သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ အနီးတွင် တိုက်ပွဲဆက်ဖြစ်၊ ဒေသခံ ၆ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သီးကုန်းကျေးရွာအနီးတွင် မနေ့က ည ၇ နာရီအချိန်ထိ စစ်ကောင်စီ၏ လက်နက်ကိုင် တပ်များနှင့် ပြန်လည် ခုခံနေသည့် ဒေသခံ ပြည်သူများကြား တိုက်ပွဲဖြစ်ပွားရာ ဒေသခံများဘက်မှ အနည်းဆုံး လူ ၆ ဦး ကျဆုံးသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ယင်းမာပင်မြို့ အထက်ပိုင်းရှိ ကနီနှင့် မင်းကင်းမြို့ ရှိ ကျေးရွာများတွင် စစ်ကောင်စီ လက်နက်ကိုင် တပ်များနှင့် ဒေသ ကာကွယ်ရေး စုဖွဲ့ထားသည့် ပြည်သူ့ဘက်မှ အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ၂ ဖက်စလုံးတွင် ထိခိုက်ကျဆုံးမှုများ ရှိနေသည်။

“သီးကုန်းရွာမှာ အပြန်အလှန် ပစ်ခတ်မှုတွေဟာ ညနေ ၇ နာရီလောက်ထိကို အပြင်းအထန် ဖြစ်နေတယ်။ ဒေသခံပြည်သူ တွေဘက်က ၆ ဦးထိ အကျအဆုံး ရှိပါတယ်။ စစ်ကောင်စီဘက်ကလည်း အတိအကျ မသိရပေမယ့် အကျအဆုံး များပါ တယ်”ဟု ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

လက်ရှိ အချိန်အထိ မုံရွာ-ကနီ-ယာကြီး-ကလေးဝ လမ်းမပေါ် ကနီဒေသ အနီးတဝိုက်ရှိ ကျေးရွာများတွင် တိုက်ပွဲများ ရှိနေဆဲ ဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ ယင်းဒေသ အနီးတဝိုက်သို့ ဒရုန်းများ စေလွှတ်ပြီး ရှာဖွေမှုများ ဆက်တိုက် ပြုလုပ်လာကြောင်း ဒေသခံများက ပြောသည်။

“ဒီတခေါက် အကျအဆုံးများတာက တိုက်ပွဲရက်ရှည်လာတဲ့အခါ ပြည်သူတွေဘက်က အရင်လို လာမကူနိုင်ကြတော့ဘူး။ အရင်ဆို အခုလို ပစ်ကြခတ်ကြပြီဆိုရင် နီးစပ်ရာ အကုန်ဝိုင်းကူးကြတာ။ ဒီတပွဲတော့ မကူနိုင်ကြဘူး။ ပြီးတော့ စစ်ကောင် စီဘက်က အင်အားတွေ အရမ်းများလာတာလည်း ပါတယ်။ အဲဒါကြောင့် ၆ ယောက်တောင် ကျသွားတာ”ဟု ဒေသခံ တ ဦးက ပြောပြသည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသရှိ ကျေးရွာများ ဖြစ်သော ကနီမြို့နယ်အတွင်းမှ မိုးကောင်း၊ ချောင်းမ၊ ယာကြီး၊ လပို့ရွာနှင့် ယင်းမာ ပင်မြို့နယ် အတွင်းမှ တရော်ကျင်း၊ သပြေအေး၊ သီးကုန်း ကျေးရွာတို့မှာ ပစ်ခတ်နှိမ်နှင်းမှုများကြောင့် ရွာလုံးကျွတ် နီးစပ်ရာ တောထဲသို့ ပုန်းရှောင်ထွက်ပြေးသွားပြီ ဖြစ်ကြောင်းလည်း သိရသည်။

ကနီဒေသခံတဦးက “ရွာခံတချို့ ကတော့ ရရာလက်နက်တွေ တူမီးတွေနဲ့ အပြန်အလှန် ခုခံပစ်ခတ်ကျပေမယ့် စစ်ကောင်စီ ဘက်က တနေ့ထက်တနေ့ အကူတွေထပ်ခေါ် ထပ်ရောက်လာကြတော့ ဒီရက်တွေမှာ လက်နက်အား လူအားမမျှကြတော့ မတတ်သာဘဲ ရွာလုံးကျွတ်ထွက်ပြေးနေရတာပါ”ဟု ပြောပြသည်။

ယင်းဒေသတွင် ယခုလို တိုက်ပွဲများ ပေါ်ပေါက်လာရခြင်းမှာ ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့က ဒေသခံများသည် မုံရွာ-ယာ ကြီး-ကလေးဝ လမ်းပေါ်သို့ တက်၍ ကားများကို တားဆီး စစ်ဆေးစဉ် လင်မယား ၂ ယောက် စီးနင်းလာသည့် ဟွန်ဒါဖစ် ကားက အစစ်မခံဘဲ နောက်ပြန်လှည့် မောင်းပြေးခဲ့သည်။

ဒေသခံများက ဆိုင်ကယ်များဖြင့် လိုက်သည့်အခါ ကားမောင်းလာသူက သေနတ်ထုတ်၍ ပြန်ပစ်ခဲ့ကြောင်း သိရသည်။

ဒေသခံများဘက်မှ ထိခိုက်မှု မရှိသော်လည်း အင်အားများလာသဖြင့် ကားမောင်းလာသူ လင်မယားမှာ ကားကို ရပ်ပြီး နောက် တောထဲသို့ ဆင်းပြေးခဲ့ကြောင်း၊ ကျန်ခဲ့သည့်ကားကို ဒေသခံများက မီးရှို့ ဖျက်ဆီးလိုက်ကြောင်း သိရသည်။

ယင်းကားမောင်းသူများ စစ်တပ်မှ ဗိုလ်မှူးတဦး ဖြစ်ကြောင်း သိရှိရပြီး ယင်းသတင်းကို ရရှိသည့် မုံရွာဘက်မှ စစ်ကောင်စီ က လက်နက်ကိုင်တပ်များကို စေလွှတ်လိုက်သဖြင့် ဧပြီလ ၁၂ ရက်နေ့ ညနေ ၄ နာရီမှ စတင်ကာ နှစ်ဖက် ပစ်ခတ် တိုက်ခိုက်မှုများ စတင်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲတွေက ၁၅ ရက်နေ့ကစပြီး မုံရွာ-ယာကြီး-ကလေးဝပေါ်မှာ တိုက်ပွဲဖြစ်နေတာ အခုချိန်ထိ မရပ်တာ။ မနေ့ကတော့ ဟိုဘက်က ဖမ်းလာတဲ့လူတွေကို တားတာဆီးတာတွေ ဖြစ်တယ်။ ဒီရပ်ပိုင်းက ပခုက္ကူက တပ်တွေ ထပ်ရောက်လာတယ်။ အဲဒီမှာ ထပ်ဖြစ်ကြတာ။ မနေ့ကတော့ တော်တော် ပြင်းထန်တယ်။ ရွာတွေ မရှိတော့ဘူး။ အင်အားများတော့ ခံမချနိုင် တော့ဘူး”ဟု ဒေသခံတဦးက ပြောသည်။

ဧပြီလ ၁၅ ရက်နေ့တွင် ပြည်သူများဘက်မှ ၆ ဦး ကျဆုံးခဲ့ပြီး ယင်းနောက်ပိုင်း နေ့စဉ် ၂ ဦးခန့် ကျဆုံးခဲ့ကြောင်း၊ မနေ့က ၆ ဦး ထပ်မံ ကျဆုံးသဖြင့် အနည်းဆုံး ၁၆ ဦးခန့် ရှိလာပြီး ဖြစ်ကြောင်း၊ ကျဆုံးသူများထဲတွင် ဘုန်းကြီးတပါး ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

ယခုနောက်ပိုင်းတွင် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ ချင်းတွင်းတံတားကို စစ်ကောင်စီ လက်နက်ကိုင် တပ်များက ပိတ်ဆို့လိုက်ပြီ ဖြစ်ကြောင်း၊ ကားဖြင့် ဖြတ်သန်းသွားလာရန် အခက်အခဲရှိပြီး ဖြတ်သန်းခွင့် မပြုတော့ကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကိုင်းတိုင်း ကလေး၊ တမူး၊ တန့်ဆည်၊ ပုလဲ၊ ဆားလင်းကြီး၊ မင်းကင်းနှင့် ကနီမြို့နယ်များတွင် စစ်အာဏာသိမ်းမှုကို လက်မခံသည့် ဒေသခံများက စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များကို ရရာ လက်နက်ဖြင့် ပြန်လည် ခုခံ တိုက်ခိုက်နေခြင်း ဖြစ်သည်။

You may also like these stories:

သားကိစ္စကို ရင်ဆိုင်ဖြေရှင်းမည်ဆိုသည့် ကိုဝေမိုးနိုင်၏ မိခင်နှင့် မေးမြန်းခြင်း

ဂျပန်သတင်းထောက်ကို ထောင်သို့ပို့

ရသေ့တောင်တွင် စစ်ရှောင်များအတွက် လူနေအိမ်များ လိုအပ်နေ

Loading