လာမည့် ဧပြီလ ၂၄ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ပြုလုပ်မည့် မြန်မာ့အရေး အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ရန် ဆုံးဖြတ်ထားသော်လည်း နိုင်ငံတကာ ဖိအားများနှင့် ၎င်း၏ လုံခြုံရေးကို စိတ်ပူသဖြင့် မသွားရဲတော့ကြောင်း သိရသည်။
ယင်းအစည်းအဝေးသို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာရွတ်ကိုယ်တိုင်လည်း တက်ရောက်တော့မည် မဟုတ်သဖြင့် ၎င်းကို အကာအကွယ်ပေးမည့်သူများ လျော့နည်းသွားခြင်း၊ မြန်မာနိုင်ငံက ထွက်သည်နှင့် ၎င်း၏ လုံခြုံရေး စိတ်ပူရခြင်းတို့ကြောင့် အာဆီယံ အစည်းအဝေးကို Video Conferencing ဖြင့်သာ တက်ရောက်တော့မည် ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော် အာဏာကို ရယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့သို့ သွားရောက်မည် ဖြစ်ကြောင်း အာရှ ဒေသတွင်း သတင်းများက ဆက်တိုက် ဖော်ပြခဲ့ပြီးနောက် ယခုအခါ ၎င်း၏ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သာ တက်ရောက်ဖွယ် ရှိကြောင်း ပြည်တွင်းရှိ သတင်းရင်းမြစ်များက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်တွင်း၌ ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့ရုံသာမက လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများကိုပါ ကျူးလွန်ထားခြင်းတို့ကြောင့် မြန်မာပြည်၏ အပြင်သို့ မထွက်ရဲတော့ကြောင်း ရန်ကုန်မြို့ မှ နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ် နိုင်ငံရေးသုံးသပ်သူလည်း ဖြစ်သူတဦးက ပြောသည်။
“သူ(ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)က နိုင်ငံအပြင်ကို ထွက်လိုက်ခြင်းအားဖြင့် သူ့လိပ်ပြာသူ မလုံတာတော့ သေချာတယ်။ သူ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကြောင့် နိုင်ငံပြင်ပ ထွက်ခဲ့သည်ရှိသော် သူ့လိပ်ပြာ မလုံတဲ့အပေါ်မှာ စဉ်းစားပုံရတယ်။ နောက် အာဆီယံကလည်း ဖိအားပေးတော့မှာဆိုတော့ သူ့အကျိုးစီးပွားအတွက် ချိန်ဆပြီးတော့ မသွားဖို့ ဆုံးဖြတ်လိုက်တာပဲ”ဟု သူက သုံးသပ်သည်။
ထို့ပြင် မြန်မာပြည်သူတရပ်လုံးက စစ်ကောင်စီကို ဘုံရန်သူအဖြစ် သတ်မှတ်ထားချိန်တွင် အာဆီယံ၏ ကြားဝင်စေ့စပ်မှုမှာ အောင်မြင်နိုင်ရန် ခက်ခဲမည် ဖြစ်ကြောင်း၊ အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများကို စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်နေမှုကို မတားဆီးပေးနိုင်ကြောင်း ဆိုသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူအချို့ကမူ မြန်မာ့အရေး အာဆီယံ ဝင်လာသည်ကို အပြုသဘော ရှုမြင်ကြပြီး တွေ့ဆုံ အဖြေရှာနိုင်သည့် နေရာတခု ဖြစ်လာနိုင်ကြောင်း၊ အာဆီယံကလည်း ၎င်း၏ လုပ်ပိုင်ခွင့်ဘောင်ထဲမှနေ၍ အကောင်းဆုံး ထိတွေ့ ဆက်ဆံမှုများ ပြုလုပ်လာလိမ့်မည်ဟု မျှော်လင့်လျက်ရှိသည်။
“ကျနော်မြင်တာတော့ အာဆီယံရဲ့ ထုတ်ပြန်ချက်တွေအရ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တွေ့ ဆုံညှိနှိုင်းဆွေးနွေးပြီးတော့ အဖြေရှာစေချင်တဲ့ သဘောမျိုးလို့ နားလည်တယ်။ အဲဒီလို ကြားဝင်ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်း အကောင်းဆုံးကတော့ အာဆီယံပဲ ရှိနေတာကို တွေ့ရတယ်”ဟု ရန်ကုန်မြို့ မှ နိုင်ငံရေး လေ့လာသုံးသပ်သူ အခြားတဦးက ပြောသည်။
မြန်မာနိုင်ငံသို့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် ဝင်ရောက်ခွင့် မရသည့် အနေအထားမျိုးတွင် အာဆီယံမှ အထူး ကိုယ်စားလှယ်တဦးဦးကို ဖြစ်စေ၊ အာဆီယံ၏ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ကို ဖြစ်စေ အာဆီယံဆိုသည့် ခေါင်းစဉ် အောက်မှနေ၍ စေလွှတ်ခြင်းမျိုးက မြန်မာအတွက် အကျိုးရှိနိုင်ကြောင်း သုံးသပ်မှုများ ရှိသည်။
အင်ဒိုနီးရှားရှိ အုပ်ချုပ်သူ လူတန်းစား၏ မြန်မာအပေါ်တွင်ထားသည့် နိုင်ငံရေး ရပ်တည်ချက်နှင့် အစ္စလာမ် အစွန်းရောက်များ သိပ်များနေသည့် အင်ဒိုနီးရှားသို့ အာဆီယံ အစည်းအဝေး မတက်ရောက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း နိုင်ငံရေး သုတေသီ တပ်မတော်အရာရှိဟောင်း ဒေါက်တာ အောင်မျိုးက ပြောသည်။
အာဆီယံတွင် မြန်မာဘက်မှ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် စင်ကာပူတို့က ရပ်တည်ဖွယ်ရှိပြီး အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်တို့က ဖိအားပေးဖွယ် ရှိနေကြောင်း၊ ယခုလို အချိန်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်သွားရောက်ခြင်းထက် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သာ တက်ရောက်သင့်ကြောင်း ၎င်းက အကြံပြု သည်။
ဒေါက်တာအောင်မျိုးက“အာဆီယံကို အဓိက Message ပေးရမှာက အခုက အာဏာထိန်းတာ။ နောက် Election လုပ်ပေးမယ် ဆိုတာပဲ။ အဲဒါကိုပဲ အဓိက ပြောရမှာ။ ဒီပွဲကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အာဆီယံ အပေါ်ကျ လာတဲ့ ဖိအားကို ရှောင်လွဲဖို့ လုပ်ပြတဲ့ သဘောပဲ။ ဒီရလဒ်အတွက် ဒီစကားပြောမယ်ဆိုတာ သူတို့လည်း သိပြီးသား ဖြစ်မှာပါ”ဟု ပြောသည်။
အာဆီယံခေါင်းဆောင်များအနေဖြင့် အာဏာသိမ်း စစ်ကောင်စီနှင့် ဆက်ဆံရေးလမ်းကြောင်း တိုးချဲ့လိုပြီး အကြမ်းဖက်နှိမ်နင်းမှုများ ဖြစ်နိုင်လျှင် အမြန်ဆုံး ရပ်ဆိုင်းရန်နှင့် မြန်မာပြည်သူများထံ လူသားချင်း စာနာသော အထောက်အပံ့များ တနည်းတဖုံ ရောက်ရှိစေရေး ကတိကဝတ်များကို လိုလားနေကြကြောင်း သိရသည်။
တချိန်တည်းတွင်ပင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် အာဆီယံနိုင်ငံများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ထုတ်ပြန်ထားပြီး အကယ်၍ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အာဆီယံအား သိမ်းသွင်းစည်းရုံးနိုင်စွမ်း မရှိပါက အမျိုးသားညီညွတ်ရေး အစိုးရက အခွင့်အလမ်း ပိုရလာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
မြန်မာပြည်တွင်းရှိ လူမှုကွန်ရက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာပြည်လေဆိပ်က ထွက်သည်နှင့် တွေ့သည့်နေရာတွင် ဖမ်း၍ ICC သို့ ပို့ရန် ပြောဆိုချက်မှာ ရေပန်းစားလျက်ရှိပြီး ပျောက်ဆုံးသွားသော မလေးရှားလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်မှူးကဲ့သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံ အစည်းအဝေး တက်ရန် မောင်းနှင်မည့် မြန်မာလေယာဉ်မှူးလည်း အလားတူလုပ်ရန် တိုက်တွန်းခြင်းများကဲ့သို့ ရေးသားမှုများလည်း ရှိသည်။
You may also like these stories:
မြန်မာ့အကျပ်အတည်း တုံ့ပြန်မှုပေါ် ASEAN အနာဂတ် မူတည်နေ
စစ်ကောင်စီဖြုတ်ချရေးနှင့် ဖယ်ဒရယ်ရေး “အမျိုးသား ညီညွတ်ရေး အစိုးရ” ရည်မှန်း
စစ်အာဏာသိမ်းခြင်းက နေ့သစ်ဆီ လမ်းဖွင့်ပေးခဲ့သည်