ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် ချင်းပြည်နယ်၊ မင်းတပ်မြို့သို့ စစ်ကူလာသည့် စစ်ကား ၉ စီးကို မြို့အဝင်တွင် ပြည်သူ့ဘက်မှ ဒေသကာကွယ်ရေး အဖွဲ့များက ယနေ့ နံနက်ပိုင်းက စောင့်ကြိုပစ်ခတ် သဖြင့် မင်းတပ်မြို့ အဝင်တွင် တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း သိရသည်။
“မင်းတပ်မြို့ အဝင်မှာ တက်လာတဲ့ စစ်ကူတွေနဲ့ အခုပစ်ခတ်မှုတွေ ဖြစ်နေတယ်။ ပြည်သူတွေဘက်က အဖွဲ့ကနေ စောင့် ပစ်တာပေါ့။ ဒီဘက်က ဖြတ်တိုက်တာပေါ့နော်။ မနေ့ကလည်း စစ်ကူ မလာနိုင်ကြဘူး။ တပ်ဆုတ်သွားရတယ်။ ဒီနေ့လည်း ထပ်ဝင်လာဖို့ ကြိုးစားနေတာ”ဟု မင်းတပ်ဒေသခံတဦးက ပြောသည်။
မနေ့ကလည်း မတူပီမြို့ဘက်မှ စစ်ကူလာသည့် စစ်ကောင်စီတပ်များကို မင်းတပ်မြို့ နှင့် ၃၈ မိုင်အကွာတွင် တနေရာ၊ ၂၁ မိုင်တွင် တနေရာနှင့် စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်း အစပ်တွင်လည်း တိုက်ပွဲတခု ဖြစ် ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီ လက်နက်ကိုင်တပ်များဘက်မှ ၁၃ ဦး ထပ်မံ ကျဆုံးခဲ့ကြောင်း၊ စစ်ကားတစီး မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံများက အတည်ပြုသည်။
“ကျနော်တို့ ပြည်သူတွေဘက်ကတော့ အကျဆုံး မကြားရသေးဘူး။ သူတို့ဘက်က ပထမ ၇ ယောက်သေတယ်လို့ ကြား တယ်။ နောက်ဒီမနက်ကျတော့ ၁၃ ယောက် သေတယ်လို့ သိရတယ်။ တပ်ဘက်ကနေ သိရတာ”ဟု မင်းတပ် ဒေသခံ တဦးက ပြောသည်။
စစ်ကောင်စီပိုင် သတင်းစာများတွင် ဧပြီလ ၂၆ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြချက်အရ မင်းတပ်တွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ တူမီးသေနတ်၊ မောင်းပြန် သေနတ်များဖြင့် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ သုံး မော်တော်ယာဉ်တစီး မီးလောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ကလည်း ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ဆန္ဒပြရင်း အဖမ်းခံရသူ လူငယ် ၆ ဦးကို ပြန်လွှတ် ပေးရန် ရဲစခန်းသို့ သွားရောက် တောင်းဆိုခဲ့ရာမှ ညှိနှိုင်းမှု မပြေလည်ဘဲ ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားရာ ရဲ ၃ ဦး သေဆုံး သွားခဲ့သည်။
“ကလေးတွေကို ပြန်လွှတ်ပေးဖို့ ပြောတာ ပြန်မပေးဘူး။ အဲလို ဖြစ်နေချိန် ညနေပိုင်းမှာ ဆိုင်ကယ်မောင်းနေတဲ့ ပြည်သူ တယောက်ကို တပ်ဘက်ကနေ ပစ်လိုက်တာ။ ထိတော့မထိဘူး။ သူတို့ဘက်က အခုလို စပစ်လိုက်တော့ ကျနော်တို့ဘက် က လူငယ်တွေကလည်း မခံတော့ဘူး။ တုန့်ပြန်တော့တာပဲ”ဟု မင်းတပ်မြို့ ခံတဦးက ပြောသည်။
ဒေသခံများ တောင်းဆိုသည့် ဖမ်းဆီးခံရသူ လူငယ်များကို ပြန်လွှတ်ပေးနိုင်ရန် ရဲစခန်းက မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မုံရွာ အခြေ စိုက် စစ်ဘက်အရာရှိများထံသို့ ဖုန်းဆက်သွယ်၍ ညှိနှိုင်းခဲ့သော်လည်း ဒေသခံများ တောင်းဆိုသည့် ဧပြီလ ၂၄ ရက်နေ့ ည ၈ နာရီအချိန်ထိ ပြန်လွှတ်မပေးသဖြင့် ယခုလို ဖြစ်စဉ်များ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရသည်။
“အဲဒီလို အနေအထားကနေ ဒီနေ့အထိ ရောက်လာတာပဲ။ စနေနေ့မှာ စပြီး ဖြစ်တယ်။ တနင်္ဂနွေနေ့မှာလည်း ပစ်ခတ်မှု နည်းနည်းပါးပါး ဖြစ်တယ်။ မြို့ ထဲမှာပဲ ဖြစ်နေတာ။ အထိအခိုက်တော့ မရှိဘူး။ နောက်ပိုင်းမှာတော့ တိုက်ပွဲက တော် တော်ပြင်းတယ်။ ကျနော်တို့ဘက်မှာက တူမီးလေးတွေပဲ ရှိတာပါ။ သူတို့ဘက်က စပစ်လို့သာ ဒီလိုတွေ ဖြစ်လာရတာ။ တူမီးဆိုပေမယ့် ကိုယ့်ဘက်ကို စပစ်လာတော့ ပြန်ပြီးတော့ ခုခံ တိုက်ခိုက်တာတွေလည်း ရှိတာပေါ့”ဟု ယခု ဖြစ်စဉ်များကို သိရှိသူတဦးက ပြောပြသည်။
ယနေ့ ဧပြီလ ၂၇ ရက်နေ့တွင် မင်းတပ်မြို့တွင် ဆိုင်အားလုံး ပိတ်ထားပြီး လမ်းမပေါ်တွင်လည်း လူသူ ကင်းမဲ့နေကြောင်း၊ မြို့အဝင်တွင် တိုက်ပွဲ ပြင်းထန်လျက်ရှိပြီး ယခုလို ဖြစ်လာမည်ကို ပြည်သူများက ကြိုတင်သိရှိသဖြင့် တိတ်တိတ်ဆိတ် ဆိတ်သာ နေထိုင်လျက်ရှိကြောင်း သိရသည်။
“ဒါကြီးက မြို့တမြို့ အရေးအတွက် လှုပ်ရှားတာ မဟုတ်ဘူး။ ကျနော်တို့ နိုင်ငံအရေး၊ ပြည်သူ့ အရေးဖြစ်နေတယ်။ ဒီကိစ္စ ကြီးက ဒီလိုဖြစ်လာတော့လည်း အတတ်နိုင်ဆုံးကတော့ ကျနော်တို့ ရုန်းကန်ရမှာပဲ”ဟု မင်းတပ်မြို့ခံတဦးက ပြောသည်။
မင်းတပ်တွင် စစ်ကူများ လိုအပ်နေသဖြင့် စစ်ကိုင်းတိုင်း၊ ကနီ၊ မင်းကင်းနှင့် ယင်းမာပင်ဒေသများဘက်တွင် တပ်စွဲထား သော တပ်တချို့ကို ဧပြီလ ၂၅ ရက်နေ့မှ စတင်၍ ရုတ်သိမ်းလျက်ရှိကြောင်း စစ်ကိုင်းတိုင်းမှ ဒေသခံများက ဧရာဝတီသို့ ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ပြည်သူလူထုက စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ပုံစံမျိုးစုံနှင့် ဆန့်ကျင်လျက်ရှိရာ မိရိုးဖလာဓလေ့အရ အမဲလိုက်ရန် အသုံးပြုသည့် တူမီးသေနတ်များ ရှိရာ ဒေသများဖြစ်သည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ရှိသည့်လက်နက်ဖြင့် စစ်ကောင်စီကို ယခုလို တော်လှန် တိုက်ခိုက်နေခြင်းလည်း ဖြစ်သည်။
You may also like these stories:
အကြမ်းဖက်မှုရပ်ရန် ASEAN တောင်းဆိုချက် NUG ကြိုဆို
ASEAN ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်လာရေး ဗိုလ်ချုပ်မှူးကြီး “မငြင်း”ဟု ဆို