သတင်း

စစ်အာဏာသိမ်းခြင်းကြောင့် အရပ်သား ၂ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ

Want create site? Find Free WordPress Themes and plugins.

စစ်တပ်က အာဏာသိမ်းလိုက်သည့် ၃ လအတွင်း ပြည်နှင့် တိုင်းအသီးသီးတွင် အရပ်သား ၂ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေး နေကြောင်း ကုလသမဂ္ဂ၏ International Organization For Migration (IOM) နှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေ အနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့က စာရင်းပြုစုကာ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Tom Andrewက “မြန်မာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း၂ သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ပြေးကြရတယ်ဆိုတဲ့ သတင်းကြောင့် အင်မတန် ထိတ်လန့် တုန်လှုပ်မိ ပါတယ်။ ဒီလောက်ဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခကြီးကို နိုင်ငံတကာအနေနဲ့ ချက်ချင်းကိုင်တွယ် ဖြေရှင်းမှ ရပါမယ်” ဟု ဆိုသည်။

IOM က ဧပြီ ၁၉ ရက်တွင် ထုတ်ပြန်ထားသည့် စာရင်းထဲတွင် မြန်မာနိုင်ငံတွင်း နေရပ်စွန့်ခွာ ထွက်ပြေး နေရသူများမှာ ရန်ကုန်တိုင်း အတွင်းမှ လူဦးရေ ၁ သိန်းကျော်၊ ပဲခူးတိုင်းတွင် လူဦးရေ ၁ သိန်းကျော်၊ ကရင်ပြည်နယ်တွင် လူဦးရေ ၃၁၀၀၀ ကျော်၊ မကွေးတိုင်းတွင် လူဦးရေ ၃၀၀၀ ကျော်၊ ကချင်ပြည်နယ်တွင် လူဦးရေ ၁၇၀၀ ကျော်နှင့် ချင်းပြည်နယ်တွင် လူဦးရေ ၂၀၀ ကျော် ရှိသည်ဟု ဖော်ပြ ထားသည်။

ရန်ကုန်၊ ပဲခူး၊ မကွေးနှင့် ချင်းတို့တွင် နေအိမ်များ စွန့်ခွာကာ ထွက်ပြေးနေရသူများသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခြင်းကြောင့် စစ်တပ်နှင့်ရဲက လိုက်လံဖမ်းဆီးခြင်း၊ မိသားစုဘဝ မလုံခြုံတော့ခြင်းကြောင့် ထွက်ပြေးနေရသူများ ဖြစ်သည်။

ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများမှာ စစ်တပ်နှင့် ဒေသတွင်း တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့ များကြား တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ထွက်ပြေးနေရသူများ ဖြစ်သည်။

ကချင်ပြည်နယ်တွင် စစ်တပ်နှင့် KIA တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြသူများ

ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသား အစည်းအရုံး (KNU) သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလကတည်းက လက်မှတ်ရေးထိုးထားသော်လည်း စစ်တပ်က အရပ်သားအစိုးရကို ဖမ်းဆီးချုပ်နှောင်ပြီး အာဏာသိမ်းယူခြင်းကို လက်မခံနိုင်ခြင်းကြောင့် စစ်တပ်၏ ရှေ့တန်းတပ်စခန်းများကို ဖေဖော်ဝါရီမှ စ၍ တိုက်ခိုက်လျက် ရှိသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်နှင့် ပဲခူးတိုင်းဒေသကြီး တို့အတွင်း KNU တပ်ဖွဲ့များက စစ်တပ်ကို တိုက်ခိုက်ခြင်းကြောင့် စစ်တပ်က တိုက်လေယာဉ်များ အသုံးပြုပြီး ဗုံးကြဲရာ အရပ်သားကျေးရွာများကိုပါ ပစ်မှတ်ထား ကြဲချသဖြင့် အရပ်သားများမှာ ထွက်ပြေးနေရခြင်း ဖြစ်သည်။

ကချင်ပြည်နယ်တွင်လည်း ကချင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KIA) သည် စစ်တပ်က လူထုအပေါ်သတ်ဖြတ်နေသည့် လုပ်ရပ်ကို လက်မခံနိုင်ဟုဆိုကာ မတ် ၁၁ ရက်မှစ၍ အင်ဂျန်းယန်၊ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူ၊ မိုးမောက်၊ တနိုင်း၊ နမ္မတီး၊ ဖားကန့်မြို့ နယ်တို့တွင် ထိုးစစ်ဆင်ခြင်းများ ပြုလုပ်ရာ စစ်တပ်ကလည်း တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ထားသည်။

စစ်တပ်နှင့် KIA ၏ တိုက်ပွဲများကြောင့် မိုးမောက်မြို့နယ်မှ ထွက်ပြေးရသည့် ဒုက္ခသည် ၁၅၀၀ ကျော်ရှိပြီး အင်ဂျန်းယန် မြို့နယ်တွင် တောတောင်အတွင်း ပြေးနေရသည့် ဒုက္ခသည်မှာ ၉၀၀ ကျော် ရှိသည်။

IOM ၏ စာရင်း ၂၄၀၀၀ ကျော်သည် မတ် ၁၄ ရက်မှ ဧပြီ ၁၆ ရက်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူများ၏ စာရင်းဖြစ်ပြီး၊ ယင်း
စာရင်းတွင် ပါဝင်ခြင်း မရှိသော်လည်း အခြား နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများလည်း ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်နှင့် ကလေးမြို့နယ်တို့တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်စနစ် ဆန့်ကျင်နေသူများကို စစ်တပ်၏ ပစ်ခတ်ဖြိုခွင်းမှုနှင့် နေအိမ်များတွင် လိုက်လံရှာဖွေ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းခြင်းများကြောင့် ထွက်ပြေးနေရသူများရှိသော်လည်း IOMက စာရင်းအတိအကျ မရရှိသဖြင့် ၎င်းတို့၏ မှတ်တမ်းတွင် ဖော်ပြထားခြင်း မရှိပါ။

ကချင်ပြည်နယ်တွင် စစ်တပ်နှင့် KIA တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြသူများ

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသည့် လူငယ်များကို ဧရာဝတီမှ မေးမြန်းထားချက်အရ ကလေးမြို့နှင့် တန့် ဆည်မြို့တို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်နေသည့် လူငယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ စစ်တပ်က ရပ်ကွက်များအတွင်း တပ်စွဲထားခြင်းကြောင့် ထွက်ပြေးရသူ ဦးရေ စုစုပေါင်းမှာ ၁၀၀၀ ကျော် ရှိသည်ဟု သိရသည်။

ကလေးမြို့မှ ထွက်ပြေးတိမ်းရှောင်နေသည့် လူငယ်တဦးက “ဧပြီ ၇ ရက်နေ့ တာဟန်းခံတပ်ကို ဖြိုခွင်းခံရတုန်းကတင် ထွက်ပြေးနေရ တဲ့ လူငယ်တွေက၂၀၀ နဲ့အထက် ရှိပါတယ်။ဒါက အမာခံ ဆန္ဒပြနေတဲ့ လူငယ်တွေအပါအဝင် အချို့ကလည်း သူတို့မိသားစုတွေပါ တိမ်းရှောင်နေကြရတယ်။ တာဟန်းကို မဖြိုခွင်းခင်ကတည်းကလည်း တာဟန်းခံတပ်နားက အိမ်တွေဆိုရင် ထွက်ပြေးနေကြရတာပါ” ဟု ပြောသည်။

ဧရာဝတီမှ စုဆောင်းထားသည့် စာရင်းများအရ စစ်တပ် အာဏာသိမ်းသည့် ဖေဖော်ဝါရီလအတွင်း ထွက်ပြေး တိမ်းရှောင်ရသူဦးရေမှာ ၁၀၀၀ ကျော် ရှိသည်။

၎င်းတို့မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၃၉၀ ကျော်နှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ပြည်နယ်နှင့်တိုင်းအသီးသီးမှ NLD လွှတ်တော် ကိုယ်စားလှယ်ဦးရေ ၂၅၀ ကျော်နှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသည့် နိုင်ငံရေးသမားများနှင့် NLD ပါတီဝင်များ၊ စစ်အာဏာရှင်လက်အောက် အလုပ်မလုပ်ရေး CDM လှုပ်ရှားမှု ပြုလုပ်နေသည့် ကဏ္ဍ အသီးသီးမှ ဝန်ထမ်းများ၊ သတင်းဌာန အသီးသီးမှ သတင်းထောက်များ ဖြစ်သည်။

စစ်ကောင်စီက နိုင်ငံတွင်းမှ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ၏ နယ်မြေများနှင့် နယ်စပ်ဒေသများသို့ ထွက်ပြေးသွားသည့် နိုင်ငံသားများအနေဖြင့် မိမိတို့ ဒေသအသီးသီးသို့ ပြန်လာကြရန် နေ့စဉ် သတင်းစာများနှင့် ရုပ်မြင်သံကြားများတွင် ကြေညာလျက် ရှိသည်။

ပြစ်မှုကျူးလွန်ထားသူများမှ အပ ကျန်သူများ ပြန်လာနိုင်သည်ဟု စစ်ကောင်စီက ဖိတ်ခေါ်နေခြင်း ဖြစ်သည်။

ထိုသို့ နေရပ်ပြန်လာကြရန် ဖိတ်ခေါ်နေသော်လည်း စစ်ကောင်စီ၏ လက်အောက်ခံတပ်များသည် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ မြို့ပေါ် ရပ်ကွက်များတွင် တပ်စွဲထားဆဲဖြစ်ပြီး ဒီမိုကရေစီရရှိရေး တောင်းဆိုနေသူများ၊ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး ဆောင်ရွက်နေသူများ ကို ပိုက်စိပ်တိုက်ရှာဖွေကာ ဖမ်းဆီးနေဆဲ ဖြစ်သည်။

ထို့ပြင် လူမှုကွန်ရက်ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စာများ ရေးသားဖြန့်ဝေနေသူများ ၊ စစ်အာဏာရှင်လက်အောက် အလုပ် မ လုပ်ရေး CDM လှုပ်ရှားမှုပြုလုပ်နေသူများကို အများပြည်သူ အကျိုးပျက်စီးစေမှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခြင်းများ ပြုလုပ်နေဆဲ ဖြစ်သည်။

ဖေဖော်ဝါရီ ၁ရက်မှ ယနေ့ထိ စစ်တပ်က ဖမ်းဆီးထားသူ ဦးရေ ၃၀၀၀ ကျော်ပြီ ဖြစ်ကာ ပစ်ခတ်သတ်ဖြတ်ခံရခြင်းကြောင့် သေဆုံး သူဦးရေသည်လည်း ၇၀၀ ကျော်ပြီဖြစ်သည်။

You may also like these stories:

လူသန်းနှင့်ချီပြီး မြန်မာပြည်တွင် စားနပ်ရိက္ခာ အခက်ကြုံဖွယ်ရှိဟု ကုလသမဂ္ဂ ထုတ်ပြန်

ယင်းမာပင်တွင် တူမီးသေနတ် တွေ့သည်နှင့် ဒေသခံများ အဖမ်းခံနေရ

Did you find apk for android? You can find new Free Android Games and apps.
Loading