ပဲခူးမြို့တွင် စစ်ကောင်စီ၏ လက်ချက်ကြောင့် ကျဆုံးသွားသူများ၏ အုတ်ဂူများကို ဖယ်ရှားပေးရန် စစ်တပ်က ပဲခူးပရဟိတအသင်းများအား အဓမ္မဖိအား ပေးနေကြောင်း ယင်းအသင်းများနှင့် နီးစပ်သူများထံက သိရသည်။
ဧပြီလ ၁၇ ရက်က ပဲခူးတိုင်း အစိုးရအဖွဲ့ရုံးအတွင်း၌ ပရဟိတ အသင်း ၁၇ သင်းအား ခေါ်ယူတွေ့ဆုံခဲ့ပြီး ဆင်ဖြူကွင်းသုဿာန်ရှိ သူရဲကောင်းအုတ်ဂူ ၇ လုံးကို ဖယ်ရှားရန် အမိန့် ပေးစေခိုင်းခဲ့ခြင်း ဖြစ်ကြောင်း ဆွေးနွေးပွဲတက်ခဲ့သည့် ပရဟိတအသင်းများနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
“ဆင်ဖြူကွင်း သုဿာန်က နွေဦးတော်လှန်ရေး ကျဆုံးအုတ်ဂူတွေကို နေရာရွှေ့ဖို့ ၊ တစပ်တဆက်တည်းမထားဖို့ ၊ အုတ်ဂူမှာထွင်းထားတဲ့ နွေဦးတော်လှန်ရေး စာလုံးတွေကို ဖျက်ပေးဖို့ ပြောတယ်။ ဧပြီလ ၁၉ ရက်အပြီး လုပ်ပေး ဖို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် နိုင်ငံရေးနှင့် ပတ်သက်သည့် လူနာများ၏ အရေးကိစ္စတွင် ပါဝင်ကူညီခြင်း မပြုရန်၊ လိုင်စင် မရှိသည့် လူနာတင်ယာဉ်များ မမောင်းနှင်ကြရန်လည်း စစ်ကောင်စီက ပြောဆိုခဲ့ကြောင်း ဆွေး နွေးပွဲတက်ခဲ့သည့် ပရဟိတအသင်းများနှင့် နီးစပ်သူ တဦးက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက စစ်ကောင်စီ၏ ပြောဆိုချက်ကို သဘောတူလက်ခံကာ အုတ်ဂူများအား ဖယ်ပေးမည့် ပရဟိတ အသင်းအချို့ရှိသည်ဟုလည်း ပြောဆိုသည်။
ပဲခူးအထွေထွေ သပိတ်စစ်ကြောင်းခေါင်းဆောင်တဦးကမူ ကျဆုံးသူရဲကောင်းများ၏ အုတ်ဂူများကို ဖယ်ပေးရန် အမိန့်ပေးသည့် စစ်ကောင်စီ၏ လုပ်ရပ်သည် သမိုင်းကို ဖျောက်ဖျက်ပစ်ရန် ကြိုးပမ်းသည့် လုပ်ရပ်တခုပင် ဖြစ် ကြောင်း မှတ်ချက်ပေးသည်။
“ဒါက သမိုင်းကို ဖျောက်ချင်တာ။ ဒါပေမယ့် သူတို့အတွက် ကံဆိုးတာက သူတို့က အဲဒီလိုလုပ်ခိုင်းတိုင်း သမိုင်းက ပျောက်ပျက်သွားတာမဟုတ်ဘူး။ ဒီခေတ်က ဆိုရှယ်မီဒီယာခေတ်ဗျာ မှတ်တမ်းမှတ်ရာတွေက အားလုံး ကျနော် တို့မှာတယ်။ သူတို့က ထပ်ဖျောက်ဖျက်ခိုင်းပေမယ့် အဲဒီဖျောက်ဖျက်ခိုင်းတဲ့ လုပ်ရပ်က မှတ်တမ်းတခုအဖြစ်ရှိ လာတယ်” ဟု ၎င်းက ပြောဆိုသည်။
ပဲခူးအထွေထွေ သပိတ်စစ်ကြောင်း ခေါင်းဆောင်တဦးက စစ်ကောင်စီအနေနှင့် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူရဲကောင်းများ၏ အုတ်ဂူများကိုသာ ဖျောက်ဖျက်ပစ်နိုင်မည်ဖြစ်သော်လည်း ၎င်းတို့၏ ရဲရင့်မှုနှင့် စွန့် လွှတ် အနစ်နာခံခဲ့မှု သမိုင်းကြောင်းကို ဖျောက်ဖျက်ပစ်နိုင်မည် မဟုတ်ကြောင်း သုံးသပ်သည်။
လက်ရှိတွင် ပဲခူးမြို့ ဆင်ဖြူကွင်းသုဿာန်ရှိ ကျဆုံးသူရဲကောင်းများ၏ အုတ်ဂူများကို ပရဟိတအသင်းအချို့က ရွှေ့ပြောင်းမှုများ စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း ပဲခူးမြို့ခံအချို့က ပြောသည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီသည် ၎င်းတို့နှင့် ဆွေးနွေးသည့် ပွဲတက်ခဲ့သည့် ပဲခူးမြို့ရှိ ကလျာဏမိတ္တ လူမှုကူ ညီရေးအသင်း ဥက္ကဋ္ဌ ကိုကုလားအား ဧပြီလ ၁၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် နေအိမ်သို့ လာရောက်ကာ ပဲခူးမြို့ အမှတ် (၂) ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်လည်း ရှိသည်။
၎င်းကို မည်သည့် အကြောင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုမူ မသိရသေးပေ။
အာဏာသိမ်း စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလ ၉ ရက်က ဆောင်ရွက်ခဲ့သည့် ပဲခူးမြို့ အစုလိုက်အပြုံလိုက် လူသတ်ပွဲအတွင်း၌လည်း လူနာတင်ယာဉ်များကို လူနာသယ်ခွင့်မပေးဘဲ တားမြစ်ကန့်သတ်ခဲ့သည်လည်း ရှိသည်။
ယင်းပြင် မတ်လ ၂၈ ရက်က ပဲခူးတိုင်း ဘုရားကြီးမြို့သုဿာန်တွင် ပြုလုပ်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (ဗ.က.သ) အဖွဲ့ဝင် ကိုသဲမောင်မောင်၏ ဈာပနကို ဈာပနပွဲပြုလုပ်နေစဉ်မှာပင် စစ်တပ်နှင့် ရဲက မျက်ရည်ယိုဗုံး ၊ ကျည်အစစ်များ သုံး၍ ဝင်ရောက် ပစ်ခတ်ဖြိုခွဲခဲ့သည်လည်းရှိသည်။
You may also like these stories:
ရသေ့တောင်တွင် စစ်ရှောင်များအတွက် လူနေအိမ်များ လိုအပ်နေ
မြင်းခြံ ပစ်ခတ်မှု သေဆုံးသူ၏ အလောင်း ကောက်၍ မရသေး