ဖားကန့်က စစ်တပ်စခန်းများ KIA ဝင်တိုက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စစ်တပ်၏ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းများ အခြေစိုက် လှုပ်ရှားသည့် စခန်းနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။
KIA ဝင်တိုက်ခိုက်သည့် နေရာများမှာ လုံးခင်းကျေးရွာအုပ်စု ကံဆီးရွာ အနီးရှိ နမ်ဂျန်စခန်း၊ အောင်ဘာလေ ကျေးရွာအနီးရှိ တန်ဂေါင် တောင်ကုန်းပေါ်ရှိ စခန်းတို့ ဖြစ်သည်။
နမ်ဂျန်စခန်းအနီး တိုက်ခိုက်သံများကို ယနေ့မနက် ၅ နာရီဝန်းကျင်က စတင်ကြားရပြီး တန်ဂေါင် တောင်ကုန်း အနီး တိုက် ခိုက်မှုများမှာ ဧပြီ ၁၈ ရက် ၊ ည၈နာရီဝန်းကျင်ကတည်းက စတင်ဖြစ်ပွားနေ ခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ကံဆီးရွာက ဒေသခံတဦးက “ဒီမနက် ၉ နာရီကျော်မှာ စစ်တပ်ဘက်က တိုက်လေယာဉ်တွေနဲ့ တန်ဂေါင်ဘုမ်ဘက်မှာ ဗုံးလာ ကြဲလို့ ကံဆီးကရော အောင်ဘာလေကရော လူထုက အားလုံး ပြေးရ တယ်။ ဘုန်းကြီးကျောင်းကို ပြေးတာပါ။ ဒီမှာ လူဦးရေ ၁၀၀၀ အထက်တော့ ရှိတယ်” ဟု ပြောသည်။
ဧရာဝတီမှ ဆက်သွယ်မေးမြန်းသည့် အခြား ဒေသခံ ၂ ဦးကလည်း ဧပြီ ၁၈ ရက်၊ ညပိုင်းတွင် လက် နက်ကြီးပစ်ခတ်သံများ ကြားရသဖြင့် တညလုံး ကြောက်လန့်နေခဲ့ရသည်ဟု ပြောသည်။
အောင်ဘာလေကျေးရွာမှ ဒေါ်ဆိုင်းရာက “ဘယ်အချိန် ရွာထဲ ကျမလဲ၊ ဘယ်အချိန် ဘာဖြစ်မလဲနဲ့ စိတ်ပူနေရတာ။ ကျမတို့ ကြားတာ KIA တွေက စခန်းတွေကို သိမ်းလိုက်ပြီတဲ့။ ဒါပေမယ့် မငြိမ်သေး ဘူး။ ဒီမနက်မှာပဲ လေယာဉ်က လာပစ်တာ ဆိုတာ ဆူညံနေတာပဲ။ ညကတည်းက လန့်နေရတာ ဒီမနက် လေယာဉ်လာတော့ အကုန်ပြေးကြတာ ”ဟု ဆိုသည်။
KIA ဘက်မှ ဒေသခံများကို ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန်လည်း ပြောဆိုထားသည်ဟု သိရသည်။
ဖားကန့်မြို့နယ်တွင်း စစ်တပ်၏ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းများ ၏ စခန်းကုန်းများကို လာ ရောက်တိုက်ခိုက်နေသည် မှာ KIA ၏ တပ်မဟာ(၉ ) လက်အောက်ခံ တပ်ရင်း ၆ ဖြစ်သည်။
ယနေ့ မနက်ပိုင်းတွင် နမ်ဂျန်စခန်းနှင့် တန်ဂေါင်တောင်ကုန်းပေါ်ရှိ စခန်းကို KIA က သိမ်းပိုက်လိုက် သည်ဟု ဒေသခံများက ပြောဆိုကြသော်လည်း KIA က အဆိုပါစခန်းများကို ၎င်းတို့ တပ်ဖွဲ့များ သိမ်း ဆည်းမိခြင်း ဟုတ်မဟုတ်ကို အတည်ပြု ပြောဆို ခြင်း မရှိပါ။
KIA၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဖားကန့်မြို့နယ်တွင်း စစ်တပ်နှင့် KIA ကြား တိုက်ပွဲများ ဖြစ် ပွားနေသည်မှာ မှန်ကန်ကြောင်း အတည်ပြု နိုင်သော်လည်း မြေပြင်မှ တပ်မှူးများ နှင့် အဆက်အသွယ်မရသဖြင့် တိုက်ပွဲ အခြေအနေ၊ စခန်းသိမ်းဆည်းနိုင်ခြင်း ရှိမရှိကို အတိအကျ ဖြေ ဆိုပေးနိုင်ခြင်း မရှိပါဟု ပြောသည်။
ဗိုလ်မှူးကြီး နော်ဘူက “အခုတလောက နေရာတကာမှာ လက်ဦးမှု ရအောင် ရှေ့တန်းက တပ်တွေက ကိုယ့်အခြေအနေ၊ ကိုယ့်ဒေသကြည့်ပြီး စခန်းတွေ သိမ်းတာ ရှိပါတယ်။ ကျနော်တို့ ဗဟို စစ်ရုံးချုပ်က ဘယ်စခန်းကို သိမ်းပါဆိုပြီး အမိန့်ပေး ညွှန်ကြားတာ မရှိပါဘူး။ တပ်ထဲမှာ သူတို့သုံးသပ်ပြီး လက်ဦးမှု ရနိုင်တဲ့ စခန်းတွေကို သိမ်းကြတယ်။ အထူးသဖြင့် အရင်က ကျနော်တို့ လက်လွှတ်လိုက်ရတဲ့ စခန်း တွေကိုတော့ ပြန်သိမ်းကြတာ ရှိပါတယ်” ဟု ပြောသည်။
ဖားကန့်မြို့နယ်တွင်း KIA ဝင်ရောက် တိုက်ခိုက်သည့် စစ်တပ်၏ စခန်း ၂ခုလုံးသည် ယခင်က KIA ၏ တပ် ရင်း ၆ ဌာနချုပ် အခြေစိုက်ခဲ့ရာ စခန်းကုန်းများ ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် စစ်တပ်က သိမ်းဆည်းကာ စခန်းထိုင်ထားသည့်နေရာများ ဖြစ်သည်။
ယနေ့မနက်ပိုင်းတွင် ကံဆီးနှင့် အောင်ဘာလေးကျေးရွာများဘက်၌ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ် ပွားနေချိန်တွင် ဖားကန့်မြို့တွင်းက ရာနှင့်ချီသည့် လူထုသည် ရပ်ကွက်၊ ကျေးရွာအလိုက် လမ်းပေါ် ထွက်ကာ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဆန္ဒပြလျက် ရှိသည်။
စစ်တပ်နှင့် KIA သည် ၁၇ နှစ်တာ ငြိမ်းချမ်းရေးယူထားခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဇွန် ၉ ရက်တွင် တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာမှ ကချင်ပြည်နယ်တွင် ပဋိပက္ခများ ပြန်စတင်ခဲ့သည်။
၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တိုက်ခိုက်သည့် တိုက်ပွဲများတွင် KIA တပ်ရင်းအချို့၏ ဌာနချုပ်နယ် မြေများ၊ ဗျူဟာကုန်း များ၊ စခန်းများ ဆုံးရှုံးခဲ့သည်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှ စ၍ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီကြားကာလတွင် KIA က အစိုးရ၊ စစ်တပ်နှင့် ပဏာမ အပစ်ရပ် စာချုပ် (Bilateral) တစောင် ချုပ်ဆိုရန် ညှိနှိုင်းနေသဖြင့် ထိုကာလတွင် ကချင်ပြည်နယ်တွင်း တိုက်ခိုက်မှုများကို ရပ်ဆိုင်း ထားခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြနေသည့် လူထုကို သွေးထွက်သံယိုဖြစ်အောင် မပြုလုပ်ရန် KIAက ကချင် ပြည်နယ်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ စကားပါးရာ ပြေလည်ခဲ့ခြင်း မရှိပါ။
စစ်တပ်က ဆန္ဒပြလူထုကို ပစ်ခတ်ဖြိုခွင်းခြင်းများ ပြုလုပ်ရာ မတ် ၈ ရက်တွင် မြစ်ကြီးနားမြို့၌ အမျိုးသား ၂ ဦး သေဆုံး ခဲ့သည်။
ထိုသို့ သွေးထွက်သံယိုစတင်ဖြစ်ပွားပြီး ၃ရက်အကြာ မတ် ၁၁ ရက်တွင် KIA ဘက်က စစ်မျက်နှာစဖွင့်ပြီး စစ်တပ်၏ တပ်စခန်းများ၊ KIAဆုံးရှုံးခဲ့သည့် စခန်းနေရာများ၊ ရဲစခန်းများ၊ ပြည်သူ့စစ်တပ်စခန်းများကို လိုက်လံတိုက်ခိုက် နေခြင်း ဖြစ်သည်။
မတ် ၁၁ ရက်မှ ယနေ့ထိ KIA က မြန်မာ-တရုတ်နယ်စပ်အနီး ဒေါ့ဖုန်းယန် မြို့နယ် ခွဲအတွင်းရှိ အလော့ဘုမ်ဗျူဟာကုန်း၊ မိုးမောက်မြို့နယ်၊ ဆီဟက်ကျေးရွာအနီးရှိ စစ်တပ်၏ ဆက်သွယ်ရေး တာဝိုင်ရှိရာ တပ်စခန်းတခု နှင့် တာပိန် ရဲကင်းစခန်း တခု၊ ရွှေကူမြို့နယ်အတွင်းရှိ ကျောက်ကြီးရဲကင်းစခန်း၊ ဖားကန့်မြို့နယ်အတွင်းရှိ ဆယ်ဇင်း တပ်စခန်း နှင့် ရဲကင်း စခန်း တခု၊ အင်ဂျန်းယန်မြို့နယ်တွင်းမှ ဂွေထော်တပ်စခန်း၊ တနိုင်းမြို့နယ်အတွင်းရှိ နမ်ဗျူတပ်စခန်းတို့ကို ဝင်ရောက်တိုက်ခိုက် ထားသည်။
ထိုထဲမှ အလော့ဘုမ်ဗျူဟာကုန်းကို မတ် ၂၅ ရက်က သိမ်းယူနိုင်ခဲ့ပြီး လက်ရှိတွင် KIA၏ တပ်ရင်း ၃၀ က စခန်းထိုင်ထား သည်။
You may also like these stories: