မွန်ပြည်နယ် သထုံခရိုင် ကျိုက်ကော်မြိုတွင် ယနေ့ မနက် ၆ နာရီခွဲခန့်က ဆန္ဒထုတ်ဖော်သူများအား လုံခြုံရေး လိုက်ပါလာသည့် KNU/KNLA တပ်ဖွဲ့ဝင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့သူ ဒေသခံတဦးက ပြောသည်။
ပစ်ခတ်မှုသည် နောင်ဘို၊ သက္ကတောင်ပေါ်ဘုရား အတက်မုခ်ဦးအဝင် ကောင်းကြိုက်စားသောက်ဆိုင်အနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းတပ်ဘက် ၄ ဦး ထိမှန်ခဲ့သည့်အတွက် အရေးပေါ်ကားဖြင့် တင်သွားသည်ကိုလည်း တွေ့ရကြောင်း ၎င်းက ပြောသည်။
“မနက် ဆန္ဒပြတဲ့ဆီကို စစ်ကားတစီး လူ ၁၀ ခန့် လက်နက် အပြည့်အစုံနဲ့ လာတယ်၊ ရှေ့ကကားတစီးကလည်း မီးဖွင့်ပြီး မောင်းလာတော့ အဲဒီမှာ ပြည်သူကို လုံခြုံရေးစောင့်ပေးနေတဲ့ KNU ရဲဘော်တွေနဲ့ ပစ်ခတ်မှုဖြစ်တာ။ စစ်တပ်ဘက်က ၄ ဦး ထိတာမှာ တဦးကတော့ ခြေထောက်မှန်တာ၊ နောက်ပိုင်းတဦး သေတယ်လို့ ကြားပေမယ့် အတိအကျတော့ မသိရသေးဘူး” ဟု အနီးအနား မျက်မြင်တွေ့သူက ပြောသည်။
ယနေ့ ပစ်ခတ်မှုဖြစ်ခဲ့သည့် တပ်သည် သထုံမြို့နယ် အလံတရာတောင်ခြေမှ လေ့ကျင့်ရေး ၉ တပ်မှ ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ပစ်ခတ်မှုအတွင်း အာဏာသိမ်းတပ်ဘက် နောက်ပြန်ဆုတ်ရာတွင်လည်း လမ်းပေါ်သွားနေသည့် ကားတစီးအား တိုက်မိခဲ့ပြီး ဆိုင်ကယ်ဖြတ်မောင်းလာသူတဦးမှာလည်း ပစ်ခတ်ခံရမှုကြောင့် ခြေထောက်ရှပ်ထိ ဒဏ်ရာရရှိခဲ့သေးကြောင်း သိရသည်။
ယင်းသို့ ပစ်ခတ်မှုဖြစ်ပြီးနောက် ပြန်ဆုတ်သွားသည့် စစ်တပ်အနေဖြင့် ၉ နာရီခွဲခန့်တွင် စစ်ကူများဖြင့် ပြန်လည် ရောက်ရှိလာပြီး သက္ကတောင်ပေါ်ဘုရားမုခ်ဦးအနီးရှိ ရာဘာခြံထဲတွင် ပစ်ခတ်မှုများရှိသော်လည်း ထိခိုက်မှုအခြေအနေ မသိရှိရသေးကြောင်း ဒေသခံတဦးကပြောသည်။
ယနေ့မနက်ပိုင်းတွင် ဒေသခံပြည်သူများအနေဖြင့် ကျိုက်ကော်နှင့် ဘီးလင်းမြို့အကြားရှိ သုဝဏ္ဏဝတီမြို့၊ ပုတိန်ရိုး( ဖော်ဖ) စာသင်ကျောင်းရှေ့တွင် အင်အား ရာဂဏန်းဖြင့် CRPH မှ ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီမှ ရွေးကောက်ပွဲအနိုင်ရ ဘီးလင်းမြို့နယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ ဦးဆောင်ပါဝင်ခဲ့သည်ကိုလည်း တွေ့ရသည်။
ယနေ့မနက်ပိုင်း ပစ်ခတ်မှုဖြစ်စဉ်များကြောင့် ရန်ကုန်- မော်လမြိုင် လမ်းမကြီး ခေတ္တပိတ်ဆို့သွားပြီး ၉ နာရီခန့်တွင် ပြန်လည်ဖွင့်လှစ်ကာ သွားလာလျက်ရှိကြောင်းလည်း ဒေသခံများက ပြောသည်။
ယမန်နေ့ ဧပြီ ၂၂ ရက် ညဦးပိုင်းကလည်း ဘီးလင်းမြို့နယ် ရွှေရောင်ပြဒေသဘက် ချောင်းဇောက်၊ မရမ်းကုန်ကျေးရွာများဘက်သို့ အာဏာသိမ်းတပ် အမြှောက်တပ်မှ လက်နက်ကြီး ၅ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရပြီး မရမ်းကုန်းကျေးရွာမှ အသက် ၅၀ ကျော်ခန့် အမျိုးသမီးတဦး လက်နက်ကြီး ဗုံးစထိမှန်ကာ သေဆုံးခဲ့ကြောင်းလည်း ဒေသခံများထံက သိရသည်။
အလားတူ သံလွင်မြစ်အတွင်း ကင်းလှည့်နေသည့် ထိုင်းရေယာဉ်တစီးကို မြန်မာစစ်တပ်က ယမန်နေ့က ပစ်ခတ်ခဲ့သေးသည်။
You may also like these stories:
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် အင်တာပိုရဲတပ်ဖွဲ့ ထံ NUG တောင်းဆို
စစ်ကောင်စီ၏ ကျန်းမာရေးယန္တရားကို အယုံအကြည်မရှိဟုဆိုကာ ကိုဗစ် မစစ်ကြ
စစ်အာဏာသိမ်းခြင်းကြောင့် အရပ်သား ၂ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ