စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝင်းကုန်းကျေးရွာမှ ရွာသားတချု့ိ မှာ စစ်ကောင်စီ လက်နက်ကိုင်များ တောင်းခံသည့် ငွေ ကြေးကို ကျန်ရှိသည့် ရွာသားများက စုပေါင်းပေးလိုက်သဖြင့် ဧပြီလ ၂၄ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။
ပြန်လည် လွတ်မြောက်လာသူများသည် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များကို တူမီးသေနတ်ဖြင့် ပြန်လည် ခုခံခဲ့သူများ မဟုတ်ဘဲ ယင်းတိုက်ပွဲဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် တိုက်ပွဲတွင် ကျဆုံးသွားသူများ၏ အလောင်းကို လူစု၍ လိုက်ကောက် ရန် ကြိုးပမ်းစဉ် အဖမ်းခံရသူများ ဖြစ်ကြောင်း သိရသည်။
“အလောင်းလိုက်ကောက်ဖို့ ကြိုးစားတုန်းက အဖမ်းခံရတာ လူ ၅၀ လောက်ရှိတယ်။ နောက်ပိုင်းမှာ သူတို့ကို ပိုက်ဆံနဲ့ လာရွေးလို့ ပြောတဲ့အတွက် ကျန်ရှိတဲ့သူတွေက စုပေါင်းပေးပြီး ရွေးတဲ့အခါ ပြန်လွှတ်ပေးလိုက်တာ။ ပိုက်ဆံ ဘယ် လောက်ပေးရတယ်ဆိုတာတော့ အတိအကျ မသိဘူး”ဟု ယင်းဖြစ်စဉ်ကို သိရှိသူ ဒေသခံတဦးက ပြောသည်။
ယခုနောက်ဆုံး အခြေအနေမှာ ယင်းမာပင်မြို့နယ် အတွင်းတွင် လက်နက် အင်အား အပြည့်အစုံနှင့် တပ်စွဲထားသည့် စစ် ကောင်စီ လက်နက်ကိုင်တပ်များသည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် တပ်ကူများ လိုနေသောကြောင့် မနေ့က စတင်ပြီး တပ်တချို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
“ကျနော်တို့ ရွာတွေကိုတော့ နောက်တခါ ပြန်လာမယ်။ ပြန်လာတဲ့အခါ အခုလို ခုခံတုန်းဆိုရင် ပိုဆိုးမယ်။ ပိုကြမ်းပြ မယ်လို့ ခြိမ်းခြောက်သွားတယ်”ဟု ဒေသခံတဦးက ပြောပြသည်။
ယင်းမာပင်မြို့နယ်အတွင်းရှိ သပြေအေး၊ ညောင်းကိုင်း၊ ကပိုင်၊ သီးကုန်း၊ ဝင်းကုန်း၊ သစ်ရာပင်၊ ရှေ့ပြေး၊ ချင်းပုန်း၊ တရော် ကျင်း စသည့် ကျေးရွာများတွင် တရွာဝင်တရွာထွက် အိမ်တွေထဲထိ တူမီးသေနတ်များ ရှိ၊ မရှိ ဝင်ရောက် ရှာဖွေခဲ့ကြပြီး သေနတ်ရှိသည့် အိမ်များမှ ရွာသားများကို ပြီးခဲ့သည့် ရက်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။
စစ်ကိုင်းတိုင်း၊ ကနီမြို့မှ တဆင့် ကူးစက်လာသည့် စစ်ကောင်စီနှင့် ဒေသခံပြည်သူများကြား တိုက်ပွဲများသည် ယခု ဧပြီလ အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များ အင်အား အလွန်များလာသည့်အခါ ဒေသခံ လူဦးရေ နှစ်သောင်း ခန့်သည် နီးစပ်ရာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
“စစ်ကောင်စီက အကြမ်းဖက်သမားတွေဟာ ရွာခံတွေ မရှိတော့တဲ့ လူနေအိမ်တွေမှာလည်း သူတို့ စိတ်တိုင်းကျ ဝင်ချင် သလိုဝင် ပစ္စည်းတွေ ဖျက်စီးပြီး စားစရာ သောက်စရာ မှန်သမျှနဲ့ သူတို့လိုအပ်တာ အကုန်ယူသွားကြတယ်။ မွေးထားတဲ့ ကြက်၊ ဝက်၊ နွားအပြင် ခွေးတွေ ကြောင်တွေပါမကျန် သတ်ဖြတ်ပြီး ယူသွားကြတာပါ”ဟု ဒေသခံတဦးက ပြောသည်။
ဒေသခံများက ခုခံတိုက်ခိုက်မှုများ ပြန်မလုပ်နိုင်တော့သည့်အခါ စစ်ကောင်စီ လက်နက်ကိုင်တပ်များက ရွာသားများတွင် ရှိသော တူမီးသေနတ်များ၊ လက်နက်များ ရှိသမျှအကုန် လာအပ်ရန်နှင့် ၎င်းတို့ အလိုရှိသူများ အနေဖြင့်လည်း အေးအေး ဆေးဆေး လာအဖမ်းခံမည်ဆိုပါက ကျန်သည့် ရွာသားများကို ပုံမှန်ကိုယ့်ရွာတွင် ကောင်းကောင်းမွန်မွန် ပြန်နေခွင့်ပြုမည် ဟု ကြေညာထားကြောင်း သိရသည်။
လက်ရှိအချိန်ထိ တောထဲတွင် ပုန်းရှောင်နေရသည့် ရွာသားများမှာ နွေရာသီ အပူပိုင်းဒေသ ဖြစ်သဖြင့် သောက်ရေး အ ခက်အခဲ၊ ဆေးဝါး ရိက္ခာအခက်အခဲများ၊ ဖုန်းအဆက်အသွယ်ပြတ်တောက်မှုများ စသည့် အခက်အခဲများ ရင်ဆိုင်နေရ ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်များကတည်းက ယင်းမာပင်မြို့ အထက်ပိုင်းရှိ ကနီနှင့် မင်းကင်းမြို့ ရှိ ကျေးရွာများတွင် စစ်ကောင်စီ လက်နက်ကိုင် တပ်များနှင့် ဒေသ ကာကွယ်ရေး စုဖွဲ့ထားသည့် ပြည်သူ့ဘက်မှ အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ၂ ဖက်စလုံးတွင် ထိခိုက်ကျဆုံးမှုများ ရှိနေသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကိုင်းတိုင်း ကလေး၊ တမူး၊ တန့်ဆည်၊ ပုလဲ၊ ဆားလင်းကြီး၊ မင်းကင်းနှင့် ကနီမြို့နယ်များတွင် စစ်အာဏာသိမ်းမှုကို လက်မခံသည့် ဒေသခံများက စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များကို ရရာ လက်နက်ဖြင့် ပြန်လည် ခုခံ တိုက်ခိုက်နေခြင်း ဖြစ်သည်။
You may also like these stories:
အကြမ်းဖက်မှုရပ်ရန် ASEAN တောင်းဆိုချက် NUG ကြိုဆို
နောင်ချိုမြို့မှ CDM ဆရာ၊ ဆရာမများကို မြို့နယ် ပညာရေးမှူးရုံးက ဖိအားပေးနေ
စစ်ကောင်စီကို တော်လှန်သူများနှင့် မပူးပေါင်းရန် ကလေးမြို့ လုပ်ငန်းရှင်များ ဖိအားပေးခံနေရ