သတင်း

ပျဉ်းမနားမြို့တွင် ပေါက်ကွဲမှုများဖြစ်

ပျဉ်းမနားမြို့ ဗိုလ်တောက်ထိန်လမ်းပေါ်ရှိ သံဃာ့ဆေးရုံနှင့် မြို့နယ်စာတိုက်ရုံးအနီးတွင် အသံမိုင်း ဟု ယူဆရသော ပေါက်ကွဲမှု ယနေ့ မွန်းလွဲပိုင်းက (၁၂ နာရီခွဲအချိန်ခန့်က) ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အုန်းကနဲ အသံတော့ ကြားလိုက်ရတယ်။ ထိခိုက်တာ ပျက်စီးတာ မရှိပါဘူး။ အခုတော့ လူတွေလည်း ပုံမှန်သွားလာနေကြပါတယ်” ဟု အဆိုပါနေရာအနီးတွင် နေထိုင်သူ တဦးက ပြောသည်။

ယမန်နေ့ ဧပြီလ ၂၀ ရက်ည ၇ နာရီခွဲအချိန်ခန့်တွင်လည်း ပျဉ်းမနားမြို့၊
ရွှေချီရပ်ကွက် ၆ လမ်းတွင် တည်ရှိသော စစ်တပ်ပိုင် မြဝတီဘဏ်သို့ လက်လုပ်မိုင်းပစ်သွား၍ ပေါက်ကွဲသံကြားခဲ့ရကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားမှုများ ရှိသည်။

ပျဉ်းမနားမြို့ မြဝတီဘဏ်အနီးတွင် လုံခြုံရေးယူနေကြသော စစ်သားများ (ဓာတ်ပုံ -CJ)

ပေါက်ကွဲသံများ ၃ ချက်ခန့် ဆက်တိုက်ကြားရပြီးနောက် ရဲနှင့် စစ်သားများက အခင်းဖြစ်နေရာ မြဝတီဘဏ်သို့ ရောက်ရှိလာကာ လမ်းကိုပိတ်ထားလိုက်ပြီး ပေါက်ကွဲမှုကို စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးပြီး အန္တရာယ်မရှိ၍ လမ်းကို ပြန်ဖွင့်ပေးခဲ့ကြောင်း၊ ပေါက်ကွဲမှုမှာ အသံဗုံးပေါက်ကွဲခြင်းပေါက်ကွဲမှုဖြစ်သာ ဖြစ်ပြီး လူနှင့် ပစ္စည်းထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း ရွှေချီရပ်ကွက်နေ ပြည်သူတဦးက ပြောသည်။

” ဗျောက်အိုးသဘောမျိုး လောက်ပဲ ရှိမယ်ထင်တယ်။ ထိခိုက်ပျက်စီးတာ မရှိပါဘူး” ဟု ရပ်ကွက်နေ ပြည်သူတဦးက ပြောသည်။

ယနေ့ ဧပြီလ ၂၁ ရက်တွင်လည်း အဆိုပါ မြဝတီဘဏ်မှာ ပုံမှန် ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း ပျဉ်းမနားမြို့ မဂ်လာရပ်ကွက် အုပ်ချုပ်ရေးမှုး ရုံးအတွင်း အသံဗုံးဟု ယူဆရသော အရာတခုတွေ့ရှိခဲ့၍ ဗုံးလန့်မှု ဖြစ်ပွားခဲ့သော်လည်း ပေါက်ကွဲခြင်း မရှိခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

You may also like these stories:

ISP -Myanmar မှ ဝန်ထမ်းတဦး ဖမ်းဆီးခံရ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံ အစည်းအဝေး တက်ရောက်မည်ဟု နေပြည်တော် အတည်ပြု

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ အနီးတွင် တိုက်ပွဲဆက်ဖြစ်၊ ဒေသခံ ၆ ဦး ကျဆုံး

Loading