စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်နှင့် ဦးသိန်းဦး တို့၏ ယနေ့ အာမခံ လျှောက်ထားမှုအား ပယ်ချခဲ့ကြောင်း ၎င်းတို့၏ ရှေ့နေတဦးက ပြောသည်။
ရှေ့နေဖြစ်သူက “သူတို့ရဲ့ ဆေးကုသမှု ခံယူထားတဲ့ ဆေးမှတ်တမ်းတွေနဲ့ တင်ပြပြီး အာမခံလျှောက်တာပေါ့။ တရားသူကြီးတော့ ဆေးစာ မပြည်စုံဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခဲ့တာပါ” ဟု ပြောသည်။
ဦးဟံသာမြင့်သည် ဆီးကျိတ်ကင်ဆာ ရောဂါဝေဒနာအား ခံစားနေရသူဖြစ်ပြီး ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူဖူးသူ ဖြစ်သည်။
ဦးဟံသာမြင့်နှင့် ဦးသိန်းဦးတို့သည် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက်များ ထုတ်ပြန်ခဲ့မှုကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် ရန်ကင်းမြို့နယ်တွင် တရားစွဲခံထားရခြင်းဖြစ်ပြီး ယနေ့တွင် အင်းစိန်အကျဉ်းထောင်အတွင်းရှိ ယာယီတရားရုံး၌ ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့နှင့် ပတ်သက်ပြီး နောက်ရုံးချိန်းအား ဧပြီ၂၇ ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားပြီး အမှုအား ဆက်လက် စစ်ဆေးရန်အတွက် မှုခင်း စီမံခန့်ခွဲမှုစနစ်အရ ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရသည်။
ယနေ့ အင်းစိန် အကျဉ်းထောင်အတွင်းရှိ ယာယီ တရားရုံးတခုတွင်လည်း စစ်ကောင်စီ၏ ဖမ်းဆီး တရားစွဲဆိုခံထားရသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးကိုလည်း ရုံးထုတ်စစ်ဆေးခဲ့သည်ကိုတွေ့ရကြောင်း ရှေ့နေများထံက သိရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် အမှုတခု ထပ်တိုး
ဦးဝင်းထိန်အမှု အာမခံ လျှောက်ထားမှု ပယ်ချခံရ