ASEAN အနေဖြင့် စစ်အာဏာသိမ်းအပြီး မြန်မာ့နိုင်ငံရေး မည်သည့် ကြားဝင်ညှိနှိုင်းမှုမဆို စစ်ကောင်စီအား တရားဝင်အသိအမှတ်ပြုခြင်းဆီ ဦးတည်မသွားသင့်ကြောင်း သေချာစေရမည်ဟု အတိုက်အခံ အမျိုးသားညီညွတ်ရေး အစိုးရ NUG နှင့် ဒေသတွင်း လူ့အခွင့်အရေးလှုပ်ရှားသူများက တောင်းဆိုခဲ့သည်။
အွန်လိုင်းသတင်းစာရှင်းလင်းပွဲတခုတွင် လတ်တလော ဖွဲ့စည်းခဲ့သော NUG ၏ ဝန်ကြီးတဦးဖြစ်သူ နော်ဆူဇန်နာလှလှစိုးက အရပ်သားအစိုးရကို တခဲနက် ထောက်ခံအားပေးကြသော မြန်မာလူထု၏ စိတ်ဆန္ဒအပေါ် အခြေခံပြီး ဒေသတွင်း ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် ASEAN အဖွဲ့က လုပ်ကိုင်ကြစေလိုကြောင်း ပြောဆိုသည်။
မနက်ဖြန် စနေနေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပမည့် မြန်မာ့အရေး ASEAN ထိပ်သီးဆွေးနွေးပွဲသို့ ရည်ရွယ်၍ သူက ပြောဆိုခြင်း ဖြစ်သည်။
အခြားစစ်ကောင်စီဆန့်ကျင်သူများကဲ့သို့ NUG ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက ASEAN နှင့် နိုင်ငံတကာအစိုးရများအနေဖြင့် စစ်ကောင်စီအစား ၎င်းတို့စင်ပြိုင်အစိုးရကို အသိအမှတ်ပြုရန် တိုက်တွန်းခဲ့သည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီက လူအနည်းဆုံး ၇၃၉ ဦးကို ပစ်သတ်ပြီး ၃၂၆၁ ဦးကို ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ အဆိုအရ သိရသည်။
“ASEAN ခေါင်းဆောင်တွေအနေနဲ့ ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲ၊ စစ်တပ်က နောက်ဆုံးတနေ့ တနိုင်ငံလုံးကို ထိန်းချုပ်နိုင်မှာပဲ၊ ဒါက ဖြစ်လိုက် ပျက်လိုက် သမားရိုးကျပဲလို့ မြင်ကောင်းမြင်မယ်။ မြန်မာပြည်သူတွေအတွက်တော့ စစ်တပ်အောက်မှာ နှစ် ၇၀ ကျော် နေခဲ့ပြီးလို့ တော်လောက်ပြီလို့ ပြောရမယ်။ စစ်တပ်အောက်မှာ နေမယ့်အစား အာဏာရှင်အောက်မှာနေမယ့်အစား ကျမတို့ သေခြင်းတရားကိုပဲ ရွေးချယ်မယ်” ဟု နော်ဆူဇန်နာလှလှစိုးက ပြောသည်။
စောင့်ကြည့်လေ့လာသူများအနေဖြင့် ဖိလစ်ပိုင်နှင့် ထိုင်းမှလွဲပြီး လူကိုယ်တိုင် တက်ရောက်ကြမည့် ASEAN ခေါင်းဆောင်များသည် မြန်မာအကျပ်အတည်းကို ဖြေရှင်းရန် အထူးကိုယ်စားလှယ် ခန့်ထားနိုင်မည့် ဖြစ်နိုင်ခြေကို တွက်ဆနေကြသည်။
ASEAN ခေါင်းဆောင်အများအပြားကလည်း မြန်မာပြည်တွင်း အကြမ်းဖက်မှုများ အမြန်ဆုံး ရပ်ဆိုင်းသွားရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ NLD ခေါင်းဆောင်များ လွှတ်ပေးရန်နှင့် စစ်အာဏာသိမ်းမှုကို ဖြစ်စေသော စစ်တပ်နှင့် NLD ကြား အငြင်းပွားမှုအား စတင် ဆွေးနွေးဖြေရှင်းရန်တို့မှာ ၎င်းတို့၏ ဦးစားပေး ဖြစ်ကြောင်း ပြောဆိုထားကြသည်။
အထူးကိုယ်စားလှယ် ခန့်ထားရေးမှာ “မှားယွင်းတဲ့ အဖွဲ့အစည်းကို အသိအမှတ်ပြုဖို့ ဦးမတည်သင့်”ဟု နော်ဆူဇန်နာလှလှစိုးက ပြောသည်။
မလေးရှား လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ Asean Parliamentarians for Human Rights (APHR) ၏ အဖွဲ့ဝင်လည်းဖြစ်သူ ချားလ်စ်ဆန်တီယေးဂိုး Charles Santiago ကလည်း သဘောတူသည်။
ကြာသပတေးနေ့က ကျင်းပသော အွန်လိုင်းသတင်းစာရှင်းလင်းပွဲသည် APHR နှင့် Altsean-Burma (Alternative Asean Network on Burma) တို့ ပူးပေါင်းစီစဉ်သောပွဲဖြစ်သည်။
အထူးကိုယ်စားလှယ် ခန့်ထားရေးသည် စနေနေ့ ထိပ်သီးဆွေးနွေးပွဲ၏ အဓိက အစိတ်အပိုင်းဖြစ်မည်ဟု ဆန်တီယေးဂိုးက ယုံကြည်သည်။ အထူးကိုယ်စားလှယ်သည် စင်ကာပူ သို့မဟုတ် အင်ဒိုနီးရှားမှ ဖြစ်မည်ဟု သူက ထင်သည်။
စင်ကာပူ အကြီးတန်း သံအမတ်ဟောင်းတဦးက စင်ကာပူဝန်ကြီးချုပ်ဟောင်း ဂိုချုပ်ထောင်ကို ခန့်နိုင်ကြောင်း ထင်မြင်ချက် ပေးသလို သတင်းစာဆရာ လယ်ရီဂျေဂင်က ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ရေးရာ၌ ထိုင်း ဒု ဝန်ကြီးချုပ်ဟောင်း ဆူရာကီးယတ် ဆပ်ထီယာထိုင်းနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း မာတီနာတာလီဂါဝါ တို့လည်း အလားအလာရှိကြောင်း ထင်ကြေးပေးသည်။
“အဲဒါက အလှည့်အပတ် များလွန်းတယ်။ အပြစ်ကင်းသလို ဖြစ်ပြီး နားဝင်ချိုပုံရပေမယ့် ခင်ဗျားကို စစ်တပ်က ဖိတ်မှ ပြည်ဝင်ခွင့်ရမယ်။ ခင်ဗျား ဘယ်သူနဲ့ တွေ့ရမယ်၊ ဘယ်သူနဲ့ စကားပြောရမယ်ဆိုတာ စစ်တပ်ကပဲ ဆုံးဖြတ်မယ်” ဟု ဆန်တီယေးဂိုးက ပြောပြီး အရပ်ဘက်အဖွဲ့အစည်းများနှင့် NLD ကိုယ်စားလှယ်များအား လွတ်လပ်စွာ တွေ့ဆုံခွင့် ရမည် မဟုတ်ဟုလည်း ဆိုသည်။
အထူးကိုယ်စားလှယ်ခန့်အပ်ခြင်းသည် မြန်မာ စစ်ခေါင်းဆောင်အား “ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ကို ဆန့်ကျင်တဲ့ သူ့စနစ်ကို နေရာချပေးသလို ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်တာတွေ ပိုဖြစ်စေမယ့် သူ့အလုပ်ကို အပြီးသတ်ပေးလိုက်သလို” ဖြစ်မည်ကို စိုးကြောက်ကြောင်း ဆန်တီယေးဂိုးက ပြောသည်။
သတင်းစာရှင်းလင်းပွဲတွင် စနေနေ့ ဂျကာတာ ဆွေးနွေးပွဲသို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးတို့ မတက်ရောက်မည့်ကိစ္စကိုလည်း ထည့်သွင်းပြောခဲ့ကြသည်။
အစောပိုင်းကတည်းက ဂျကာတာ ထိပ်သီးဆွေးနွေးပွဲကို မြန်မာစစ်တပ်၏ အရပ်သား ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုများသည် လက်ခံနိုင်ဖွယ် မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရှင်းလင်းပြတ်သားသော သတင်းစကား ပါးနိုင်သော အရေးပါသည့် အစည်းအဝေးတခုမျှ ဖြစ်မည်ဟု ASEAN စောင့်ကြည့်သူများက တွက်ဆမျှော်လင့်ထားပြီး ဖြစ်သည်။
ပရာယွတ်နှင့် ဒူတာတေးတို့ ဆွေးနွေးပွဲ မတက်ရောက်သည်ကို ထောက်ပြပြီး ဆန်တီယေးဂိုးက “ASEAN အတွက် မျက်နှာပျက်စရာ” လို ဖြစ်သွားခဲ့ရကြောင်း ပြောသည်။
“ASEAN အစိုးရ ခေါင်းဆောင်တွေဟာ ဒီဆွေးနွေးပွဲကို အလေးအနက် မထားမှန်း ပေါ်လွင်ပါတယ်။ အင်ဒိုနီးရှား အစည်းအဝေးက ဘယ်လိုဆုံးဖြတ်ချက်မျိုးမဆိုအတွက် ဒီဟာက စကားကောင်း မပြောဘူး” ဟု ဆန်တီယေးဂိုးက ဆိုသည်။
Altsean-Burma ၏ တည်ထောင်သူနှင့် ညှိနှိုင်းရေးမှူး ဒက်ဘီစတော့ဟတ် Debbie Stothard က ASEAN အတွက် အစည်းအဝေးက အလုပ်ဖြစ်ရန် အချိန်ရှိသေးကြောင်း ပြောသည်။ သူ၏ ထောက်ခံတင်ပြချက်ထဲမှ တချက်မှာ ဆွေးနွေးပွဲသို့ NUG နှင့် UN မှ ကိုယ်စားလှယ်များကို ဖိတ်ကြားရန် ဖြစ်သည်။
မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ခရစ်စတင်း ရှရန်နာ ဘာဂနာလည်း ဆွေးနွေးပွဲ ပြင်ပတွင် ASEAN နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံရန် ရှိသော်လည်း ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် မရှိကြောင်း Reuters သတင်းက ဗုဒ္ဓဟူးနေ့တွင် ဆိုသည်။
“ASEAN အနေနဲ့ ဘာတွေလုပ်ရမယ် ဆိုတာကို သိပါတယ်။ အဲဒါတွေ လုပ်ဖို့ သတ္တိရှိဖို့ လိုပါတယ်။ အနည်းဆုံး လမ်းမတွေပေါ် နေ့စဉ်ထွက် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ပြီး သေမင်းနဲ့ ရင်ဆိုင်နေတဲ့ မြန်မာပြည်သူတွေရဲ့ သတ္တိ တဝက်လောက်ကိုပဲ သူတို့ မွေးသင့်တာပါ” ဟု ဒက်ဘီစတော့ဟတ်က ပြောဆိုသည်။
ကိုးကား။ ။ South China Morning Post
You may also like these stories:
ASEAN ထိပ်သီးဆွေးနွေးပွဲသို့ တရားမဝင် စစ်ကောင်စီ မဟုတ်ဘဲ NUG ကို ဖိတ်ကြားသင့်
မြန်မာ့အကျပ်အတည်း တုံ့ပြန်မှုပေါ် ASEAN အနာဂတ် မူတည်နေ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံ အစည်းအဝေး တက်ရောက်မည်ဟု နေပြည်တော် အတည်ပြု