ပုဒ်မများစွာဖြင့် တရားစွဲဆိုခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့အချိန်အထိ သူ၏ ရှေ့နေများနှင့် လူချင်း တွေ့ဆုံခွင့် မရသေးကြောင်း သိရသည်။
ယနေ့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် Video Conferencing စနစ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်ခဲ့ ရာ ၎င်းက သူ၏ရှေ့နေများနှင့် လူချင်း တွေ့ဆုံခွင့်တောင်းဆိုထားသည်မှာ အချိန်ကာလ ကြာမြင့်ပြီ ဖြစ်ကြောင်း ပြောဆိုခဲ့ သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။
“အမေ(ဒေါ်အောင်ဆန်းစုကြည်)က ထပ်ပြောပါတယ်။ ကြာလှပြီပေါ့နော်။ အခု အမှုတွေ တခုပြီး တခုထပ်တိုးနေတယ်။ မ တိုးခင် ယခင်ကတည်းက ပြောတာက ရှေ့နေနဲ့ အမှုသည်နဲ့ တွေ့ဆုံပြီးတော့မှ ညွှန်ကြားချက်ယူဖို့ ပြောနေတာ မရသေး ဘူးလို့ ပြောပါတယ်”ဟု ဒေါ်မင်း မင်းစိုးကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကလည်း အမှုသည်နှင့် ရှေ့နေတို့မှာ မဖြစ်မနေ တွေ့ ခွင့်ပေးရမည့်ကိစ္စ ဖြစ်၍ အမြန် ဆုံး တွေ့ဆုံခွင့်ရှိရန် တရားရုံးက ညွှန်ကြားပေးရန် ထပ်မံ တောင်းဆိုခဲ့ကြောင်း သိရသည်။
တာဝန်ရှိသည့် ရဲတပ်ဖွဲ့ကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ ဆုံခွင့် ရရှိရန် အထက် အဆင့်ဆင့်သို့ တင်ပြထား ကြောင်း တရားရုံးသို့ ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
အမှုသည်နှင့် ရှေ့နေတို့ လူချင်းတွေ့ဆုံခွင့်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ရဲလက်စွဲ၊ အကျဉ်းထောင်လက်စွဲများတွင် ပါရှိသည့် ဥပဒေပါ အခွင့်အရေး ဖြစ်သလို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၁ အရလည်း ပြစ်မှုတခုခုဖြင့် စွပ်စွဲခံရပါက သူ၏ ခုခံချေပခွင့်အတွက် ထိုက်သင့်သည့် အခွင့်အရေးပေးရမည်ဟု ဖော်ပြထားကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးခင်မောင်ဇော်က ပြောသည်။
“အမှုသည်ရဲ့ အခွင့်အရေးတွေ နစ်နာတာပေါ့။ လူအခွင့်အရေးကိုပါ နစ်နာတာဗျ။ အခြေခံဥပဒေမှာ ပေးအပ်ထားတဲ့သူ အတွက်တော့ တရားမျှတမှုက ထိခိုက်တာပေါ့ဗျာ”ဟု ဦးခင်မောင်ဇော်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေဖြင့် ၂ မှု၊ ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် ၁ မှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ဖြင့် ၁ မှု၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် ၁ မှု စုစုပေါင်း အမှု ၅ မှုဖြင့် ရင်ဆိုင်နေရသည်။
ထို့အပြင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံံးတွင်လည်း နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ပုဒ်မ (၃)ဖြင့် ယခုဧပြီလအတွင်းက တရားစွဲတင်ခံထားရသေးသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို Video Conferencing စနစ်ဖြင့် ကျန်းမာစွာ မြင်တွေ့ရသော်လည်း အနည်းငယ် ပိန်သွားသည်ဟု ထင်ရကြောင်း ၎င်း၏ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ အမှုများအတွက် လာမည့် မေလ ၁၀ ရက်နေ့သို့ ပြန်လည် ချိန်း ဆိုလိုက်ကြောင်း သိရသည်။
You may also like these stories:
ရခိုင်တွင်လည်း စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား အပြည့်အဝ မလည်ပတ်နိုင်
မြန်မာ့အရေး အာဆီယံထိပ်သီး အစည်းအဝေး သဘောတူညီချက်အပေါ် အမြင်များ
NUG နဲ့ အတူ ဘယ်သူတွေ ရပ်တည်နေကြသလဲ