ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီး တရားစွဲခံနေရသော ကလေးသူငယ် မှု ခင်းများကို မြို့နယ် ရဲတပ်ဖွဲ့ ရုံးများမှ သက်ဆိုင်ရာ မြို့နယ်တရားရုံးများသို့ ရုပ်သိမ်းလွှာ တင်ပြထားကြောင်း သိရသည်။
ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက“ကလေး သူငယ်တွေနဲ့ပတ်သက်ပြီးတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲဆိုထားတဲ့ အမှုတွေကို ရုပ်သိမ်းပေးဖို့ လျှောက်ထားမှုတွေ ရှိတယ်လို့ သိရတယ်။ ကျနော်တို့ကတော့ ဥပဒေနဲ့အညီ အဲဒီ ပြန်ရုပ်သိမ်းမယ့် အမှုတွေကို အဆင့်ဆင့် စီစဉ်ဆောင်ရွက်သွားမယ်”ဟု ဧရာဝတီသို့ ပြောသည်။
အကြမ်းဖက်မှုဖြင့် တရားရင်ဆိုင်နေရသူ ကလေးသူငယ်အမှုများကို ပြန်လည် ရုပ်သိမ်းရန် စစ်တပ်က ရခိုင်ပြည်နယ် ရဲ တပ်ဖွဲ့ထံ ညွန်ကြားသည့်အတွက် ရဲတပ်ဖွဲ့က မြို့နယ်တရားရုံးများသို့ အမှုရုပ်သိမ်းလွှာတင်ထားခြင်း ဖြစ်ကြောင်း သိရ သည်။
အကြမ်းဖက်မှု ဥပဒေဖြင့် တရားစွဲခံရသည့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် မှုခင်းအရေအတွက် မည်မျှ ရှိသည် နှင့် မည်သည့်အမှုမျာကို ရုပ်သိမ်းပေးရန် တင်ပြထားသည်ကိုမူ ၎င်းအနေဖြင့် မသိရှိကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီ အဖွဲ့ဝင်လည်း ဖြစ်သူ ဦးလှသိန်းက ပြောသည်။
ထို့ပြင် ကလေးသူငယ် မဟုတ်သော အခြား အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံနေရသည့် ကျေးရွာသားများ အမှုနှင့်ပတ်သက်ပြီး မည်သို့ ဆောင်ရွက်မည်ဆိုသည့် အချက်နှင့် ပတ်သက်၍လည်း သိရှိနိုင်ရန် ရခိုင်ပြည်နယ် အုပ်ချုပ် ရေးကောင်စီဝင်များထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရှိခဲ့ပေ။
စစ်တွေအခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့မှ ရှေ့နေ ဦးဇော်ဇော်မင်းက“AA ကို အကြမ်းဖက်အဖွဲ့ က ပယ်ဖျက်လိုက်ပြီး ဆိုကတည်းက အကြမ်းဖက်နဲ့တရားစွဲခံနေရသူ ကလေး၊ လူကြီး၊ ယောင်္ကျား၊ မိန်းမ အမှုအားလုံးကို ဥပ ဒေအရဆိုရင် ရုပ်သိမ်းပေးရမယ်။ ကောင်စီအနေနဲ့လည်း အမှုရုတ်သိမ်းကြောင်း တရားဝင်လည်း ကြေညာပေးရမယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခုလို အမှုရုပ်သိမ်းပေးရန် တင်ပြထားသော်လည်း သက်ဆိုက်ရာ မြို့နယ် တရားရုံးများက လက်ရှိအချိန်အထိ အမှု ပိတ် သိမ်းပေးကြောင်း အမိန့် တစုံတရာ ထုန်ပြန်ခြင်း မရှိသေးပါ။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံရသူ အများစုမှာ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စသည့် မြို့ နယ်များမှ ရခိုင် လူငယ်များ ဖြစ်ကြောင်း သိရသည်။
မြို့နယ်အသီးသီးရှိ တရားရုံးများတွင် အထက်ပါ ဥပဒေဖြင့် တရား ရင်ဆိုင်နေရသူ လူပေါင်း ၂၀၀ ကျော်ရှိပြီး တရားခံပြေး အဖြစ် ကြေညာခြင်းခံထားရသူလည်း ၂၀၀ နီးပါး ရှိကြောင်းလည်း ရခိုင်ပြည်နယ် အခြေစိုက် လူမှု အဖွဲ့ အစည်းများ၏ စာရင်းများအရ သိရသည်။
You may also like these stories:
အကြမ်းဖက်မှုရပ်ရန် ASEAN တောင်းဆိုချက် NUG ကြိုဆို
ASEAN ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်လာရေး ဗိုလ်ချုပ်မှူးကြီး “မငြင်း”ဟု ဆို