ရန်ကုန်တွင် ဖမ်းဆီးထားသည့် ဂျပန်အလွတ်သတင်းထောက်ကို တနင်္ဂနွေနေ့တွင် ထောင်သို့ပို့ဆောင်လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက တနင်္လာနေ့တွင်ပြောသည်။
ယခုအခါ ရန်ကုန်တွင် နေထိုင်နေသော တိုကျိုအခြေစိုက် Nikkei Asia သတင်းဌာနမှ သတင်းထောက်ဟောင်း ယူကီ ကီတာဇူမီကို တနင်္ဂနွေနေ့ညက သူ၏နေအိမ်တွင် ရဲက ဖမ်းဆီးခဲ့ပြီး ရဲကားဖြင့် ခေါ်ဆောင်သွားခဲ့သည်။
ကီတာဇူမီကို နိုင်ငံရေးအကျဉ်းသားအများအပြားကို ထိန်းသိမ်းထားသည့် အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း ဂျပန်သံရုံးကပြောသည်။ မည်သည့်အတွက် ဖမ်းဆီးသည်ကို မသိရသေးပေ။
ကီတာဇူမီကို မည်သည့်အတွက် ဖမ်းဆီးရသည်ကို ဂျပန်သံရုံးက စုံစမ်းနေကြောင်း ဂျပန်ဝန်ကြီးချုပ် ယိုရှီဟိုက်ဒဲ ဆူဂါက တနင်္လာနေ့တွင် တိုကျိုတွင် သတင်းထောက်များကို ပြောသည်။
“မြန်မာနိုင်ငံက ဂျပန်နိုင်ငံသားတွေကို ကာကွယ် ကျနော်တို့ အကောင်းဆုံး လုပ်ဆောင်မှာဖြစ်တယ်” ဟု ဆူဂါက သတင်းထောက်များကိုပြောသည်။
“အဲဒီသတင်းထောက်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို ကျနော်တို့တိုက်တွန်းနေတယ်” ဟုလည်း ဂျပန်အစိုးရ အတွင်းဝန်ချုပ် ကက်စုနိုဘူ ကာတိုက သတင်းစာရှင်းလင်းပွဲတခုတွင် ပြောသည်။
ကီတာဇူမီကို ဖမ်းဆီးရသည့် အကြောင်းရင်းနှင့် သူ့တွင် ဒဏ်ရာများရရှိထားခြင်း ရှိမရှိ စုံစမ်းနေကြောင်း ဂျပန်န်ိုင်ငံခြားရေး ဝန်ကြီးဌာနအရာရှိများကို ကိုးကားပြီး ကျိုဒိုသတင်းကလည်း ရေးသည်။
အသက် ၄၅ နှစ်ရှိပြီဖြစ်သော ထိုသတင်းထောက်သည် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ကလည်း လုံခြုံရေးတပ်များ၏ ခဏတာ ဖမ်းဆီးခံခဲ့ရသည်။
သူ၏သတင်းများကို ဂျပန်မီဒီယာများက ဖေါ်ပြနေပြီး သူသည် မြန်မာနိုင်ငံအခြေအနေများကို လူမှုကွန်ရက်တွင်လည်း တင်ပြသည်။
လူမှုကွန်ရက်တွင်တင်ထားသော သတင်းများအရ ကီတာဇူမီကို လုံခြုံရေးတပ်များက အတင်းအကျပ် လက်မြှောက်ဒူးထောက်ခိုင်းကာ သူ၏နေအိမ်ကို ရှာဖွေပြီး ကတ်ထူပုံးများကို ယူဆောင်သွားကြောင်း သိရသည်။
မြန်မာစစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရွေးကောက်ခံအစိုးရကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် နိုင်ငံခြားသားများအပါအဝင် သတင်းထောက်အများအပြားကို ဖမ်းဆီးထားသည်။
စစ်ကောင်စီသည် ပြည်တွင်းသတင်းဌာနများကို လိုင်စင်ရုတ်သိမ်းခြင်းဖြင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို ပိုမိုဖိနှိပ်လာသည်။ စစ်ကောင်စီသည် အင်တာနက်အသုံးပြုခြင်းကိုလည်း ကန့်သတ်ထားသည်။
ပြည်တွင်းပြည်ပ တီဗီ သတင်း ချန်နယ်များကိုလည်း ပိတ်ထားလိုက်ပြီး ယခုအခါ လွတ်လပ်သော သတင်းများကို ရယူ သိရှိရန် အလွန်ခက်ခဲနေပြီ ဖြစ်သည်။
You may also like these stories:
စစ်အုပ်ချုပ်ရေးအောက်မှာ လွတ်လပ်တဲ့ တရားစီရင်ရေး မရှိပါ
မြင်းခြံအခြေအနေ ပြင်းထန် စစ်ကောင်စီတပ်မှ ၆ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကနီနှင့် မင်းကင်းဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရ
သတင်း အမှောင်ချလိုသဖြင့် PSI စက်များကို စစ်ကောင်စီ လိုက်သိမ်းနေ