စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် စားနပ်ရိက္ခာ မဖူလုံမှုသည် မြန်မာပြည်တွင် ထောင်တက်နေပြီး ဘဏ္ဍာရေး အကျပ်အတည်း နက်ရှိုင်းလာသည်နှင့်အမျှ လာမည့်လများအတွင်း လူသန်းနှင့်ချီ ငတ်မွတ်မှုဒဏ် ကြုံရဖွယ်ရှိကြောင်း ကုလသမဂ္ဂက ယနေ့ ဧပြီလ ၂၂ ရက်တွင် ထုတ်ပြန်ပြောဆိုသည်။
ကုန်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် အလုပ်အကိုင် ဆုံးရှုံးခြင်းနှင့် စားသောက်ကုန်ဈေးနှုန်းများ တက်လာခြင်းတို့က မြို့ပြဒေသများတွင် အဆိုးရွားဆုံး ရိုက်ခတ်နေပြီး လာမည့် ၃ လနှင့် ၆ လအတွင်း လူ ၃ ဒဿမ ၄ သန်းနှင့်အထက် စားနပ်ရိက္ခာ အခက်အခဲ ကြုံနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ၏ သုံးသပ်ချက်များက ဆိုသည်။
“လူတွေ ပိုပိုပြီး အလုပ်လက်မဲ့တွေ ဖြစ်လာတယ်။ စားနပ်ရိက္ခာ မဝယ်နိုင်ကြတော့ဘူး” မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Stephen Anderson က ကြေညာချက်တွင် ပြောသည်။
ဖေဖော်ဝါရီလကုန်မှ စ၍ ဆန်နှင့် စားသုံးဆီဈေးမှာ ၅ ရာခိုင်နှုန်းနှင့် ၁၈ ရာခိုင်နှုန်းစီ တက်သွားပြီး ယင်းသည် ရန်ကုန်မြို့ရှိ မိသားစုများ အစားလျှော့စားရခြင်းနှင့် အာဟာရဓာတ် မပြည့်သော အစားအစာများ စားရခြင်းတို့ ကြုံတွေ့စေကာ အကြွေးလည်း တင်လာနေပြီ ဖြစ်ကြောင်း WFP က ဆိုသည်။
ယင်းသည် မကြာသေးမီက ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ကြေညာချက် နောက်ဆက်တွဲအနေဖြင့် ဖြစ်သည်။ စစ်အာဏာသိမ်းအပြီး အခြေအနေ ဖရိုဖရဲဖြစ်မှုများသည် မြန်မာနိုင်ငံမှ အဆင်းရဲဆုံးနှင့် ထိခိုက်လွယ်ဆုံးသူများ ရင်ဆိုင်နေရသည့် လက်ရှိလူမှုဖူလှုံရေး အခက်အခဲများကို ပိုမိုဆိုးရွားစေမည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု ရုတ်တရက် အလျှင်အမြန်တိုးလာခြင်း၊ ရိက္ခာဖူလှုံမှု အန္တရာယ်မြင့်မားလားခြင်းနှင့် ဆင်းရဲနွမ်းပါးပြီးသူများအတွက် ပိုမိုနက်ရှိုင်းသည့် အစစအရာရာ ပိုင်ဆိုင်မှု ဆုံးရှုံးခြင်းတို့ ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ဖေါ်ပြခဲ့သည်။
ကမ္ဘာ့ကြွေးမြီပြန်လည်ပေးဆပ်နိုင်မှုအဆင့် သတ်မှတ်သည့် လုပ်ငန်း Fitch Ratings ၏ လက်အောက်ခံ Fitch Solutions က ခန့်မှန်းချက်က ယခုနှစ်အတွက် မြန်မာ့စီးပွားရေးသည် ၂၀ ရာခိုင်နှုန်းထက်မက ပိုမိုကျုံ့သွားနိုင်သည့် အန္တရာယ်ရှိနေကြောင်း ဖေါ်ပြသည်။ ယင်းသည် ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်ဖြစ်သော စီးပွားရေး ၁၀ ရာခိုင်နှုန်း ကျုံ့ခြင်းထက် သိသိသာသာ များပြားနေပြီး မြန်မာ့စီးပွားရေးသည် အတားအဆီးမရှိ ကျဆင်းနေသည်ဟု မကြာသေးမီရက်များက သတိပေးခဲ့သည့် ပုဂ္ဂလိက ဘောဂဗေဒပညာရှင်များ၏ ဆိုးရွားသည့် ခန့်မှန်းချက်များကို ထင်ဟတ်နေသည်။
“မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ပြိုကျပျက်ဆီးနေပါတယ်။ လစာတွေ ထုတ်မပေးနိုင်တော့ဘူး။ လူတွေဟာ လုံခြုံမှုအတွက် တိမ်းရှောင်နေကြရတာကြောင့် သူတို့ဘဝတွေ ပျောက်ဆုံးကုန်ကြတယ်။ နိုင်ငံတဝန်းလုံး လူသားချင်းစာနာမှု အကျပ်အတည်းတခုဆီ ဦးတည်နေတယ်” ဟု ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအား နှစ်ပေါင်း ၃၀ ကြာ ထောက်ပံ့ကူညီနေသော The Border Consortium မှ အမှုဆောင် ဒါရိုက်တာ ဆယ်လီသွန်မ်ဆင် Sally Thompson ကလည်း ပြောသည်။
မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တွမ်အင်ဒရူးစ် Tom Andrews ကလည်း စစ်ကောင်စီတပ်များ၏ ရက်စက်ကြမ်းကြုပ်မှုကြောင့် လူပေါင်း ၂ သိန်း ၅ သောင်းခန့် မိမိနေထိုင်ရာ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးနေရကြောင်း တွစ်တာတွင် ရေးသားသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ ရွေးကောက်ခံ အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းယူလိုက်သောကြောင့် တိုင်းပြည်ဖရိုဖရဲ ဖြစ်သွားရသည်။ အာဏာဖီဆန်သူများကို ရက်စက်စွာ ပစ်ခတ်နှိမ်နင်းခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများကို စစ်တပ်က ပြုလုပ်သောကြောင့် လူ ၇၀၀ ကျော် သေဆုံးခဲ့ပြီးပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဆိုထားသည်။
“ကမ္ဘာကြီးက လူသားဆိုင်ရာ ကပ်ဆိုက်နေမှုကို ချက်ခြင်းကိုင်တွယ်ဖြေရှင်းရမယ်”ဟု ဗုဒ္ဓဟူးနေ့တွင် တွမ်အင်ဒရူးစ်က တွစ်တာတွင် ရေးခဲ့သည်။
WFP အနေဖြင့် စားနပ်ရိက္ခာ ထောက်ပံ့မှုကို လူပေါင်း ၃ ဒဿမ ၃ သန်းထိ ၃ ဆမြှင့် ထောက်ပံ့ရန် အမေရိကန် ဒေါ်လာ ၁၀၆ သန်း တောင်းဆိုလိုက်သည်။ စစ်အာဏာမသိမ်းမီ WFP က လူပေါင်း ၂ ဒဿမ ၈ သန်းကို ထောက်ပံ့နေခဲ့ကြောင်း သိရသည်။
ကိုးကား။ ။ Reuters, AP
You may also like these stories:
အင်တာနက်ပြတ်တောက်မှုကြောင့် စက်ဘီးဖြင့် အစားအသောက် ပို့ဆောင်သူများ ရှင်သန်ရန် ကြိုးစားနေရ
စစ်ကောင်စီက နိုင်ငံ့စီးပွားကို ဖျက်ဆီးလိုက်သည်
စီးပွားရေးပြိုကွဲနေချိန် ကျောက်မျက်ရောင်းရာမှ စစ်ကောင်စီ ဒေါ်လာသန်းချီရ