ပြည်မြို့တွင် စစ်ကောင်စီတပ်များက လက်လုပ်ဗုံးများတွေ့သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးလိုသူအား မတွေ့သဖြင့် မိခင်နှင့်ညီဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားရာ ၁၀ ရက်ကျော်သည်အထိ မိသားစုများနှင့် အဆက်အသွယ် မရသေးကြောင်း သိရသည်။
ဧပြီလ ၁၄ ရက်က ပြည်မြို့ရှိ ခေတ္တရာ ရပ်ကွက်ရှိ နေအိမ်တအိမ်တွင် လက်လုပ်ဗုံးအများ တွေ့ရှိသည်ဟုဆိုကာ ထိုအမှုနှင့် ပတ်သက်၍ သံသယရှိသူ ကိုရန်နိုင်လင်း နေထိုင်သည့် ပြည်မြို့ ရွာဘဲရပ်ကွက်နေအိမ်သို့ စစ်ကောင်စီတပ်များက ဧပြီလ ၁၆ ရက်တွင် သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရ သည်။
ထိုသို့ သွားရောက်ဖမ်းဆီးရာတွင် ကိုရန်နိုင်လင်းကို မတွေ့သဖြင့် အသက် ၆၅ နှစ်ရွယ် မိခင်ဒေါ်သိန်းသိန်းနှင့် ၂၈ နှစ်အရွယ် ညီဖြစ်သူ မောင်နိုင်ဝင်းအောင်တို့က စစ်ကောင်စီတပ်များက ဖမ်းဆီးခေါ်ဆောင်သွားပြီး နေအိမ်ကို လည်း မွှေနှောက်ရှာဖွေခဲ့သည်ဟု ဒေသခံများက ပြောသည်။
“သားကို မတွေ့လို့ ဓားစားခံအနေနဲ့ ခေါ်သွားတဲ့ပုံစံမျိုး။ လာဖမ်းတုန်းက အိမ်မှာလည်း ဥပဒေနဲ့မလွတ်ကင်းတာ ဘာမှ မတွေ့ဘူး။ ခေါ်သွားတာလည်း ရက်ကြာနေပြီ။ ဘာသတင်းအစအနမှလည်း မရတော့ စိတ်ပူတယ်” ဟု ဖမ်းဆီးခံထားရသူ၏ မိသားစုဝင်တဦးက ပြောသည်။
စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသူနှစ်ဦးကို မည်သည့်နေရာသို့ ဖမ်းဆီးသွားခြင်းလည်းမသိရသလို ယနေ့ထိလည်း မိသားစုဝင်များနှင့်အဆက်အသွယ်မရသေးကြောင်း၎င်းတို့သားအမိမှာ အပြစ်မရှိဘဲ ဖမ်းဆီး သွားခြင်း ဖြစ်သောကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ကြောင်း မိသားစုဝင်များက ပြောသည်။
ထိုဖြစ်ရပ်များကြောင့် စွပ်စွဲခံထားရသူ ကိုရန်နိုင်လင်းမှာလည်း တိမ်းရှောင်နေရကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် ပြည်မြို့တွင်လည်းဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်က အကြမ်းဖက် ဖြို ခွင်းသောကြောင့် လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သလို ယခုရက်ပိုင်းများတွင်လည်း စစ်ကောင်စီတပ်က ရပ်ကွက်များတွင် ၎င်းတို့ သံသယရှိသူများကို ညပိုင်းများတွင် လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ယခုအခါ လူငယ်များက မြို့တွင်းရပ်ကွက်များတွင် ဆိုင်ကယ်သပိတ်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဆန္ဒပြမှုများ ဆက်ရှိနေသည်။
You may also like these stories:
ယင်းမာပင်တွင် အဖမ်းခံရသူတချို့ စစ်ကောင်စီသို့ ငွေပေး၍ ပြန်လွတ်လာ
မင်းတပ်တွင် တိုက်ပွဲဆက်ဖြစ်နေ၊ စစ်ကောင်စီဘက်မှ ၁၃ ဦး ထပ်မံ သေဆုံး