သတင်း

ရခိုင်တွင်လည်း စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား အပြည့်အဝ မလည်ပတ်နိုင်

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားမှာ အပြည့်အဝ လည်ပတ်နိုင် သည့် အခြေအနေမျိုးတွင် မရှိတော့ကြောင်း ရခိုင် နိုင်ငံရေး လေ့လာသူများက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးရှိ ပြည်သူများက လက်မခံကြောင်း ပုံစံ အမျိုးမျိုးဖြင့် ဆန့် ကျင် ဆန္ဒပြလျက်ရှိရာ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားမှာ ပြည်မတွင်လည်း အပြည့်အဝ မလည်ပတ်နိုင်သေးပါ။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များနှင့် ရက္ခိုင့်စစ်တပ်(AA)တို့ နှစ်ဘက်တိုက်ပွဲများ ရပ်စွဲသွားသည့် နောက်ပိုင်းတွင် နယ်ဘက် အုပ်ချုပ်ရေး ယန္တရားများကို AA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ULA ၏ ဒေသ တာဝန်ခံများ က ကိုင်တွယ် ဆောင်ရွက်လျက် ရှိကြောင်း လေ့လာစောင့်ကြည်သူများက ပြောသည်။

ရသေ့တောင်၊ မယူကမ်းဒေသ ဖွံ့ဖြိုးရေး အသင်းဥက္ကဌ ဦးမောင်စောဝင်းက“မြို့နယ်တော်တော်များများမှာ AA အုပ်ချုပ်ရေး ယန္တရားနဲ့ လည်ပတ်နေတယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုရင် မြို့ပေါ် တရားရုံးနဲ့ ရဲတပ်ဖွဲ့တွေ အလုပ်မလုပ်နိုင် တာကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်။ တရားရုံးမှာ အမှုအခင်းတွေ ဘာကြောင့် မရောက်လဲဆိုတာ သုံးသပ်ကြည့်ရင် သိနိုင်တယ်”ဟု ပြောသည်။

ကျောက်ဖြူမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးထွန်းကြည်ကလည်း ကျောက်ဖြူမြို့နယ် အပါအဝင် ရခိုင် ပြည် နယ်တောင်ပိုင်း၊ ရမ်းဗြဲမြို့နယ်တို့တွင် ကျန်းမာရေးဌာနမှလွဲ၍ ကျန်ရှိသည့် အုပ်ချုပ်ရေး၊ လုံခြုံရေးပိုင်းဆိုင်ရာ ဌာနဆိုင်ရာ များမှာ အဖြစ်သဘောလောက်သာ လည်ပတ်နိုင်သည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း ပြောသည်။

၎င်းက“ကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်ပတ်ဝန်းကျင်မှာ ကျန်းမာရေးဌာနက လွဲပြီး တခြား လုံခြုံရေးပိုင်းဆိုင်ရာတွေကို ကိုယ့်ဒေသဓလေ့ ထုံးတမ်းအရ ဖြေရှင်းနေတာကို တွေ့ရတယ်။ အခုနောက်ပ်ိုင်း ရာဇဝတ်မှုခင်းတွေ ရပ်ရွာတွေမှာ ဖြစ်ရင် ULA ဒေသအလိုက် တာဝန်ခံတွေကပဲ နှစ်ဦး၊ နှစ်ဘက် ညှိနိုင်းခေါ်ယူပြီးတော့ ဖြေရှင်းပေးတယ်လို့ သိရတယ်”ဟု ပြော သည်။

ရခိုင်တောင်ပိုင်း မြို့နယ်များသည် ယခင်က AA အပေါ် ထောက်ခံမှု အားနည်းခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းမှုပြီး နောက် ဖြစ်ပေါ်လာသော အခြေအနေများကြောင့် သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင် မြို့နယ်အတွင်းက ရခိုင်လူထု ကပါ AA အပေါ် ထောက်ခံမှု တိုးလာနေကြောင်းလည်း လေ့လာသူများက သုံးသပ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်မှုများ ပြုလုပ်ခြင်းကို ရခိုင်လူထုက လက် မခံနိုင်ဘဲ AA ဘက်သို့ ထောက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းအထိ စစ်တပ်နှင့် AA တို့ နှစ်ဘက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ ပြီး တိုက်ပွဲကာလအတွင်း AA က ရခိုင်မြောက်ပိုင်း မြို့နယ်များတွင် ခြေကုပ်ယူနိုင်ခဲ့သလို နယ်ဘက်အုပ်ချုပ်ရေး ယန္တရား များကိုပါ အစားထိုး ရယူရန် ကြိုစားဆောင်ရွက်ခဲ့သည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် နှစ်ဘက်တိုက်ပွဲများ ရပ်စဲပြီးနောက် AA အဖွဲ့ သည် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များ တွင် ထိန်းချုပ်နယ်မြေများကို တိတိကျကျ သတ်မှတ်ရယူနိုင်ခြင်း မရှိသော်လည်း နယ်ဘက် အုပ်ချုပ်ရေးကို တစိတ် တ ဒေသ ရယူပြီး စည်ပင်သာယာ လေလံခွန်များနှင့် စီးပွားရေး လုပ်ငန်းများမှ စည်းကြပ်ခွန်များကိုပါ ကောက်ခံရယူမှု ရှိလာ သည်။

တချို့ ကျေးရွာအုပ်စုများတွင် ဒုစရိတ်မှုခင်းများနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က ကွင်းဆင်း ဖော်ထုတ်ဆောင်ရွက်နိုင်ခြင်း မလုပ် နိုင်တော့သည့်အခါ ULA/AA တပ်ဖွဲ့ ဝင်များကိုယ်တိုင် အုပ်ချုပ်ရေးရုံးများ ဖွင့်လှစ်ကာ အရပ်ဘက် တရားစီရင်ရေးများဖြင့် လည်ပတ်ဆောင်ရွက်နေသည်ဟု ဆိုသည်။

ပြီးခဲ့သောနှစ်များက စစ်တပ်နှင့် AA တို့ကြား တိုက်ပွဲများကြောင့် မလုံခြုံတော့သည့်အတွက် ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့နယ် အတွင်းက ကျေးရွာ အုပ်ချုပ်ရေးမှူးများမှာလည်း နုတ်ထွက်စာတင်ကာ နုတ်ထွက်သွားခဲ့ကြရာ ယင်း နေရာများတွင် အုပ်ချုပ်ရေး ယန္တရား အစားထိုးနိုင်ခဲ့ခြင်း မရှိပေ။

ထိုသို့ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်မှု အပါအဝင် ရဲစခန်းများ တိုက်ခိုက်ခံရခြင်း၊ ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီး သတ်ဖြတ်ခံရမှု များကြောင့် ထိုစဉ်ကတည်းက အစိုးရ ယန္တရားမှာ ယိုင်လဲနေသည့် အခြေအနေ ဖြစ်ပေါ်လာသည့်အတွက် AA က အစား ထိုးရန် တစိုက်မတ်မတ် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

ပြီးခဲ့သော NLD အစိုးရ လက်ထက်ကတည်းက လုံခြုံရေး အခြေအနေအရ ပြည်နယ် အစိုးရ အဖွဲ့ မှ ဝန်ကြီးများပင် စစ်တွေ မြို့ပေါ်ကလွဲပြီး ရခိုင်မြောက်ပိုင်းမြို့နယ်များသို့ ခရီးမထွက်နိုင်တော့ကြောင်း စည်ပင်ဝန်ကြီးဟောင်း ဦးဝင်းမြင့်က ပြောပြခဲ့ဖူး သည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိအခြေနေမှာ မည်သည့်အဖွဲ့ကမျှ ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်နိုင်သည့် အခြေအနေကို မတွေ့ရ သေးကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) ဥက္ကဌ ဦးရွှေဖော်စိန်က ပြောသည်။

ဦးရွှေဖော်စိန်က“ပြည်သူလူထုအနေနဲ့ကတော့ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ မရှိဘဲ အရာအားလုံးကို သတိထား ရပ်တည် နေရတဲ့ သဘော ဖြစ်နေတယ်။ အခုအခြေအနေမှာ ဘယ်အဖွဲ့အစည်းကမှ ပိုင်ပိုင်နိုင်နိုင်အုပ်ချုပ်နိုင်တဲ့ အနေအထားကို မတွေ့ရသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်၏ လက်ရှိ အခြေအနေမှာ တိုက်ပွဲကြီးများ တကျော့ပြန် ဖြစ်လာရန်အတွက် လေငြိမ်နေသည့် အနေအထား တခုဟု ယူဆနိုင်သည့် သဘောရှိကြောင်း ဦးရွှေဖော်စိန်က သုံးသပ်သည်။

စစ်တပ်နှင့် AA တို့သည် ၃ နှစ်နီးပါး မီးကုန်၊ ယမ်းကုန် တိုက်ခိုက်ခဲ့ကြပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် မည်သည့် နိုင်ငံရေး သဘောတူညီချက်မှ မရဘဲ တိုက်ပွဲများ ရပ်စဲထားခြင်းသည် စိတ်ချရသည့် အခြေအနေ မဟုတ်ဘဲ နှစ်ဖက်တပ်များ ဆိုင် ထားသည့် အခြေအနေမျိုးတွင် ရှိသည်။

အလားတူ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ယာယီ ရပ်စဲထားသော်လည်း မည်သည့် သဘောတူညီချက်မှ ခိုင်ခိုင်မာမာ ရရှိထားခြင်း မရှိသည့်အတွက် စစ်ရေး သတိ လုံးဝ မပေါ့ရန် ယခုလ ဧပြီလ ၁၀ ရက်နေ့က ကျရောက်သော ၁၂ နှစ်မြောက် AA နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် အောက်ခြေ တပ်မှူး၊ တပ်သားများထံ မှာကြားထားသည်။

You may also like these stories:

အကြမ်းဖက်မှုရပ်ရန် ASEAN တောင်းဆိုချက် NUG ကြိုဆို

ASEAN ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်လာရေး ဗိုလ်ချုပ်မှူးကြီး “မငြင်း”ဟု ဆို

Loading