မုံရွာသပိတ်ခေါင်းဆောင်တဦးဖြစ်သူ ကိုဝေမိုးနိုင် အပါအဝင် ၄၂ ဦးကို လူသတ်မှုဖြင့် ယမန်နေ့ (ဧပြီ ၂၃ ရက်) က တရားစွဲတင်လိုက်ပြီဖြစ်ကြောင်း မုံရွာခရိုင်ရှေ့နေများကွန်ရက်ထံမှ သိရသည်။
ကိုဝေမိုးနိုင် အပါအဝင် ၃၈ ဦးကို ရာဇဝတ်ကြီးအမှုအမှတ် ၁၀/၂၀၂၁ ဖြင့် မုံရွာခရိုင်တရားရုံးတွင် ၃၀၂(လူသတ်မှု) နှင့်လည်းကောင်း၊ ကျန် ၄ ဦးမှာ ကလေးသူငယ် ဖြစ်သောကြောင့် မုံရွာမြို့နယ်တရားရုံး၌ လည်းကောင်း အသီးသီး တရားစွဲတင်ခံရခြင်း ဖြစ်သည်။
မုံရွာခရိုင်ရှေ့နေများကွန်ရက် အဖွဲ့ဝင်တဦးက “ကိုဝေမိုးနိုင်ကို Video Conferencing စနစ်နဲ့ ရုံးထုတ်တယ်။ ကျန်းကျန်းမာမာ ရှိတယ်။ နေရာကိုတော့ သူတို့က မပြောဘူး။ တရားရုံးနဲ့ Video Conferencing နဲ့ ရုံးထုတ်တယ်” ဟု ဧရာဝတီကို ပြောသည်။
ကျန်သူများအနက် တချို့မှာ မုံရွာအကျဉ်း ထောင်နှင့် တချို့မှာ နယ်မြေရဲစခန်းများတွင် ထိန်းသိမ်းခံထားရသည်ဟု ၎င်းက ဆိုသည်။
ကိုဝေမိုးနိုင် အပါအဝင် ၄၂ ဦးကို မုံရွာမြို့ ဆားကျင်းသုဿန်တွင် ရဲ ၂ ဦး အသတ်ခံထားရသည့်ကိစ္စနှင့်ပတ်သက်၍ စွပ်စွဲခံရပြီး ယခုလို တရားစွဲခံရခြင်းဖြစ်ကြောင်း သိရသည်။
လာမည့်ရုံးချိန်းကို မေလ ၇ ရက်တွင် ချိန်းဆိုထားပြီး ယင်းနေ့တွင် အမှုအပ်နှံထားခြင်းခံရသည့် သက်ဆိုင်ရာရှေ့နေများက ရှေ့နေကိုယ်စားလှယ်လွှဲစာများ ရယူကာ အမှုကို လိုက်ပါဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်း မုံရွာခရိုင်ရှေ့နေများကွန်ရက်အဖွဲ့ဝင်တဦးက ရှင်းပြသည်။
၎င်းက “နောက်တော့ တွေ့ခွင့်ရအောင် ကြိုးစားမယ် အကုန်လုံးအတွက်။ ဒါဆို တရားဝင်ကြိုးစားခွင့် ရသွားပြီလေ။ ကိုဝေမိုးနိုင်အမှုကို လိုက်မယ့်ရှေ့နေကလည်း ဒီကိစ္စကို နောက်တချိန်းမှာ တောင်းဆိုလို့ရသွားပြီ” ဟု ပြောဆိုသည်။
ဧပြီ ၁၅ ရက်တွင် မုံရွာလူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ် စစ်ကြောင်းတွင် လိုက်ပါလာသည့် ကိုဝေမိုးနိုင်ကို စစ်ကောင်စီတပ်ဖွဲ့မှ အိမ်စီးကားဖြင့် ဝင်တိုက်ကာ ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ကိုဝေမိုးနိုင် မိခင်၏ အဆိုအရ ၎င်းအား ဖမ်းဆီးပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)တွင် ထိန်းသိမ်းထားပြီး ယနေ့အချိန်အထိ မိသားစု အပါအဝင် မည်သူနှင့်မျှ တွေ့ခွင့်မရသေးကြောင်း သိရသည်။
မုံရွာမြို့နေလူထုသည် စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးအတွက် အပစ်အခတ်၊အတားအဆီး၊ အဖမ်းအဆီးများကြားမှပင် အရှိန်လျော့သွားခြင်း မရှိဘဲ ယနေ့ထိတိုင် အရုဏ်ဦးသပိတ်၊ နေ့သပိတ်၊ ညသပိတ် ပုံစံမျိုးစုံဖြင့် ဆက်လက် ဆန့်ကျင်လျက်ရှိသည်။
You may also like these stories:
ကိုဝေမိုးနိုင်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် သို့ ဖမ်းဆီးခေါ်ဆောင်
သားကိစ္စကို ရင်ဆိုင်ဖြေရှင်းမည်ဆိုသည့် ကိုဝေမိုးနိုင်၏ မိခင်နှင့် မေးမြန်းခြင်း