အာဆီယံ၏ ဝင်ရောက်ညှိနှိုင်းမှုဖြင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ မစတင်မီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ထိန်းသိမ်းခံထားရသည့် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် အမျိုးသား ညီညွှတ်ရေး အစိုးရ (NUG)က တောင်းဆိုလိုက်သည်။
NUG ၏ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း လက်မှတ်ရေးထိုး၍ ဧပြီလ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော စာမျက်နှာ ၅ မျက်နှာပါ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း တောင်းဆိုထားခြင်း ဖြစ်သည်။
“မြန်မာပြည်တွင်းရေးအတွက် အဓိက ကဏ္ဍတွင် ပါဝင်သူများ အချင်းချင်း အပြုသဘောဆောင်သည့် ဆွေးနွေးညှိနှိုင်းမှု များ ဖြစ်စေလိုသည့် အာဆီယံ၏ ဆန္ဒကို အသိအမှတ်ပြုပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။
လက်ရှိတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ ရန်ကုန်နှင့် နေပြည်တော်တို့တွင် ပုဒ်မများစွာဖြင့် တရားစွဲခံထားရပြီး ယနေ့ အချိန်၏ သူ၏ ရှေ့နေများနှင့်လည်း တွေ့ ဆုံခွင့် မရသေးပေ။
ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေဖြင့် ၂ မှု၊ ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် ၁ မှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ဖြင့် ၁ မှု၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် ၁ မှု စုစုပေါင်း အမှု ၅ မှုဖြင့် ရင်ဆိုင်နေရသည်။
ထို့ပြင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံံးတွင်လည်း နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ပုဒ်မ (၃)ဖြင့် ယခုဧပြီလအတွင်းက တ ရားစွဲတင်ခံထားရသေးသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အလွန်ဆိုးဝါးရွားလာသည့် မြန်မာပြည်အရေးကို အဖြေရှာနိုင်ရန် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ စုပေါင်းပြီး ကြိုးပမ်းသည့် မြန်မာ့အရေး အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပခဲ့ပြီး အချက် ၅ ချက် သဘောတူညီခဲ့ကြသည်။
ယင်းအစည်းအဝေးတွင် အာဆီယံ ခေါင်းဆောင်တဦးချင်းစီက မြန်မာပြည်နှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထား အသီး သီးကို တင်ပြဆွေးနွေးခဲ့ကြသလို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း မြန်မာပြည် အ ရေး နာရီဝက်ခန့် ရှင်းပြခွင့်ပေးခဲ့သည်ဟု ကြားသိရသည်။
အာဆီယံ၏ အစပိုင်း သဘောတူညီချက် ၅ ခုတွင် အကြမ်းဖက် သတ်ဖြတ်မှုများ အဆုံးသတ်ရေး၊ အင်အားစုအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေး၊ အာဆီယံဆိုင်ရာ အထူးသံတမန် ခန့်အပ်ရေးနှင့် ဖမ်းဆီးထားသူများ အားလုံး လွှတ်ပေးရေးတို့ ပါဝင်ခဲ့သည့်အတွက် တချို့က ကြိုဆိုခဲ့သော်လည်း အမှန် တကယ် ထုတ်ပြန်သည့်အခါ ဖမ်းဆီးထားသူများကို လွှတ်ပေးရန်ဆိုသည့် အချက် မပါဝင်တော့ပါ။
အာဆီယံ၏ သဘောတူညီချက် ၅ ခု ထွက်ပေါ်မှုအပြီး နာရီပိုင်းအတွင်း အိုးခွက်များတီး၍ ဆန္ဒပြသည့် ပြည်သူများကို စစ် တပ်က အနိုင်ကျင့် နှိပ်စက်မှုများ ရှိခဲ့သည်ကို NUG က ဆက်လက် ထောက်ပြခဲ့ပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုသည် ဆို သော စစ်အုပ်စုသည် ၎င်းတို့ကိုယ်တိုင် ကတိပြုခဲ့သော သဘောတူညီမှုကို ထင်ရှားစွာ ချိုးဖောက်ခဲ့သည်ဟု NUG က ဝေဖန်ခဲ့သည်။
ထို့ကြောင့် ယခု NUG ၏ ကြေညာချက်တွင်လည်း သဘောတူထားသည့် အချက် ၅ ချက်ကို မြန်မာစစ်ကောင်စီက လိုက် နာခြင်း ရှိ၊ မရှိ အမြဲမပြတ် စောင့်ကြည့်ရန် ကြတ်မတ်နိုင်သည့် နည်းစနစ်တခု ထားရှိရန် တောင်းဆိုထားသည်။
NUG ၏ ယနေ့ ထုတ်ပြန်ချက်ထဲတွင် မြန်မာပြည်အရေးနှင့် ပတ်သက်၍ အပြုသဘောဆောင်သည့် ရလဒ်တခု ထွက်ပေါ် လာရန်အတွက် အာဆီယံ အထူးကိုယ်စားလှယ် စေလွှတ်မည့်ကိစ္စတွင် အာဆီယံအတူ လက်တွဲဆောင်ရွက်လိုကြောင်း ဖော်ပြထားသည်။
“မိမိတို့ NUG အစိုးရသည် မြန်မာနိုင်ငံအရေးအတွက် အဓိကအကျဆုံး ကဏ္ဍတွင် ပါဝင်နေသည့်အတွက် အာဆီယံ အထူး ကိုယ်စားလှယ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို သတ်မှတ်ရာတွင် NUG ၏ သဘောထားကို ရယူရန်လည်း အထူး တိုက်တွန်း လိုပါသည်”ဟု ပြောသည်။
မနေ့က နေပြည်တော်တွင် ပြုလုပ်သည့် အာဆီယံနိုင်ငံများ၏ တိုက်တွန်းချက်နှင့် ပတ်သက်သော အစည်းအဝေးတွင် အာ ဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်း တည်ငြိမ်းအေးချမ်းမှုကို ဆောင်ရွက်နေသော
ကြောင့် ပြည်တွင်းရေး တည်ငြိမ်မှ အာဆီယံမှ အဆိုပြုသည့် မြန်မာနိုင်ငံသို့ လာရောက်နိုင်ရေး ခရီးစဉ်များကို စဉ်းစား သွားမည်ဟု ပြောဆိုခဲ့သည်။
ထို့ကြောင့် အာဆီယံ၏ ကြားဝင် ညှိနှိုင်းမှုများမှာ မြန်မာပြည်သူများအတွက် အဖြေထွက်နိုင်ဦးမည် မဟုတ်ကြောင်း စစ် ကောင်စီ ဥက္ကဌ၏ အထက်ပါ ပြောဆိုချက်ကို နိုင်ငံရေး အကဲခတ်များက ဝေဖန်နေကြသည်။
CRPH ၏ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်၊ NUG တွင် ကာကွယ်ရေးဝန်ကြီး တာဝန်ယူထားသူလည်း ဖြစ်သူ ဦးရည်မွန်က အာဆီယံ၏ ကြေညာချက်တွင် ဝမ်းနည်းစရာ ကောင်းသည့် အချက်မှာ စစ်ကောင်စီက တရားဝင် ပြည်သူ့ အစိုးရဆီက အဓမ္မအာဏာ လုယူခဲ့ခြင်းကို ဖော်ပြမထားကြောင်း ပြောသည်။
“ပြည်သူ့ အစိုးရ ခေါင်းဆောင်တွေ အပါအဝင် တရားမဝင် ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတာ မတွေ့ ရဘူး။ ပြည်သူ့အသက် ၇၀၀ ကျော်ကို အကြမ်းဖက် နုတ်ယူခဲ့တဲ့ စစ်အုပ်စုကို ရူတ်ချဖို့လည်း ပျက်ကွက်တာ တွေ့ရ တယ်”ဟု ဦးရည်မွန်က ပြောသည်။
၎င်းက ဆက်၍ “အာဆီယံရဲ့ ထုတ်ပြန်ချက်အပေါ်မှာတော့ မြန်မာပြည်သူတွေ ရင်ခုန်လိမ့်မယ် မဟုတ်ဘူး။ မြန်မာ ပြည်သူ တွေဟာ ကိုယ်လျှောက်ရမယ့် လမ်းကို ဆုံးဖြတ်ရွေးချယ်ပြီး ဖြစ်တယ်လို့ နားလည်ပါတယ်”ဟု ပြောသည်။
NUG ၏ ထုတ်ပြန်ချက်ထဲတွင် မြန်မာပြည်သူလူထု၏ နေ့စဉ်ခံစားနေရသည့် ဒုက္ခများကို NUG အနေဖြင့် အာဆီယံ အစိုးရ
ထံသို့ တင်ပြခွင့်မရသည့်အပေါ် စိတ်မကောင်း ဖြစ်မိကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီက အာဆီယံသို့ တက်ရောက်ခွင့်ကို အသုံးချ၍ ၎င်းတို့သည် တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းပြည် တည်ငြိမ်ရေး လုပ်နေသယောင် တင်ပြသွားသည်ကိုလည်း NUG က ဝေဖန်ခဲ့သည်။