မြန်မာစစ်တပ်သည် ဖေဖော်ဝါရီလထဲတွင် အမေရိကန်ဒေါ်လာ ၁၅ သန်းတန် ရေဒါများအား ရုရှနိုင်ငံမှ ဝယ်ယူတင်သွင်းခဲ့ကြောင်း ရုရှအကောက်ခွန်အချက်အလက်များကို ကိုးကားပြီး The Moscow Times သတင်းဌာနက ရေးသားဖော်ပြသည်။
ရုရှ ကာကွယ်ရေးဝန်ကြီး ဆာဂဲရွှိုင်ဂူ၏ ဇန်နဝါရီလ မြန်မာခရီးစဉ်အတွင်း Pantsir-S1 မြေပြင်မှ ဝေဟင်ပစ် လေကြောင်းရန် ကာကွယ်ရေး ဒုံးများ၊ Orlan-10E ထောက်လှမ်းရေးဒရုန်းများ၊ ရေဒါပစ္စည်းကိရိယာများအား ရောင်းချပေးရန် သဘောတူညီခဲ့သည်။ ယင်းခရီးစဉ်သည် စစ်အာဏာမသိမ်းမီ ၉ ရက်အလိုအတွင်းက ဖြစ်သည်။
ထိုစဉ်က ရုရှားကာကွယ်ရေးဝန်ကြီး ခရီးစဉ်နှင့် ပတ်သက်၍ ဧရာဝတီမှ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အောက်ရှိ နိုင်ငံရေးရာ ဦးစီးဌာနကို စုံစမ်းရာ အဆင့်မြင့်အရာရှိတဦးက ရုရှားခရီးစဉ်သည် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ တိုက်ရိုက် အကြောင်းကြားထားခြင်း မရှိခဲ့ကြောင်း ပြောဆိုခဲ့ဖူးသည်။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းအပြီး ရုရှသည် အထီးကျန်နေသော မြန်မာစစ်ကောင်စီအား ကူညီပံ့ပိုးသည်။ ရုရှား ဒု ကာကွယ်ရေး ဝန်ကြီး အလက်ဇန္ဒား ဖိုမင်နှင့် အဖွဲ့သည် မတ် ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသော “တပ်မတော်နေ့” စစ်ရေးပြပွဲသို့ တက်ခဲ့သည်။
ကချင်နှင့် ကရင်ပြည်နယ်ရှိ တိုက်ပွဲများအတွင်း မြန်မာစစ်တပ်က လေကြောင်းမှ ပစ်ကူပေးသောအခါ ရုရှလုပ် တိုက်လေယာဉ်များ အသုံးပြုနေကြောင်းလည်း ယုံကြည်ရသည်။
၂၀၀၀ ပြည့်နှစ်အစောပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံသည် ရုရှားလုပ် MiG-29 ဂျက်တိုက်လေယာဉ် ၃၀၊ Yak-130 ဂျက်အမောင်းသင်လေယာဉ် ၁၂ စင်း၊ Mi-24 နှင့် Mi-35P ရဟတ်ယာဉ် ၁၀ စင်းနှင့် Pechora-2M လေယာဉ်ပစ် ဒုံးကျည်စနစ် ၈ ခုတို့ကို ဝယ်ယူခဲ့သည်။ မြန်မာစစ်တပ်သည် Su-30 စစ်လေယာဉ် ၆ စင်း ဝယ်ယူရန်လည်း စာချုပ်ချုပ်ထားသည်။ ရုရှားလုပ် လက်နက်ကိရိယာများ ပြုပြင်ထိန်းသိမ်းရေးကို မြန်မာနိုင်ငံရှိ ပူးတွဲဝန်ဆောင်မှုဌာနတွင် ပြုလုပ်ပေးသည်။
၂၀၁၉ ခုနှစ်က Stockholm International Peace Research Institute က ထုတ်ပြန်သည့် စာရင်းများအရ မြန်မာနိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ရုရှားလုပ်လက်နက် အမေရိကန်ဒေါ်လာ ၈၀၇ သန်းဖိုး ဝယ်ယူပြီး အရှေ့တောင်အာရှနိုင်ငံများအနက် ဗီယက်နမ်ပြီးလျှင် ရုရှားလုပ်လက်နက် ဒုတိယအများဆုံး ဝယ်ယူသော နိုင်ငံဖြစ်သည်။
You may also like these stories:
မြန်မာသို့ ရုရှားမှ (လက်နက်ခဲယမ်းများနှင့်အတူ) အချစ်များ
ရုရှားကာကွယ်ရေးဝန်ကြီးကို တပ်မတော်က ကော်ဇောနီဖြင့် ကြိုခဲ့သည်
မြန်မာ့ဖြစ်ရပ်များ ရုရှားစိုးရိမ်နေ
အာဏာသိမ်းဖို့ ဗိုလ်ချုပ်တွေကို ရုရှားက သွေးထိုးလှုံဆော်ပေးခဲ့သလား