နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် တရားစွဲဆိုခံထားရသည့် ဦးဝင်းထိန်နှင့် ၎င်း၏ ရှေ့နေတို့ လူချင်းတွေ့ခွင့်မရသေး၍ ယနေ့ ရုံးချိန်းကို ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။
ယခင် ရုံးချိန်းရက်က ဦးဝင်းထိန်၏ ရှေ့နေ လျှောက်ထားသည့် လူချင်းတွေ့ဆုံခွင့်ကို ရုံးတော်က အကျဉ်းထောင် လက်စွဲ၊ ရဲ လက်စွဲများအတိုင်း ဆောင်ရွက်ရန် အမိန့်ချခဲ့ပြီး ထိုအမိန့်တိုင်း ရှေ့နေက ဦးဝင်းထိန်ကို ထိန်းသိမ်းထားသည့် နေပြည်တော် အချုပ်ထောင်သို့ သွားရောက်တောင်းဆိုထားသော်လည်း ယနေ့ထိ တွေ့ခွင့်မရသေးသောကြောင့် ယခုရုံးချိန်းကိုရွေ့ဆိုင်းပေးရန် တရားရုံးသို့ထပ်မံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဦးဝင်းထိန်၏ ရှေ့နေဖြစ်သူ ဒေါ်မင်းမင်းစိုးက “ဒီနေ့ရုံးချိန်းက တရားလိုစစ်ဖို့ ချိန်းထားတာပါ။ တွေ့ခွင့် (ဦးဝင်းထိန်နှင့်) မရသေးတဲ့အတွက်ကြောင့်အမှုနဲ့ ပတ်သက်ပြီးတော့မှ တွေ့ခွင့် ညွှန်ကြားချက်ရယူပြီးမှ အမှုစစ်ဆေးတဲ့အခါမှာ ဥပဒနေဲ့ ညီညွတ်စွာဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် တရားလို စစ်ဆေးတာကို ဆိုင်းငံ့ပြီးတော့မှ ရုံးချိန်းရက်သတ်မှတ်ပေးဖို့ ဒီနေ့လျှောက်ထားတယ်” ဟု ပြောသည်။
ထိုလျှောက်ထားချက်ကို ရုံးတော်က ခွင့်ပြုပေးခဲ့ပြီး ရုံးချိန်းကို လာမည့် မေလ ၇ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ကာ ထိုရုံးချိန်းတွင်မူ တရားလို စစ်ဆေးမှုကို မပျက်မကွက် လုပ်ဆောင်သွားဖြစ်ကြောင်း တရားရုံးက ပြောဆိုခဲ့ကြောင်း သိရသည်။
ယခင် ဧပြီလ ၉ ရက်နေ့ရုံးချိန်းကလည်း ဦးဝင်းထိန်၏ ကျန်းမာရေးအရ အာမခံလျှောက်ထားမှုကို တရားရုံးက ပယ်ချခဲ့ပြီး အာမခံရရှိရေးအတွက် လိုအပ်သည့်အချက်အလက်များ ဆေးစာများစုဆောင်းက ဆက်လက်တောင်း ဆိုမှုများပြုလုပ်သွားမည်ဟု ဒေါ်မင်းမင်းစိုးကပြောသည်။
ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က)ဖြင့် တရားလို ပြလုပ်၍ တရားစွဲသူမှာ နေပြည်တော် ဥတ္တရသီရိခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလူ ဆိုသူ ဖြစ်ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပုဒ်မ ၁၂၄ (က)တွင် မည်သူ့ကိုမဆို နုတ်ဖြင် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ၊ အမှတ်အသားဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ ပြည်ထောင်စုအတွက် သို့မဟုတ် ပြည်ထောင်စုအဖွဲ့ ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်း ထားအောင်သော်လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်း ပြုလျှင် ထိုသို့ ပြုရန် အားထုတ်လျှင် လှုံ့ဆော်လျှင် ထိုသူကို ငွေဒဏ်နှင့်တကွ ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ ၇ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် သက်သက်ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်က နိုင်ငံတော် အာဏာကို ရယူပြီးနောက် ဦးဝင်းထိန်က သတင်းသမားတချို့ နှင့် တွေ့ ဆုံ ဖြေကြားမှုများ နေပြည်တော်တွင် ပြုလုပ်ခဲ့ရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပုဂ္ဂိုလ်ရေး အကျိုးစီးပွား အတွက် အာဏာသိမ်းကြောင်း၊ တရားဝင် အစိုးရ၊ ပြည်သူလူထုကနေ Mandate ပေးထားသည့်၊ ပြည်သူလူထုကနေ ရွေးချယ်ထားသည့် ပုဂ္ဂိုလ် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းလိုက်ပြီဆိုကတည်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မထူးဇာတ်ခင်းသွားပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီလ ၄ ရက်နေ့ ရန်ကုန်မြို့သို့ ပြန်ရောက်စဉ် ယင်းနေ့တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး နေပြည်တော်သို့ ပြန်လည် ခေါ်ဆောင်ခံခဲ့ရသည်။
တရားဝင် အစိုးရ၊ ပြည်သူလူထုကနေ Mandate ပေးထားသည့်၊ ပြည်သူလူထုကနေ ရွေးချယ်ထားသည့် ပုဂ္ဂိုလ် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းလိုက်ပြီဆိုကတည်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မထူးဇာတ်ခင်းသွားပြီ ဖြစ်ကြောင်း
ဦးဝင်းထိန်သည် တပ်မတော် အရာရှိဟောင်းတဦး ဖြစ်ပြီး အောင်မြင်သည့် လုပ်ငန်းရှင်တဦးအဖြစ် ရပ်တည်နေရာမှ ၁၉၈၈ ခုနှစ်တွင် NLD ခေါင်းဆောင်များဖြစ်သည့် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပူးပေါင်းခဲ့သဖြင့် ၁၉၈၉ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ထောင်ဒဏ် ၅ နှစ်ခွဲ ကျခံခဲ့ရသည်။
၁၉၉၆ ခုနှစ်တွင် နောက်တကြိမ်ထပ်အဖမ်းခံရပြီး အင်းစိန်ထောင်၊ မြင်းခြံထောင်၊ မိတ္ထီလာထောင်၊ မန္တလေးထောင်နှင့် ကသာထောင်တို့တွင် ၂၀၁၀ ခုနှစ်အထိ ၁၄ နှစ်ကြာ နေထိုင်ခဲ့ရသည်။
ဦးဝင်းထိန်သည် စုစုပေါင်း ထောင်ထဲတွင် နှစ် ၂၀ နှင့် ၂ လ နေထိုင်ခဲ့ရပြီး ဖြစ်သည်။
You may also like these stories:
ပုဂ္ဂိုလ်ရေး အကျိုးစီးပွားကို ဦးစားပေးပြီး အာဏာသိမ်းခြင်းဟု ဦးဝင်းထိန်ပြော
ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီး
ဦးဝင်းထိန်အမှု အာမခံ လျှောက်ထားမှု ပယ်ချခံရ
Mizzima အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်ကို ဒုတိယအကြိမ် ရုံးထုတ်