိုသည်။

ဗန်းမော်မြို့ပေါ်ရှိ တံခွန်တိုင် ဘုန်းကြီးကျောင်းနှင့် ပရဟိတဘုန်းကြီကျောင်းတို့တွင် စစ်ဘေးရှောင်ဒုက္ခသည် ၆၀၀ ကျော် ၊ ဗန်းမော်မြို့နယ်အတွင်းရှိ ကက်သလစ်အသင်းတော်ထံတွင် လာရောက် ခိုလှုံနေသူဦးရေမှာ ၃၀၀ ကျော်ရှိသည်။

ဧပြီ ၁၁ ရက်၊ ည ၁၁နာရီဝန်းကျင်က မိုးမောက်မြို့နယ်အတွင်း KIA က ကုန်းလော၊ မြို့သစ်၊ မြို့ဟောင်း ကျေးရွာများအနီးရှိ တာပိန်ရဲကင်းစခန်းနှင့် စစ်တပ်၏ ခြေမြန်တပ်ရင်း ခမရ ၃၂၀ တပ်စခန်းတို့ကို ဝင်တိုက်ရာမှ တိုက်ပွဲများ စတင်ခြင်း ဖြစ်သည်။

ဧပြီ ၁၁ ရက်၊ ညပိုင်းတွင် တိုက်ခိုက်ခံနေရသည့် ၎င်း၏တပ်စခန်းများကိုစစ်ကူပေးရန် စစ်တပ်က လက်နက်ကြီးများဖြင့် ခမရ ၃၂၀ တပ်စခန်းဝန်းကျင်သို့ လှမ်းပစ်ခတ်ခဲ့ရာ ဆီဟက်၊ မြို့သစ်နှင့် မြို့ဟောင်း ကျေးရွာများအတွင်းသို့ ကျည်များ ကျရောက်ပေါက်ကွဲပြီး အရပ်သား ၄ ဦး သေဆုံးခဲ့သည်။

ထို့နောက် ဧပြီ ၁၂ မှ ၁၇ ရက်အထိ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားရာ စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက် သဖြင့် ဒေသခံများမှာ ကျေးရွာတွင်း ဗုံးဆံများ ကျရောက်ပေါက်ကွဲခြင်း၊ နှစ်ဖက်တပ်များ၏ တိုက်ခိုက်မှုများတွင် ကြားညှပ်မည်ကို စိုးရိမ်သဖြင့် ရွာများကို စွန့်ခွာ ထွက်ပြေးကြခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်ရေးတင်းမာနေသည့် နေရာများသည် မြန်မာ-တရုတ်နယ်စပ်၊ မိုးမောက်မြို့နယ်၊ ဒေ့ါဖုန်းယန်မြို့နယ်ခွဲ အတွင်းရှိ အလော့ဘုမ်ဗျူဟာကုန်း ၊တောင်ခြေတဝိုက်ရှိ တပ်စခန်းနယ်မြေများ ဖြစ်သည်။

စစ်ရေးအရ အချက်အခြာကျသည့် အလော့ဘုမ်ဗျူဟာကုန်းကိုမတ် ၂၅ ရက်က စစ်တပ်ထံမှ KIAက သိမ်းယူထားပြီး စခန်းထိုင်နေရာ စစ်တပ်က ထိုဗျူဟာကုန်းကို ပြန်သိမ်းယူနိုင်ရေးအတွက် မြေပြင်တွင်သာမက တိုက်လေယာဉ်များဖြင့် လည်း တိုက်ခိုက်လျက် ရှိသည်။

KIAကလည်း အလော့ဘုမ်ဗျူဟာကုန်း တဝိုက်ရှိ တပ်စခန်းများကို ဆက်လက်သိမ်းပိုက်ရန်အတွက် ဆီဟက်၊ မြို့သစ်၊ မြို့ဟောင်း စသည့် ကျေးရွာ တဝိုက်ရှိ ခမရ ၃၂၀ တပ်စခန်း ကို တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဧပြီ ၁၂ ရက်မှ ၁၇ ရက်အထိ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားရာ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ နေအိမ်များတွင် ဆက်လက် မနေထိုင်ရဲတော့ဘဲ မိုးမောက်နှင့် ဗန်းမော်မြို့ပေါ်သို့ ထွက်ပြေးကြခြင်း ဖြစ်သည်။

You may also like these stories:

စစ်ကောင်စီဖြုတ်ချရေးနှင့် ဖယ်ဒရယ်ရေး “အမျိုးသား ညီညွတ်ရေး အစိုးရ” ရည်မှန်း

မိုးမောက်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲနေ

မိုးမောက်တွင် KIA နှင့် စစ်တပ် တိုက်ပွဲပြင်းထန်၊ အရပ်သား ၃ ဦး သေဆုံး

Loading