နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် နိုင်ငံတော် အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲထားမှုအား လိုက်ပါဆောင်ရွက်ရန် ရှေ့နေပါဝါ ရရှိပြီဖြစ်ကြောင်း ၎င်း၏ ရှေ့နေတဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူက “ ဒေါ်အောင်ဆန်းစုကြည်ဆီက ရှေ့နေ ကိုယ်စားလှယ်လွှဲစာ ရပြီဖြစ်လို့ ဒီနေ့ရှေ့နေပါဝါတင်တယ်။တရားရုံးကလည်း လက်ခံတယ်။ ရှေ့နေ ပါဝါ ရပြီပေါ့။ နောက်ပြီး သူနဲ့ လူချင်းတွေ့ဆုံခွင့် လျှောက်တာလည်း နောက်ရုံးချိန်း လျှောက်လှဲချက်ပေးရမယ်၊ ပြီးရင် ဆုံးဖြတ်ချက်ပေးရမှာပေါ့” ဟု ပြောသည်။
အမှုတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအဖြစ် ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်း၊ ဒေါ်စန်းမာလာညွန့်၊ ဦးသန်းနိုင်နှင့် ဦးကျော်စိန်လွင် တို့က လိုက်ပါ ဆောင်ရွက်ကြမည် ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီ၏ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ဖြင့် တရားစွဲဆိုခံရမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဩစတေးလျနိုင်ငံသား စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနဲလ်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နှင့် ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့လည်း ပါဝင်လျက်ရှိသည်။
ယနေ့ ရုံးချိန်တွင် တရားစွဲခံရသူများ အသီးသီး၏ ရှေ့နေများက လိုအပ်စာရွက်စာတမ်း ပြင်ဆင်တင်ပြမှုများ ပြုလုပ်ခဲ့ကြ သော်လည်း ပါမောက္ခ ရှောင်တာနဲလ်၏ ရှေ့နေကို မတွေ့ရသေးကြောင်းလည်း တရားရုံးသွားရောက်ခဲ့သည့် ရှေ့နေတဦးက ပြောသည်။
၎င်းတို့အား တရားစွဲထားသည့် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) သည် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မ ဖြစ်သည်။
အမှုနှင့်ပတ်သက်ပြီး တရားစွဲခံရသည့် ကာယကံရှင်များနှင့် ရှေ့နေများ လူခွင့်တွေ့ဆုံခွင့်ပင် မရသေးသည့်အတွက် အမှုစစ် ဆေးရန်မှာ နှောင့်နှေးဖွယ်ရှိကြောင်းလည်း ရှေ့နေများက ခန့်မှန်ေး ပြောကြားပြီး နောက်ရုံးချိန်းအား မေလ ၆ ရက်သို့ ပြန် လည် ချိန်းဆိုထားကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေပြည်တော်တွင်လည်း ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့်လည်း တရားစွဲခံထား ရသေးသည်။
You may also like these stories:
NLD ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦး အာမခံ ငြင်းပယ်ခံရ
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် အမှုတခု ထပ်တိုး