ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်နေသည့် ဆရာ၊ ဆရာမများကို ဒုတိယ မြို့နယ် ပညာရေးမှူး ဦးစိုးခိုင်၊ ဦးစီးအရာရှိ ဦးဇော်မြင့်နှင့် အပေါင်းအပါများက တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ဖိအားပေးနေကြောင်း သိရသည်။
CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့် ဆရာမတဦးက “ကျမတို့ကို ဖုန်းဆက်ပြီး CDM လုပ်သလား မလုပ်ဖူးလား ထပ်မေးတယ်။ ကျောင်းမှာ တခြားသူတွေက Non-CDM တွေ ဖြစ်ကုန်ပြီ၊ ကျမတို့ပဲ ကျန်တော့တယ်၊ CDM ဆက်လုပ်နေမယ် ဆိုရင် ဒီလအတွက် လစာမရတော့ဘူး၊ Non-CDM ဆိုရင် လစာ ထည့်ဆွဲပေးမယ်ဆိုတာမျိုး ပြောတယ်” ဟု ပြောသည်။
နောင်ချိုမြို့နယ်တွင် ဝန်ထမ်းပေါင်း ၁၃၀၀ ခန့် ရှိသည့်အနက် ၉၀၀ ကျော်က CDM လှုပ်ရှားမှုတွင် ပါဝင်နေရာ CDM လှုပ်ရှားမှု အောင်မြင်သည့် မြို့နယ် တခုလည်း ဖြစ်သည်။ စုစုပေါင်း CDM ၏ ၅၀% ကျော်မှာ ပညာရေးဌာနမှ ဖြစ်သည်။
“အခု သိရသလောက်က ပညာရေးမှူးရုံးက အခုလို ဖုန်းတွေ လိုက်ဆက်ပြီးတဲ့နောက် တချို့တွေ Non-CDM ဖြစ်သွားကြပြီ။ ငွေရေးကြေးရေးအခက်အခဲကြောင့် လစာမရမှာ စိုးရိမ်ကြတယ်၊ ၅၀၅ နဲ့ အမှု ဖွင့် ဝရမ်း ထုတ်မယ်ဆိုတဲ့ သတင်းတွေနဲ့ CDM တွေ အဖမ်းခံနေရတဲ့ သတင်းတွေကလည်း ကျမတို့ CDM သမားတွေ အပေါ် ဖိအားတွေ ဖြစ်နေပါတယ်” ဟု ဆရာမ တဦးက ဆိုသည်။
နောင်ချိုမြို့နယ် အထက (၂) မှ CDM လှုပ်ရှားမှုတွင် ပါဝင်နေသူ ကျောင်းဆရာ တဦးမှာလည်း တိမ်းရှောင်နေရသည့်အပြင် မတ်လမှ စတင်ပြီး လစာထည့်သွင်းထားခြင်းမရှိကြောင်း သိရသည်။
နောင်ချိုမြို့မှ တက်ကြွ လှုပ်ရှားသူ တဦးက “စစ်ကောင်စီက လုပ်တဲ့ ပညာရေးဝန်ထမ်း စွမ်းရည်မြင့်သင်တန်းတွေက ကျနော်တို့မြို့နယ်မှာ မအောင်မြင်ဘူး။ အဲ့ဒီအတွက် အခုအချိန်မှာ၊ လစာ ခံစားခွင့်တွေ၊ ၅၀၅ တွေနဲ့ ခြိမ်းခြောက်ပြီး ပညာရေးရဲ့ CDM လှုပ်ရှားမှုကို အားလျှော့အောင် လုပ်တယ်လို့ ထင်တယ်” ဟု ဆိုသည်။
စစ်အာဏာသိမ်းမှု ရက်ပေါင်း ၇၀ ကျော်လာသည့်အချိန်တွင် မြန်မာနိုင်ငံတဝှမ်းမှ CDM လှုပ်ရှားမှုတွင် ပါဝင်နေသူ ပညာရေး ဝန်ထမ်းများကို ဖိအားပေး ခြိမ်းခြောက်ကာ ပစ်မှတ်ထား ဖမ်းဆီးမှုများ ရှိလာခဲ့သည်။ ဧပြီလ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှ ကျောင်းဆရာမ ၂ ဦး၊ ပညာရေးဝန်ထမ်း ၁ ဦးကို အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးခဲ့သည်။
You may also like these stories:
စစ်ကောင်စီကို တော်လှန်သူများနှင့် မပူးပေါင်းရန် ကလေးမြို့ လုပ်ငန်းရှင်များ ဖိအားပေးခံနေရ
မိမိပဋိဉာဉ်ကို မိမိချိုးဖေါက်သော ASEAN
စစ်ကောင်စီကို ASEAN အသိအမှတ်မပြုရေး NUG တောင်းဆို