ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲများ သတင်းယူရင်း ဖမ်းဆီးခံထားရသည့် သတင်းထောက်များ အာမခံလျှောက်ထားမှုအား သက်ဆိုင်ရာတရားရုံးများက ဆက်တိုက်ဆိုသလို ပယ်ချမှုများရှိနေကြောင်း ရှေ့နေများထံကသိရသည်။
အင်းစိန်အကျဉ်းထောင်အတွင်းရှိ ယာယီတရားရုံးတွင် ယနေ့ရုံးထုတ်ခဲ့သည့် အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းနှင့် Myanmar Now သတင်းထောက် မကေဇွန်နွေးတို့၏ အာမခံလျှောက်ထားမှုမှာလည်း ပယ်ချခံခဲ့ ရသည်။
ကိုစိုးရာဇာထွန်းအား လိုက်ပါကူညီပေးနေသည့် ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “ကိုစိုးရာဇာထွန်းရဲ့ အာမခံ လျှောက်ထားမှုကို ဒီနေ့ပယ်ချလိုက်တာပေါ့၊ နောက်ရုံးချိန်းကျရင်တော့ တရားလိုနဲ့ တရားလိုပြသက်သေတွေ စပြီးစစ်တော့မယ်၊ ဒီလိုစစ်ပြီးမှပဲ ပေါ်ပေါက်ချက်တွေကိုကြည့်ပြီး အာမခံထပ်ပြီးလျှောက်ဖို့ လုပ်သွားရမှာပါ”ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၀ ရက်နေ့ကလည်း MPA ဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့်နှင့် အလွတ်တန်းသတင်းထောက် ကိုဗညာဦး၊ ဇီးကွက်မီဒီယာမှ ကိုပြည့်ဖြိုးဇော်တို့အား ရုံးထုတ်ရာတွင်လည်း ၎င်းတို့၏ အာမခံလျှောက်ထားမှု ပယ်ချခံခဲ့ရသေးသည်။
ယင်းအပြင် မတ်လ ၂၄ ရက်နေ့ညပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက်နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော်နှင့် နေအိမ်စောင့် စိုင်းစည်သူတို့အား ယနေ့ (ဧပြီ ၂၂ ရက်နေ့) ညောင်ရွှေအကျဉ်းထောင်တွင် ဒုတိယအကြိမ်ရုံးထုတ်ခဲ့သော်လည်း တရားလိုပြ သက် သေလာရောက်ခြင်းမရှိသည့်အတွက် မစစ်ဆေးနိုင်ခဲ့ကြောင်း ရွှေဖီးမြေသတင်းအေဂျင်စီက ဖော်ပြထားသည်။
ဖမ်းဆီးခံရသည့် သတင်းထောက်အများစုသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲခံထားရခြင်းဖြစ် ပြီး စစ်ကောင်စီအနေဖြင့် သတင်းထောက်များအပေါ် ပစ်မှတ်ထားဖမ်းဆီးမှုများလည်း ဆက်လက်ပြုလုပ်နေဆဲ ဖြစ်သည်။
Detained Journalists Information Myanmar ၏ ဖော်ပြချက်အရ စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက် နေ့မှ ဧပြီ ၂၁ ရက်နေ့မနက်ပိုင်းအထိ သတင်းမီဒီယာများထဲမှ ဖမ်းဆီးခံရသူ ၆၉ ဦးရှိခဲ့ပြီး ၎င်းတို့ထဲမှ ၃၀ ဦးပြန် လည်လွှတ်မြောက်ခဲ့ကာ ၃၉ ဦးဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း သိရသည်။
You may also like these stories:
နယ်စပ်မှ သွင်းကုန် ၅ မျိုးကို ပိတ်ပင်မှုက အဂတိနှင့် မှောင်ခိုဈေးကွက်ပေါ်လာနိုင်
အမျိုးသမီးငယ်များနှင့် ဖမ်းဆီးထားသူများအပေါ် စစ်ကောင်စီတပ်များ ရာဇဝတ်မှု ကျူးလွန်
ပဲခူးပစ်ခတ်မှု၌ သေဆုံးသူတို့၏ အုတ်ဂူများဖယ်ရှားရန် ဖိအားပေး