အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ (NUG) အား ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (All Arakan Students Youths Congress) က ကြိုဆိုကြောင်း ဧပြီလ ၁၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
NUG ၏ အုပ်စုဖွဲ့မှု၊ ကိုယ်စားပြုမှု၊ လမ်းစဉ်၊ လုပ်ငန်းစဉ်ဆိုင်ရာများနှင့် ပတ်သက်၍ မတူကွဲပြားသော အုပ်စုများအကြား ပြန်လည် သုံးသပ်စရာများ ရှိကောင်း ရှိနိုင်သော်လည်း ယနေ့ အချိန်တွင် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့သည်၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းရေး၊ နယ်ချဲ့ဝါဒ လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ် ပပျောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေးတို့အတွက် မဖြစ်မနေ လိုအပ်နေသည့် ကြားကာလအစိုးရအဖြစ် AASYC အသိအမှတ်ပြု ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AASYC မှ အထွေထွေ အတွင်းရေးမှူး ကိုတိန်ဦးက “ကျနော်တို့ ကြိုဆိုကြောင်း ထုတ်ပြန်ရတဲ့ အဓိက ရည်ရွယ်ချက်က မတူကွဲပြားတဲ့ အင်အားစုတွေ၊ အထူးသဖြင့် ဗမာတိုင်းရင်းသားနဲ့ ဗမာမဟုတ်တဲ့ အခြား တိုင်းရင်းသားတွေကြားမှာ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ NUG ကို ကြိုဆိုတာ ဖြစ်ပါတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။
ယင်းအပြင် AASYC အနေဖြင့် NUG သည် မြန်မာနိုင်ငံတဝှမ်းလုံးမှာရှိသည့် အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများကို ကျယ်ကျယ်ပြန့်ပြန့် စုစည်းပေးနိုင်မည့် အင်အားစု တရပ်အဖြစ် ရှုမြင်သလို အဖိနှိပ်ခံ ဗမာတိုင်းရင်းသားပြည်သူလူထုနှင့် မြန်မာနိုင်ငံလွတ်လပ်ရေး ရသည့်အချိန်ကတည်းက ယနေ့အထိ တန်းတူရေးအတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်း သား လက်နက်ကိုင်အကြား သဘောသဘာဝအရရော၊ လက်တွေ့အရပါ ချိတ်ဆက်ပေးနိုင်မည့် အင်အားစုတခု အဖြစ် မျှော်လင့်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်က NUG အား ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH ) က ကြေညာခဲ့ပြီး ယင်းအစိုးရအဖွဲ့တွင် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် သမ္မတဟောင်း ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစု ကြည်တို့ အပါအဝင် ကချင်၊ ကရင်၊ ချင်း၊ မွန်တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်ကြသည်။
သို့သော် NUG တွင် ရခိုင်နိုင်ငံရေးသမားများ ပါဝင်ခြင်းမရှိပေ၊ သို့သော် ရခိုင်စစ်တပ် (AA)ကို ဖိတ်ခေါ်သော်လည်း ကိုယ်ပိုင်ရည်မှန်းချက် ရှိသည့်အတွက် ပါဝင်နိုင်ခြင်း မရှိကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က Twitter မှတဆင့် ပြောဆိုခဲ့သည်။
လက်ရှိတွင် ရခိုင်အမျိုးသားပါတီ (ANP)မှာ အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းလိုက်သည့်အတွက် သမိုင်းတရားခံ အဖြစ် လက်ညှိုးထိုး မခံလိုသူ ပါတီဝင်တချို့က နုတ်ထွက်မှုများ ရှိနေပြီး၊ ANP တောင်းဆိုသည့် ပြည်နယ်အဆင့် အာဏာခွဲဝေမှု နှင့် ပတ်သက်၍ စစ်ကောင်စီက လတ်တလော လစ်လျူရှု့ထားသည်။
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) အနေဖြင့် အမျိုးသားတန်းတူရေး ၊ ကိုယ့်ကံ ကြမ္မာကိုယ် ဖန်တီးခွင့် ရရှိရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်ရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့ အတွက် အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ (NUG) နှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး (AASYC) ကို ၁၉၈၈ ခုနှစ်အရေး ကာလ နောက်ပို င်း ပြည်ပသို့ ရောက်ရှိသော ရခိုင်ကျောင်းသား လူငယ်များက တညီတညွတ်တည်း စုပေါင်းကာ ၁၉၉၅ ခုနှစ် အောက်တို ဘာလ ၆ ရက်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။
You may also like these stories:
အမျိုးသမီးငယ်များနှင့် ဖမ်းဆီးထားသူများအပေါ် စစ်ကောင်စီတပ်များ ရာဇဝတ်မှု ကျူးလွန်
ဖားကန့်က စစ်တပ်စခန်းများ KIA ဝင်တိုက်