သုတေသနအဖွဲ့တခုဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) မှ ဝန်ထမ်းတဦးဖြစ်သူ ကိုအောင်မျိုးထက်ကို စစ်ကောင်စီက ဧပြီလ၂၀ ရက်တွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့၌ ဖမ်းဆီးလိုက်ကြောင်း ၎င်း၏ မိသားစုထံက သိရသည်။
ကိုအောင်မျိုးထက်သည် ကန့်ဘလူမြို့တွင် လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း ၎င်း၏ ညီမဖြစ်သူက ဧရာဝတီသို့ ပြောသည်။
“ရွာမှာက အင်တာနက်မရလို့ ကန့်ဘလူမှာ သူက အင်တာနက်သွားသုံးပြီး အလုပ်လုပ်နေတာ။ သွားတာက သူနဲ့အတူ အခြားအစ်ကို၂ ယောက်ဆိုင်ကယ်နဲ့သွားတာကို လက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်း ဖမ်းလိုက်တာ။ ဖမ်းတာတော့ ၃ ယောက်လုံးကို ဖမ်းတာပဲ။ အဲဒါ အစ်ကိုဝမ်းကွဲတယောက်တော့ပြန်လွတ်လာတယ်။ သူနဲ့ ကျောင်းဆရာအစ်ကိုတယောက်ကတော့ ပြန်မလွတ်သေးဘူး” ဟု ၎င်းက ဆိုသည်။
ကိုအောင်မျိုးထက်ကို ရဲတပ်ဖွဲ့က မည်သည့် အကြောင်းကြောင့် ဖမ်းဆီးထားသည်ကိုမူ မသိရသေးပေ။
လက်ရှိအချိန်ထိ ကိုအောင်မျိုးထက်မှာ မလွတ်မြောက်သေးကြောင်းနှင့် ရှေ့နေဖြင့် ကူညီပေးရန် စဉ်းစားထားကြောင်း ISP မြန်မာအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီအနေဖြင့် ကိုအောင်မျိုးထက်ကို အမှုဆင် စွဲဆိုခြင်း မပြုဘဲ၊ အမြန်ဆုံး ပြန်လွှတ်ပေးရန် ISP Myanmar က ယနေ့တွင် စာထုတ်ကာ တောင်းဆိုလိုက်သည်။
ISP Myanmar အင်စတီကျုကို ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရုတ်ရေးရာ၊ တိုင်းရင်းသားရေးရာ၊ ကျားမ အခြေပြု ကိစ္စရပ်များ အစရှိသည်များကို သုတေသနပြုလုပ်၍ စစ်တမ်းများ၊ စာတမ်းများ၊ သုံးသပ်ချက်များ လုပ်ဆောင် တင်ပြနေသည့် အဖွဲ့အစည်းတခုဖြစ်သည်။
ကိုအောင်မျိုးထက်မှာ ယခင်က The Voice Journal နှင့် တနင်္သာရီဂျာနယ်တို့တွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်အာဏာမသိမ်းမီ၂၀၂၀ ဒီဇင်ဘာလကတည်းက ISP Myanmar တွင် ကော်ပီ အယ်ဒီတာအဖြစ် ဝင်ရောက် အလုပ်လုပ်ကိုင်နေသူလည်းဖြစ်သည်။
You may also like these stories:
ဂျပန်သတင်းထောက်ကို ထောင်သို့ပို့
အမျိုးသမီးငယ်များနှင့် ဖမ်းဆီးထားသူများအပေါ် စစ်ကောင်စီတပ်များ ရာဇဝတ်မှု ကျူးလွန်