အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ မြို့နယ် စည်ပင်သာ ယာရေး ကော်မတီ ဥက္ကဌ ဦးဇေယျကျော် အပါအဝင် ၄ ဦးကို ယနေ့ ဧပြီလ ၂၆ ရက်နေ့တွင် မြို့ နယ်တရားရုံးမှ တရားသေ လွှတ်ပေးလိုက်ကြောင်း သိရသည်။
ယင်းအမှု၏ တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂ ီမောင်က“သူတို့ စွပ်စွဲထားတဲ့ ပြစ်မှုမျိုးကို တရားခံတွေက ကျူးလွန်ထားတယ် ဆိုတဲ့ သက်သေ အထောက်အထား ရှာဖွေတွေ့ ရှိခြင်း မရှိဘူး။ အဲဒီအတွက် တရားခံ ၄ ယောက်လုံးကို အပြီး အပြတ်လွတ်ဆိုပြီး တရားသူကြီးက အမိန့်ချလိုက်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခုလို အပြီးသတ် လွတ်မြောက်လာရန် အမှုစစ်ပြီးသည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်ကာ မြို့နယ် တရားရုံးက ရုံးချိန်း ၃ ကြိမ်တိုင်တိုင် ရွေ့ ဆိုင်းခဲ့ပြီး ယနေ့ ဧပြီလ ၂၆ ရက်နေ့ ရောက်မှသာ အမိန့်ချပေးခဲ့ခြင်း ဖြစ်သည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က)ဖြင့် စွဲချက်တင်ခံခဲ့ရပြီး ယနေ့တွင် ပြန်လည်လွတ်မြောက်လာသူ ၄ ဦးမှာ မြို့နယ် စည်/ပင် ဥက္ကဌ ဦးဇေယျကျော်၊ မြို့နယ် စည်/ပင် ဥက္ကဌဟောင်း ဦးစန်းငွေ၊ ရခိုင်အမျိုးသားပါတီမှ တောင် ကုတ်မြို့နယ် အလုပ်အမှုဆောင် ဦးဝေသောင်းနှင့် ဦးဇေယျကျော်၏ ညီ မိုက်ကယ်(ခ) စည်သူကျော်ဇံတို့ ဖြစ်သည်။
ပြန်လည် လွတ်မြောက်လာသူ ဦးဇေယျကျော်က“စွပ်စွဲတယ်။ ကျနော်တို့က စွပ်စွဲတာကို ရင်ဆိုင်တယ်။ သူတို့စွပ်စွဲသလို မဟုတ်ဘူး။ မဟုတ်တဲ့အတွက်ကြောင့် ပြန်လည်ပြီးတော့ လွတ်မြောက်လာတယ်ပေါ့။ ဒီလောက်ပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ထိုစည်ပင်ကော်မတီဥက္ကဌ ဦးဇေယျကျော် အပါအဝင် တောင်ကုတ်မြို့ခံ ၄ ဦးကို ပြီးခဲ့သော ၂၀၂၀ ခုနှစ် မေလအတွင်းက စစ်ဆေးစရာများ ရှိသည်ဟုဆိုကာ နေအိမ်ကနေ ရဲက ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ၎င်းတို့ ၄ ဦးသည် ရက္ခိုင့် စစ် တပ် (AA)နှင့်တစုံတရာ ပတ်သက်ဆက်နွယ်မှု ရှိသည်ဆိုသည့် စွပ်စွဲချက်များဖြင့် အထက်ပါအတိုင်း အမှုဖွင့် တရားစွဲ ခံခဲ့ ရခြင်း ဖြစ်သည်။
You may also like these stories:
ယင်းမာပင်တွင် အဖမ်းခံရသူတချို့ စစ်ကောင်စီသို့ ငွေပေး၍ ပြန်လွတ်လာ
အကြမ်းဖက်မှုရပ်ရန် ASEAN တောင်းဆိုချက် NUG ကြိုဆို
နောင်ချိုမြို့မှ CDM ဆရာ၊ ဆရာမများကို မြို့နယ် ပညာရေးမှူးရုံးက ဖိအားပေးနေ