စစ်အာဏာရှင်ဆန့်ကျင်ရေး CDM (Civil Disobedience Movement) လှုပ်ရှားမှုကို ပြုလုပ်နေခြင်းကြောင့် အများပြည်သူ အကျိုးပျက်စီးစေမှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က ဖြင့် အမှုဖွင့်ခံထားရသည့် ဆရာဝန်များကို နိုင်ငံကူး လက်မှတ်များ ပယ်ဖျက်ကာ နာမည်ပျက်စာရင်း ရေးသွင်းလိုက်ပြီဟု စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီ၏ မူဝါဒနှင့် အာဘော်များကို ထုတ်လွှင့်ရန် ထိန်းချုပ်ခံထားရသည့် နိုင်ငံပိုင်သတင်းဌာနများ ဖြစ်သည့် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၊ စစ်ကောင်စီပိုင် မြဝတီရုပ်မြင်သံကြားတို့တွင် ဧပြီ၂၀ ရက်က ကြေညာသွားခြင်း ဖြစ်သည်။
မြန်မာ့အသံ ရုပ်မြင်သံကြားတွင် “အရေးယူခံထားရတဲ့ ဆရာဝန်များအား ထုတ်ပေးထားတဲ့ မြန်မာနိုင်ငံကူး လက်မှတ်များ ကို ပယ်ဖျက်သွားမှာ ဖြစ်ကြောင်းနဲ့ သက်ဆိုင်ရာဌာနများတွင်လည်း Black List နာမည်ပျက်စာရင်း ရေးသွင်းထား ကြောင်း သတင်းထုတ်ပြန်ထား ရှိပါတယ်” ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်ကို ကြေညာသွားသည်။
စစ်ကောင်စီက ဧပြီ ၁၃ ရက်မှစ၍ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅- က ဖြင့် အမှုဖွင့်ထားသည့် ဆရာဝန်များစာရင်းကို ကြေ ညာထားရာ စုစုပေါင်း အမှုဖွင့်ခံထားရသူဦးရေ ၁၆၀ ဦး ရှိပြီ ဖြစ်သည်။
ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ရခြင်းမှာ ဆရာဝန်များ၏ ကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်း၏ ကျင့်ဝတ်နှင့်မညီဘဲ CDM ပြုလုပ်ခြင်း၊ အစိုးရ ဆေးရုံများတွင် တာဝန်မထမ်းဆောင်ဘဲ ပြင်ပ ပုဂ္ဂလိက ဆေးရုံနှင့် ဆေးခန်းများတွင် အလုပ်လုပ်နေခြင်း၊ အခြား ကျန်းမာရေး ဝန်ထမ်းများကိုလည်း CDM တွင် ပူးပေါင်းရန် လှုံ့ဆော်နေခြင်း၊ ဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်နေခြင်း တို့ကြောင့် ဖြစ်သည်ဟု စစ်ကောင်စီက ဆိုသည်။
ပုဒ်မ ၅၀၅- က သည် အစိုးရကို ဆန့်ကျင်ပြီး သတင်းအမှားများ ဖြန့်ဝေခြင်း၊ နိုင်ငံသားအစုအဖွဲ့နှင့် ပြည်သူကိုကြောက်ရွံ့ စေရန် လုပ်ဆောင်ခြင်း၊ အစိုးရဝန်ထမ်းများကို လုပ်ငန်းတာဝန် ထမ်းဆောင်စေခြင်းမှ ပျက်ကွက်စေရန်နှင့် ပြစ်မှုကျူးလွန် စေရန် ကြံရွယ်ခြင်းလုပ်ဆောင်သည်ဟု ယူဆပါက တရားစွဲဆိုနိုင်သည့် ပုဒ်မဖြစ်ပြီး တရားရုံးမှ အမှုစွဲတင်စစ်ဆေးကာ အပြစ်ရှိကြောင်း ဆုံးဖြတ်ပါက ထောင်ဒဏ် ၃ နှစ်သို့မဟုတ် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။
ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အစိုးရပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်အများစုသည် ဖေဖော် ဝါရီကတည်းက CDM လှုပ်ရှားမှုတွင် ပါဝင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကို ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တိုင်း အတွင်း CDM ပြုလုပ်နေသည့် လက်ထောက် ဆရာဝန်တဦးက “ကျမတို့က ဒီစနစ်ကို မကြိုက်လို့ ဆန့်ကျင် တယ်။ အဓိက က အာဏာရှင်အုပ်ချုပ်တဲ့ ယန္တရားမှာ ကျမတို့က လည်ပတ်ပေးရတဲ့ စက်သွားတွေ မဖြစ်ဖို့ပဲ။ အခု CDM ကလည်း အောင်မြင်တဲ့အခြေအနေဆိုတော့ ဒီအပေါ်မှာ တဆင့်ပြီးတဆင့် ဆရာဝန်တွေကို ငြိုးလာတာလို့ပဲ မြင်တယ်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် ကျမတို့က မမှုပါဘူး” ဟု ပြောသည်။
ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံရသည့် ဆရာဝန်များ စာရင်းတွင် မပါဝင်သော်လည်း CDM ပြုလုပ်နေသည့် ဆရာဝန်အချို့ ကို နေအိမ်များတွင် လာရောက် ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းများလည်း ရှိနေသည်။
ရှမ်းပြည်နယ်အတွင်း နေထိုင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်နေသည့် ဒေါက်တာ ရဲရင့်ကလည်း “ဒီနိုင်ငံကူး လက်မှတ်ပယ်ဖျက်လို့ Black List သွင်းလို့ ကျနော်တို့က ကြောက်လန့်ပြီး ဒီလှုပ်ရှားမှုကို ရပ်တန့်လိုက်မယ်လို့ ထင်နေတာလား မသိဘူး။ သေချာတာတခုကတော့ သူတို့ ကျနော်တို့ ဝရမ်းတွေ ထုတ်တယ်။ ဒီလိုလုပ်လာတယ်ဆိုတာ ကျနော်တို့ လှုပ်ရှားမှုအောင်မြင်နေလို့ပဲ။ ကျနော်ကတော့ Passport ဖျက်သိမ်းခံရမှာထက် ကျနော်တို့ ခေတ်ဆိုး စနစ်ဆိုး ကို ပြန်ဖြတ်သန်းရမှာကိုပဲ ပိုကြောက်တာပါ”ဟု ပြောသည်။
CDM ပြုလုပ်နေသည့် ဆရာဝန်များသည် အစိုးရပြည်သူ့ဆေးရုံများတွင် အလုပ်မဆင်းသော်လည်း ပြင်ပ ပုဂ္ဂလိက ဆေးရုံ နှင့် ဆေးခန်းများတွင် ဆေးခန်းထိုင်ခြင်း၊ မြို့နယ်အလိုက် ဖွင့်လှစ်ထားသည့် အခမဲ့ ပရဟိတ ဆေးခန်းများတွင် ဝင်ရောက် လုပ်ကိုင်ခြင်းများ အပြင် ဆန္ဒပြသည့် လူထုအတွက် ကျန်းမာရေးစောင့်ရှောက်ပေးသည့်အဖွဲ့များထဲတွင် ပါဝင်လုပ်ကိုင် လျက် ရှိသည်။
စစ်ကောင်စီက CDM ပြုလုပ်နေသည့် ဆရာဝန်များကို အမှုဖွင့်သည့် အပြင် အဆိုပါ ဆရာဝန်များ ဆေးခန်းထိုင်သည့် ပြင်ပပုဂ္ဂလိက ဆေးရုံနှင့် ဆေးခန်းများကိုလည်း လိုင်စင်ပိတ်သိမ်းခြင်း၊ ဆေးရုံနှင့် ဆေးခန်းပိုင်ရှင်များကိုပါ တရားစွဲခြင်း များ ပြုလုပ်မည်ဟုလည်း ကြေညာထားသည်။
ဧပြီ ၁၃ ရက်မှ ၂၀ ရက်အတွင်း အမှုဖွင့်ခံထားရသည့် ဆရာဝန် ၁၆၀ ဦး၏ စာရင်းကို ကြေညာရာတွင် ပုဂ္ဂလိကဆေးရုံနှင့် ဆေးခန်း ၃၃ ခုကိုလည်း CDM ဆရာဝန်များကို လက်ခံကာ ဆေးခန်းထိုင်ခွင့် ပေးထားသည့် နေရာများ ဖြစ်ကြောင်း ထည့် သွင်း ဖော်ပြထားသည်။
You may also like these stories:
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ အနီးတွင် တိုက်ပွဲဆက်ဖြစ်၊ ဒေသခံ ၆ ဦး ကျဆုံး
NLD ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦး အာမခံ ငြင်းပယ်ခံရ