သတင်း

အမျိုးသမီးငယ်များနှင့် ဖမ်းဆီးထားသူများအပေါ် စစ်ကောင်စီတပ်များ ရာဇဝတ်မှု ကျူးလွန်

လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ပြုလုပ်နေသော စစ်ကောင်စီသည် အမျိုးသမီးငယ်များ အပါ အဝင် ဖမ်းဆီးထားသူများကို အကြမ်းဖက် ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်နေခြင်းမှာ နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူး လွန်နေခြင်း ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ဝေဖန်သည်။

ဧပြီလ ၁၈ ရက်က အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်သူများအား ဖမ်းဆီး ရမိသည် ဟုဆိုကာ ဖမ်းဆီးခံရသူများကို စစ် ကောင်စီ လက်အောက်ခံ မီဒီယာများက ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်တွင် ဖမ်းဆီးခံရသူများကို အကြမ်းဖက် ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ထားသည်ကိုလည်း တွေ့ရသည်။

ရန်ကင်းမြို့နယ် အမှတ် ၄ ရပ်ကွက်နေ ခင်ငြိမ်းသူ (၃၁ နှစ်) ၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ခင်ငြိမ်းသူပါ အမျိုးသား ၄ ဦး နှင့် အမျိုးသမီး၂ ဦးတို့အား တွေ့ရှိရသဖြင့် ထိန်းသိမ်းခဲ့ပြီး နေအိမ်အတွင်းမှ လက်လုပ်ဗုံး ၄၃ လုံး၊ Negle 90 စာတန်းပါ ယမ်းပျော့ အချောင်း ၂၀၊ ကတ်သီး Steel ( လက်ပစ်ဗုံးပြုလုပ်ရာတွင် အသုံးပြုသော အစပျိုးယမ်း)အတောင့် ၂၀၊ ယမ်းကြိုး ၁၀ ပေ၊ ဂျင်ကလိမြားတံ ၅၀၂ ချောင်း၊ တာပင်တိုင် (၄ လီတာပါ) ၁၂ လုံး၊ ဓာတ်ဆီ ၃ ဘူး၊ နိုင်ငံတော် ဆန့်ကျင်ရေး စာသားပါ ပိုစတာ တခု၊ သံစကူ ၂ ကျပ်သားတို့ကို လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့ကြောင်း စစ်ကောင်စီ၏ ကြေညာချက်တွင် ပါရှိသည်။

ထိုကဲ့သို့ စစ်ကောင်စီ ထုတ်ပြန်လိုက်သည့် သူများထဲမှ အမျိုးသမီးငယ်များသည် မူရင်းရုပ်ပင် ပျောက်သည်အထိ ရိုက်နှက်ခံ ထားရသဖြင့် မျက်နှာတခုလုံး ဖူးယောင်ညိုမဲ စွဲဒဏ်ရာများ ရရှိထားခြင်း ဖြစ်သည်။

လူ့အခွင့်အရေး လှုပ်ရှားသူ တဦးဖြစ်သည့် ဦးအောင်မျိုးမင်းက “မနေ့တုန်းက ထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေ ကြည့်တဲ့ အခါမှာ ဖမ်းဆီးခံရရုံတင်မကဘဲ နှိပ်စက်ခံရတာကို တွေ့ရပါတယ်။ ဒီလိုမျိုး ကိစ္စက လူ့အခွင့်အရေး ချိုးဖောက်မှုတင် မကဘဲနဲ့ အမျိုး သမီးတွေအပေါ်မှာ အကြမ်းဖက်မှု ကျူးလွန်တဲ့ နောက်ထပ် ရာဇဝတ်မှု ကျူးလွန်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထိုသို့ နှိပ်စက်ခံထားရမှု ဓာတ်ပုံများကို မကြေညာမီ ၁၈ ရက် မနက်ပိုင်းတွင်ပင် နှိပ်စက်ခံထားရသည့် အခြေအနေရှိကြောင်း စစ်ကောင်စီက ဖမ်းဆီးထားသည့် မခင်ငြိမ်းသူ၏ မိခင် ဒေါ်လှလှစိုးက ဧရာဝတီသို့ ပြောသည်။

“ရန်ကင်း ရဲစခန်းရှေ့မှာ သွားစောင့်တယ်ပေါ့။ သမီးကို ဝန်ထမ်း ၂ ယောက်က တွဲပြီး ထုတ်လာတယ်။ အိမ်သာ လိုက်ပို့တာ လို့ ထင်ပါတယ်။ အဲဒီနေ့ မနက်ကတည်းက သူ့မျက်နှာက တော်တော် ရောင်ကိုင်းနေပါပြီ။ သူအိမ်သာကနေ ပြန်ထွက်လာ အချိန်မှာ အော်ခေါ်လိုက်တာပေါ့။ သူက လှည့်ကြည့်တယ်။ သူဖြည်းဖြည်းလေးပဲ လမ်းလျှောက်နိုင်တယ်။ သူ့မျက်နှာ တခု လုံးက ဖူးယောင်နေပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုများကို သာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုနှင့် ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ပြုလုပ်သည့် မည်သည့် လုပ်ရပ်မျိုးကို မဆို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း လူ့အခွင့်အရေးနှင့် အမျိုးသမီး အခွင့် အရေး လှုပ်ရှားသူများက ဆိုသည်။

စစ်ကောင်စီက ပြည်သူလူထုကို အကြောက်တရား ရိုက်သွင်းရန် ရည်ရွယ်ပြီး ထိုသို့ လူငယ်လူရွယ်များကို ရက်စက်စွာ ညှဉ်း ပန်းနှိပ်စက်ထားသည့် ပုံများကို ပြည်သူများအား ပေါ်ပေါ်ထင်ထင် ချပြခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူလူထုက ဝေဖန်လျက် ရှိသည်။

စစ်ကောင်စီက ထုတ်ပြန်ထားသည့် ဓာတ်ပုံများအရ ဖမ်းဆီးခံထားရသူ အမျိုးသမီးများသာမက အမျိုးသားများကိုလည်း ပြင်းပြင်းထန်ထန် နှိပ်စက်ထားရာ ရန်ကင်းမြို့နယ်မှ ဖမ်းဆီးခံရသူ အမျိုးသားများတွင် မျက်နှာပေါ်၌ သွေးစီးကြောင်း ဒဏ် ရာများ ကျန်ရှိအောင်ပင် ရိုက်နှက်ခံထားရသကဲ့သို့ လှိုင်သာယာမှ ဖမ်းဆီးခံရသူများတွင်လည်း ဦးခေါင်းကို ပတ်တီးစီးထားရသည်အထိ ရိုက်နှက် နှိပ်စက်ခံထားရသည်ကို တွေ့ရသည်။

ဦးအောင်မျိုးမင်းက “ကျူးလွန်တဲ့ သူကတော့ ဒီကိစ္စတွေကို ထုတ်ဖော်ပြောလိုက်ရင် ကျန်တဲ့လူတွေ ကြောက်သွားမယ်ဆိုတဲ့ စိတ်မျိုးနဲ့ လုပ်တယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ကျနော်တို့ ပြည်သူတွေက ကြောက်တတ်လို့ရှိရင် လမ်းပေါ်ထွက်မှာ မဟုတ်ဘူး။ ကြောက်တတ်တဲ့ စိတ်သာရှိရင် နည်းပေါင်းစုံနဲ့ ဆက်လက်ပြီး ဆန္ဒပြနေမှာ မဟုတ်ဘူး။ ကြောက်တဲ့စိတ်အစား ပိုမိုပြီး ဒေါသထွက်တဲ့စိတ် တွန်းလှန်မယ် ဆိုတဲ့စိတ် မတရားမှုကို ဆန့်ကျင်လိုတဲ့ စိတ်ဖြစ်တယ်။ ဦးတည်ရာ တခြား ပြန် လည်ရရှိလာတဲ့ လူထုရဲ့ အမုန်းတရားနဲ့ တွန်းလှန်ချင်တဲ့ စိတ်ကို ပိုတိုးပွားသွားစေတယ်ဆိုတာ သဘောပေါက်သင့်ပါတယ်” ဟု ဆိုသည်။

အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ တဦးကလည်း “အကြမ်းဖက်တဲ့ လူတွေတိုင်းလိုလိုဟာ အကြောက်တရား ရှိတယ်။ သိမ် ငယ်စိတ်ရှိတယ်။ ဒါက သုတေသနတွေ စစ်တမ်းတွေ အရ သိရတာပေါ့။ အကြမ်းဖက်မှုကို ကျူးလွန်သူတိုင်းဟာ သူတို့ အကြောက်တရားနဲ့ သိမ်ငယ်စိတ်ကို ဖုံးကွယ်ဖို့ အတွက် သူတို့ထက် အားနည်းတယ်လို့ ယူဆတဲ့ လူတွေကို အကြောက် တရားနဲ့ ဖိနှိပ်ဖို့ အကြမ်းဖက်ဖို့ ကြိုးစားလေ့ရှိတယ်။ အဲဒီတော့ ဒါဟာ သူတို့ရဲ့ အကြောက်တရားနဲ့ သိမ်ငယ်စိတ် ကြီးမားမှုကို သွယ်ဝိုက်ပြီးတော့ ပြသတာပဲပေါ့” ဟု သုံးသပ်သည်။

စစ်ကောင်စီက ဧပြီလ ၁၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တို့မှ လူငယ်၊ လူရွယ်များ နေအိမ် များကို စီးနင်း ရှာဖွေဖမ်းဆီးပြီးနောက် ရက်ရက်စက်စက် နှိပ်စက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

You may also like these stories:

စစ်ရေးမတည်ငြိမ်သဖြင့် မိုးမောက်ဒေသခံ ၁၅၀၀ ကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ကနီနှင့် မင်းကင်းဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရ

မြင်းခြံတွင် နေအိမ်အတွင်း နေသူကိုပါ သေနတ်ဖြင့် ပစ်သွား

Loading