သတင်း

ASEAN ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်လာရေး ဗိုလ်ချုပ်မှူးကြီး "မငြင်း"ဟု ဆို

မြန်မာ့အရေး ကြားဝင်ဖြေရှင်းရန် အာဆီယံအသင်း၏ ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်လာရောက်ရေးကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မငြင်းဟု သိရသည်။

ယင်းသည် ယနေ့ စနေနေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသော အာဆီယံအသင်းခေါင်းဆောင်များ၏ မြန်မာ့အရေး ဆွေးနွေးပွဲမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း စင်ကာပူ ဝန်ကြီးချုပ် လီရှန်လုန်းကို ကိုးကား၍ Channel News Asia သတင်းက ရေးသည်။

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်လည်း တက်ရောက်သော အဆိုပါအစည်းအဝေးတွင် မြန်မာစစ်အာဏာပိုင်များက ပံ့ပိုးပေးမည့် အာဆီယံကိုယ်စားလှယ်အဖွဲ့ခရီးစဉ်အပါအဝင် မြန်မာနိုင်ငံတွင် အာဆီယံက မြင်တွေ့လိုသည့် အချက် ၅ ချက်ကို အဖွဲ့ဝင်နိုင်ငံများက ရေးဆွဲခဲ့ကြောင်း သိရသည်။

အခြားအချက်များမှာ လက်နက်မဲ့ ဆန္ဒပြ အရပ်သားများအား အင်အားသုံးနှိမ်နင်းမှုများ ရပ်တံ့ရန်၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ အာဆီယံဦးစီးသော လူသားချင်းစာနာမှု အကူအညီများ ပေးခြင်းအား ခွင့်ပြုရန်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံး တွေ့ဆုံဆွေးနွေးရန်တို့ ဖြစ်ကြသည်။

“နောက်ဆုံးတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တုံ့ပြန်ရတယ်” ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လုန်းက အစည်းအဝေးအပြီး သတင်းထောက်များကို ပြောသည်။

“ကျနော်တို့ ပြောတာ သူကြားတယ်လို့ သူပြောပါတယ်။ သူ့အတွက် အထောက်အပံ့ဖြစ်စေတဲ့ အချက်တွေကို သူယူပါတယ်။ အာဆီယံအနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းက ပါဝင်တာ သို့မဟုတ် အာဆီယံကိုယ်စားလှယ်အဖွဲ့ ခရီးစဉ် သို့မဟုတ် လူသားချင်းစာနာမှု အထောက်အပံ့တွေကို သူ မငြင်းပါဘူး။ ဒါတွေ ဆက်လုပ်သွားမှာ ဖြစ်ပြီး အာဆီယံရဲ့ အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ စေ့စပ်ညှိနှိုင်းသွားမှာပါ” ဟုလည်း ဆိုသည်။

ယနေ့ ဂျကာတာအစည်းအဝေးတွင် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံခေါင်းဆောင်များက ရှင်းလင်းပြတ်သားသော စကားလုံးများ သုံးနှုန်း ပြောဆိုခဲ့ကြသည်။

“မြန်မာပြည်ထဲက ဝမ်းနည်းစရာ အခြေအနေတွေ ချက်ခြင်းရပ်ဆိုင်းရမယ်” ဟု မလေးရှားဝန်ကြီးချုပ် မူယစ်ဒင်ယာဆင်က အစည်းအဝေးတွင် ပြောကြားကြောင်း ထုတ်ပြန်ကြေညာသည်။

ပြင်းထန်သော စကားလုံးများသုံး၍ မလေးရှားအစိုးရက ထုတ်ပြန်သော ကြေညာချက်တွင် မလေးရှားဝန်ကြီးချုပ်က မြန်မာစစ်ကောင်စီကို အချက် ၃ ချက် တောင်းဆိုသည်။ တင်းမာမှုများ လျှော့ချပြီး အရပ်သားများအပေါ် အကြမ်းဖက်မှု ရပ်ဆိုင်းရန်၊ နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးရန်၊ မြန်မာနိုင်ငံတွင်းသို့ အာဆီယံကိုယ်စားလှယ်အဖွဲ့ ဝင်ရောက်ခွင့်ပေးရန်တို့ ဖြစ်သည်။

သို့ရာတွင် မလေးရှားဝန်ကြီးချုပ် မူယစ်ဒင်ယာဆင်က မြန်မာစစ်တပ်၏ အခန်းကဏ္ဍကိုလည်း သတိထား ထည့်သွင်းပြောကြားသည်။ “ဘယ်တောင်းဆိုချက်မဆို တပ်မတော်က အဖြေရဲ့ တစိတ်တပိုင်း မဟုတ်ဘဲ မရနိုင်ပါဘူး” ဟု သူက ပြောသည်။

ယခု အစည်းအဝေးသည် ကိုဗစ် -၁၉ ကပ်ရောဂါ စတင်ကတည်းက ပထမဆုံးအကြိမ် လူပုဂ္ဂိုလ်များ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်သော အာဆီယံခေါင်းဆောင်များ အစည်းအဝေးဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာသို့ နေ့လည် ၁၁ နာရီခန့်တွင် ဆိုက်ရောက်လာသည်။။

သူ့ကို အင်ဒိုနီးရှားဆိုင်ရာ မြန်မာသံအမတ် ဒေါ်အိအိခင်အေးနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက Head of State Protocol Andy Rachmianto တို့က Soekarno-Hotta နိုင်ငံတကာလေဆိပ်တွင် လာရောက်လက်ခံကြိုဆိုခဲ့သည်။

အိမ်ရှင် အင်ဒိုနီးရှား သမ္မတ အိမ်တော်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာတပ်ချုပ် Commander of Myanmar Army ဟုသာ သုံးနှုန်းခဲ့သည်။

အစည်းအဝေးအပြီး အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက အကြမ်းဖက်မှုများ ရပ်ဆိုင်းရန်နှင့် မြန်မာနိုင်ငံတွင်းရှိ ဘက်ပေါင်းစုံက အတတ်နိုင်ဆုံး သည်းခံရေး လျှောက်ထားချက်မှာ အာဆီယံခေါင်းဆောင်များ အားလုံး သဘောတူညီချက် ဖြစ်ကြောင်း ဆိုသည်။

“အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး စတင်ရမယ်။ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရမယ်။ နောက် မြန်မာပြည်တွင်းမှာ အားလုံးပါဝင်တဲ့ ဒီတွေ့ဆုံဆွေးနွေးမှု ဖြစ်အောင် တွန်းဖို့ အာဆီယံအထူးကိုယ်စားလှယ် ခန့်ဖို့ ကျနော်တို့ လိုတယ်” ဟု ဂျိုကိုဝီဒိုဒိုက သတင်းထောက်များကို ပြောသည်။

အာဆီယံ အတွင်းရေးမှူးချုပ် ကမကထ ပြုလုပ်သော လူသားချင်းစာနာမှု အထောက်အပံ့များအား တံခါးဖွင့်ပေးရေး အဖွဲ့ဝင်နိုင်ငံများက မြန်မာစစ်ခေါင်းဆောင်ကို တောင်းဆိုခဲ့ကြကြောင်းလည်း ဂျိုကိုဝီဒိုဒိုက ပြောသည်။ ထိုအဓိကအချက်များကို အဖွဲ့ဝင်နိုင်ငံများ အားလုံးသဘောတူညီချက်အနေဖြင့် မကြာခင် တရားဝင် ထုတ်ပြန်ကြေညာမည် ဖြစ်သည်။

သို့သော် စနေနေ့အစည်းအဝေးက မြန်မာပြည်တွင်းရှိ လက်တွေ့ဖြစ်ပျက်နေမှုများအပေါ် မည်သို့အကျိုးသက်ရောက်မည်မှာ မရှင်းလင်းလှပေ။

လတ်တလော အနေအထားထိ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်မှုကြောင့် လူ ၇၄၀ ကျော် သေဆုံးခဲ့ရပြီး လူ ၃ ထောင်ကျော်ကို ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဆိုသည်။

အာဆီယံခေါင်းဆောင်များ အစည်းအဝေး မစတင်ခင်ကတည်းက အတွင်းရေးမှုူးချုပ်ရုံး ရှေ့တွင် ဆန္ဒပြသူ ၂၀ ကျော်ကလည်း သံပုံးတွေတီးပြီး ဆန္ဒပြနေခဲ့ကြသည်။

“ဒီကိစ္စတွေ အကောင်အထည်ဖော်ဖို့ဆိုတာ အတော်လုပ်ယူရဦးမှာ သေချာပါတယ်” လီရှန်လုန်းက ပြောသည်။ “အကြမ်းဖက်တာတွေ ရပ်သွားပြီ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလိုက်ပြီလို့ ဆိုပါစို့။ နောက်ထပ် လုပ်စရာက ပေါ်လာဦးမယ်။ နိုင်ငံရေးအဖြေရဖို့ အားလုံးပါဝင်တဲ့ စကားဝိုင်းဆို ပိုလို့တောင် ခက်ဦးမယ်။ ဒါပေမယ့် အ နည်းဆုံး ကျနော်တို့လှမ်းနိုင်တဲ့ ခြေလှမ်းတွေ ရှိမှာပဲ” ဟုလည်း သူက ပြောခဲ့သည်။

ကိုးကား။ ။ Channel News Asia, Nikkie Asia

You may also like these stories:

မိမိပဋိဉာဉ်ကို မိမိချိုးဖေါက်သော ASEAN

ASEAN ထိပ်သီးဆွေးနွေးပွဲသို့ တရားမဝင် စစ်ကောင်စီ မဟုတ်ဘဲ NUG ကို ဖိတ်ကြားသင့်

မြန်မာ့အကျပ်အတည်း တုံ့ပြန်မှုပေါ် ASEAN အနာဂတ် မူတည်နေ

စစ်ကောင်စီကို ASEAN အသိအမှတ်မပြုရေး NUG တောင်းဆို

Loading