ဖမ်းဆီးခံထားရသည့် နေပြည်တော်မှ DVB သတင်းထောက်ဟောင်း လက်ရှိတွင် အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ကိုင်နေသူ ကိုအောင်ကိုကိုလတ် ယနေ့တွင် ပြန်လည်လွတ်မြောက်လာသည်။
ဖမ်းဆီးခံရပြီး တလအကြာတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပြီး ဧပြီလ ၅ ရက်နေ့က ပထဆုံးအကြိ်မ် ရုံးချိန်းတွင် ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲတင်ခဲ့သော်လည်း ယခုဒုတိယအကြိမ်ရုံးချိန်းတွင် ပျဉ်းမနားမြို့နယ်တရားရုံးက ပြန်လွှတ် ပေးခဲ့ခြင်းလည်း ဖြစ်သည်။
သို့သော် အပြီးသတ်လွှတ်ပေးခြင်းမျိုး မဟုတ်ဘဲ တရားရှင် ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။
ကိုအောင်ကိုကိုလတ်သည် မတ်လ၂၀ ရက်က နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ရှမ်းစုလေး ရပ်ကွက်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက အကြမ်းဖက်ဖြိုခွင်းစဉ် လူက ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ကျန်ရစ်သည့်ကား အသိမ်းခံခဲ့ရသည်။
မတ်လ၂၁ ရက်နေ့တွင် ကိုအောင်ကိုကိုလတ်မှာ အသိမ်းခံရသည့်ကားကို ပျဉ်းမနားမြို့မ ရဲစခန်းသို့ သွားရောက်ထုတ်ယူ စဉ် ရဲစခန်းက ပြန်မလွှတ်တော့ဘဲ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် ပုဒ်မ ၅၀၅ (က)ဖြင့် အရေးယူ ထိန်းသိမ်းခံခဲ့ရ သူ တဦးလည်း ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်တွင် သတင်းထောက် စုစုပေါင်း ၃ ဦး အဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့မှာ အလွတ် သတင်းထောက် ကိုအောင်ကိုကိုလတ်၊ ဘီဘီစီ သတင်းထောက် ကိုအောင်သူရနှင့် Mizzima အယ်ဒီတာဟောင်း ကိုသန်း ထိုက်အောင် တို့ဖြစ်သည်။
ကိုသန်းထိုက်အောင်နှင့် ကိုအောင်သူရတို့ ၂ ဦးမှာ မတ်လ ၁၉ ရက်က နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးရှေ့တွင် NLD နာယက ဦးဝင်းထိန်ရုံးထုတ်ကို သတင်းရယူနေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ထိုသို့ဖမ်းဆီးခံရပြီး ဘီဘီစီ သတင်းထောက် ကိုအောင်သူရမှာ မတ်လ၂၂ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သော် လည်း ကိုသန်းထိုက်အောင်မှာမူ ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။
ကိုသန်းထိုက်အောင်ကို လက်ရှိတွင် နေပြည်တော် အချုပ်ထာင်တွင် ထိန်းသိမ်းခံထားပြီး ၎င်းသည် ပုဒ်မ ၅၀၅ (ခ)ဖြင့် ဇမ္ဗူသီရိတရားရုံးတွင် တရားရင်ဆိုင်နေရသည်။
ယနေ့ အချိန်အထိ မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရသူ သတင်းသမား ၆၀ ကျော်ရှိလာပြီး အနည်းဆုံး ၃၈ ဦးထက်မ နည်း တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုခြင်းကို အချုပ်နှင့် တရားရင်ဆိုင်နေရသည်။
You may also like these stories:
အမျိုးသမီးငယ်များနှင့် ဖမ်းဆီးထားသူများအပေါ် စစ်ကောင်စီတပ်များ ရာဇဝတ်မှု ကျူးလွန်
ဂျပန်သတင်းထောက်ကို ထောင်သို့ပို့
ISP -Myanmar မှ ဝန်ထမ်းတဦး ဖမ်းဆီးခံရ