သတင်း

ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်သို့ ဝင်ရန် စစ်ကောင်စီ ဖိအားပေး

Want create site? Find Free WordPress Themes and plugins.

ပညာရေးဝန်ကြီးဌာနရှိ သင်ကြား စီမံ ဝန်ထမ်းအားလုံး လုပ်ငန်းခွင်သို့ သတ်မှတ်ရက်အတိုင်းမပျက်မကွက် ဝင်ရောက်ရန် အာဏာသိမ်း စစ်ကောင်စီက ဖိအားပေးလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန၏ ညွှန်ကြားစာအရတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ သင်ကြားရေး ဆရာ/ဆရာမများနှင့် စီမံဝန်ထမ်းများ အားလုံး လုပ်ငန်းခွင်သို့ မေလ ၃ ရက် (တနင်္လာနေ့) နောက်ဆုံးထား၍ မပျက်မကွက် (မပျက်မကွက်) ဝင်ရောက်ကြရမည်ဟု ဆိုသည်။

ထို့ပြင် တနင်္လာနေ့တွင် ကျောင်း/ရုံး တက်ရောက်ရန် ပျက်ကွက်သူ အမည်စာရင်းကို တိကျမှန်ကန်စွာပြုစု၍ ယင်းနေ့ ညနေ ၄ နာရီအရောက် တင်ပြရန်နှင့် အမည်စာရင်း မှားယွင်းမှု တစုံတရာ ပေါ်ပေါက်ပါက တက္ကသိုလ် တာဝန်ရှိသူ အဆင့်ဆင့်၏ တာဝန်သာ ဖြစ်သည်ဟုလည်း သတိပေးထားသည်။

ရန်ကုန်တက္ကသိုလ်မှ CDM ကထိက ဆရာတဦးက “ကျနော်တို့ကတော့ နဂိုကတည်းက မသွားတဲ့သူဆိုတော့ သေချာတာက သွားမှာမဟုတ် ဘူး။ ဘာမှ ဒီဟာကို ထွေထွေထူးထူး အရေးစိုက်နေစရာ မလိုဘူး။သူတို့ လုပ်ချင်ရာလုပ်ပေါ့” ဟု ပြောသည်။

၎င်းထံ လက်ရှိအချိန်ထိ ယင်းညွှန်ကြားစာ ပေးပို့လာခြင်း မရှိသေးသော်လည်း စစ်ကောင်စီဘက်မှကျောင်းများပြန်ဖွင့်ရန် ကြိုးစားနေခြင်းကြောင့် ယခုလို ညွှန်ကြားစာထုတ်ခြင်း ဖြစ်နိုင်သည်ဟုဆိုသည်။

၎င်းက “ပုံမှန်အတိုင်းသွားတယ်ဆိုရင် ဇွန်မှာကျောင်းဖွင့်တာဆိုတော့ ပထမ ကိုဗစ်ကြောင့် စာမေးပွဲဖြေတာ ရပ်ထားလိုက်ရတာရှိတယ်။ အသည်းအသန် အဲဒီစာမေးပွဲတွေ ပြန်ဖြေခိုင်းမယ်။ ပြီးရင် နောက်semester တခုကို ပြန်စမယ်။ အဲဒီလိုပုံစံ သွားမယ်နဲ့တူတယ်။ သူတို့မှာ တခြားအခက်အခဲတွေလည်း ရှိတယ်နဲ့တူတယ်။ ဝန်ထမ်းမလုံလောက်တာ။ နည်းပြ ဆရာအသစ်တွေခေါ်ပြီး အင်အားထပ်ဖြည့်ဖို့ လုပ်နေတာလည်းရှိတယ်” ဟု ပြောသည်။

တက္ကသိုလ် ဆရာ/ဆရာမ ရာခိုင်နှုန်း အတော်များများ CDM ဆက်လုပ်နေကြဆဲဖြစ်သော်လည်းတချို့မှာ ရေရှည်တောင့်ခံနိုင်ရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်တွင် CDM ပြုလုပ်နေသူများအနက် စားဝတ်နေရေး အခက်အခဲရှိသူများ၊ ဖမ်းမည်/အရေးမည် ဟူသည့် ဖိအားဒဏ်များကြောင့် စီမံဝန်ထမ်း အတော်တော် များများနှင့် ဆရာ/ဆရာမတချို့ ပြန်တက်နေပြီဟု သိရကြောင်း CDM ပြုလုပ်နေသည့် ဆရာတဦးက ပြောသည်။

၎င်းက “အကြောက်တရား အဓိက လွှမ်းမိုးလို့ ပြန်လုပ်တဲ့သူတွေလည်း ရှိတယ်။ သူတို့ဘက်ကို လုံးလုံးရပ်တည်ပြီးတော့ လုပ်တဲ့သူကတော့ ၁၀ ရာခိုင်နှုန်း မကျော်တာ သေချာတယ်။ ဖိအားဒဏ်နဲ့ငွေရေးကြေးရေး အဓိက စားဝတ်နေရေး မပြေလည်လို့ ပြန်လုပ်ကြတာမျိုး” ဟု ဆိုသည်။

စစ်ကောင်စီက CDM ထောက်ပံ့ရေး လုပ်ဆောင်နေသူများကို ဖမ်းဆီးခြင်း၊ အကူညီပေးသူများအနေဖြင့်လည်း အောက်ခြေဝန်ထမ်းများအထိ လက်လှမ်းမီရန် ခက်ခဲခြင်း၊ CRPH က စာရင်းကောက်ယူနေသည်ဆိုသော် လည်း သတင်းအချက်အလက် ရရှိမှု အားနည်းခြင်း စသည်ဖြင့် အခက်အခဲများရှိနေရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် CDM ထောက်ပံ့နေသူများချိတ်ဆက်ကာ နောက်ကွယ်မှ ရေရှည်ထောက်ပံ့နိုင်ရေး အစီအစဉ်များရှိလျှင် ပိုကောင်းမည်ဟုလည်း၎င်းက အကြံပြုသည်။

“ဆက်ပြီးတော့ တိုက်ကြပါလို့ပဲ ပြောချင်ပါတယ်။ သူ့ဘာသာ ဘာကြီးပဲ ဖြစ်လာဖြစ်လာ။ ရှင်းရှင်းပြောရရင် ဒီစားဝတ်နေရေးတခု မပြေလည်ရင် တခြားဟာပြောင်းလုပ်။ အဆင်ပြေရာ တခုခုပေါ့။ စစ်ကောင်စီ အစိုးရရဲ့ ယန္တရားတွေ ပြန်မလည်ပတ်နိုင်ဖို့က အဓိကပဲ။ ကိုယ်တွေက ခဏတာလောက်အပင်ပန်းခံလိုက် ရင်ပဲ နိုင်သွားရင် ဒါတွေအကုန်လုံးက ပြန်ရလာမှာပဲ။ ခဏ တော့ အကုန်လုံး သည်းခံကြပါလို့ပဲ ပြောချင်တယ်” ဟုလည်း ၎င်းက ဆိုသည်။

တဖက်တွင်လည်း အာဏာသိမ်း စစ်ကောင်စီက ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်နေသော ပါမောက္ခများအား ဒု-ပါမောက္ခချုပ် ရာထူးတိုးအတွက် လူတွေ့စစ်ဆေးရန် နေပြည်တော်သို့ ခေါ် ဆိုသည့် အမည်စာရင်းများလည်း ထွက်ပေါ်လာသည်။

CDM ပြုလုပ်နေသည့် ပါမောက္ခချုပ်နှင့် ဒု-ပါမောက္ခချုပ်များ၏ နေရာတွင် အစားထိုးရန် လက်ရှိကျောင်းတက်နေသည့် ပါမောက္ခများကို ရာထူးတိုးပေးပြီး အစားပြန်ထိုးရန် ဖြစ်နိုင်ကြောင်းတက္ကသိုလ်ဆရာ/ဆရာမများ အသိုင်းအဝိုင်းက သိရသည်။

You may also like these stories:

ရခိုင်တွင်လည်း စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား အပြည့်အဝ မလည်ပတ်နိုင်

မင်းတပ်တွင် တိုက်ပွဲဆက်ဖြစ်နေ၊ စစ်ကောင်စီဘက်မှ ၁၃ ဦး ထပ်မံ သေဆုံး

Did you find apk for android? You can find new Free Android Games and apps.
Loading