KIA နဲ့ စစ်တပ်အတွက် အရေးပါတဲ့ တရုတ်- မြန်မာနယ်စပ်က အလော့ဘွမ်စခန်း
တရုတ်- မြန်မာနယ်စပ်အနီးက စစ်ရေးအရ အရေးပါတဲ့ အလော့ဘွမ်တောင်ကို စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ဖို့ တိုက် လေယာဉ်တွေသုံးကာ ဗုံးမိုးရွာနေပေမယ့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စစ်သားတွေဟာ ကြံ့ကြံ့ခံ ခြေကုပ် ယူထားဆဲ ဖြစ်ပါတယ်။
KIA အနေနဲ့ အလော့ဘွမ်ကို လက်မလွှတ်ရအောင် ကြိုးစားနေတယ်လို့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော် ဘူက ပြောသလို စစ်တပ်ကလည်း ဒီတောင်ကုန်းကို ပြန်ရဖို့ သိမ်းပိုက်ထားတဲ့ KIA စစ်သားတွေ သေကြေကာ စွန့်ခွာ သွားအောင် တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲနေတာ အကြိမ် ၅၀ထက် မနည်းတော့ပါဘူး။
ဒါပေမယ့် အခုအချိန်အထိတော့ KIA စစ်သားတွေကတော့ အလော့ဘုမ်ကို လုံးဝလက်လွှတ်မယ့် အခြေအနေ၊ အရိပ် အယောင် မမြင်ရသေးပါ။
ဗိုလ်မှူးကြီးနော်ဘူက “ အလော့ဘွမ်က KIA အတွက်လည်း အရေးပါတယ်။ စစ်တပ်ဘက်ကလည်း ဒီအလော့ဘွမ်မှာ မထိုင်နိုင်ရင် မြစ်ကြီးနား- ဗန်းမော်ကားလမ်းရဲ့ အရှေ့ဘက်၊ နယ်စပ်တဝိုက်မှာ သူတို့အတွက် ခိုင်ခိုင်မာမာ စခန်းထိုင်ဖို့ မရှိ တော့ မရမက ပြန်တိုက်ဖို့ စစ်ဆင်ရေးတွေ ဗျူဟာတွေ လုပ်တယ်ထင်ပါတယ်။ ဒီအတွက် ကျနော်တို့ကလည်း ပြန်ခုခံ နေ ပါတယ်”လို့ ဆိုပါတယ်။
ဒီလို နှစ်ဖက် အကြိတ်အနယ်တိုက်ခိုက်နေကြတဲ့ အလော့ဘွမ်ဗျူဟာကုန်းဟာ ကချင်ပြည်နယ်က ဗန်းမော်ခရိုင် ဒေါ့ဖုန်း ယန်မြို့နယ်ခွဲထဲမှာရှိပြီး မြန်မာ-တရုတ် နယ်စပ်နဲ့ နီးစပ်တဲ့ တောင်ကုန်းတခု ဖြစ်ပါတယ်။
မြန်မာ-တရုတ် နယ်စပ်တကြောမှာ အခြေစိုက်ထားတဲ့ ကချင်တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ KIAရဲ့ ဗဟို စစ်ရုံးချုပ် အခြေစိုက်ရာ လိုင်ဇာနယ်မြေကို ဦးတည်သွားနိုင်တဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိနေသလို ဗန်းမော်- မြစ်ကြီးနား လမ်းတလျှောက်အတွက်လည်း အရေးပါတဲ့ ဗျူဟာကုန်း တခုပါ။
ဒီလို ဗျူဟာကျတဲ့ စိုးမိုးကုန်းတခုကို စစ်တပ်က စခန်းထိုင်ထားတာ နှစ်ပေါင်း ၃၀ ကျော်ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ မတ်လ ၂၅ ရက် ဝေလီဝေလင်း မနက် ၅ နာရီလောက်မှာတော့ KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း ၃၀ မထင်မှတ်ဘဲ ဝင်ရောက်တိုက်ခိုက်သိမ်းယူလိုက်တာ ဖြစ်ပါတယ်။
အလော့ဘွမ်ဗျူဟာကုန်းကို မြန်မာစစ်တပ်က ၁၉၈၇ ခုနှစ်မှာ စစ်တပ်က သိမ်းယူခဲ့တာဖြစ်ပြီး ၂၀၂၁ခုနှစ်၊ မတ် ၂၅ ရက်အထိ စခန်းထိုင်ခဲ့တာပါ။
အခုတော့ စစ်တပ်က အလော့ဘွမ်ကို ပြန်ရဖို့ ကြိုးစားနေတာ ရက်ပေါင်း ၃၀ ကျော်ရှိပါပြီ။ မိုးမောက်မှာ အခြေစိုက်တဲ့ တပ်မ ၈၈ လက်အောက်ခံတပ်ရင်းတွေ အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတွေကို ရက်ရက်စက်စက် သတ်ခဲ့တဲ့ ပဲခူးမြို့ အခြေစိုက် တပ်မ ၇၇ ဟာလည်း အလော့ဘွမ်အနီးတဝိုက်မှာ KIA ကို တိုက်ခိုက်ဖို့ ရောက်ရှိနေပြီလို့ သိရပါတယ်။
ပဲခူးရိုးမမှာ အခြေချတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကို တိုက်ခိုက်ဖို့ ၁၉၆၆ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ တပ်မ ၇၇ဟာ ဖေဖါ်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှား ဆန္ဒပြနေတဲ့ အရပ်သားတွေကို ပစ်ခတ် သတ်ဖြတ်မှု ကျူးလွန်ရာမှာ နာမည်ဆိုး ထွက်ခဲ့တဲ့ တပ်ဖြစ်ပါတယ်။

အလော့ဘွမ်ရဲ့ အတိတ်သမိုင်း
အလော့ဘွမ်ဟာ စစ်ရေးအရ အရေးပါတဲ့ ဂုဏ်ပုဒ်ကို ရယူထားတာ နှစ်ပေါင်း ၁၃၀ ကျော်ပါပြီ။
ဒီကနေ့ခေတ် စစ်တပ်နဲ့ KIA ကြား တိုက်ပွဲမှာ ဗျူဟာကျတဲ့ တောင်ကုန်းအဖြစ် အရေးပါသလို ဒုတိယကမ္ဘာစစ် ကာလ အတွင်းမှာလည်း ဗြိတိသျှတပ်ရဲ့ အရေးပါတဲ့ ခံစစ်စခန်းတခု ဖြစ်ခဲ့ပါတယ်။
အလော့ဘွမ်စခန်း ဖြစ်တည်လာရာကို အစချီရရင် သီပေါမင်း ပါတော်မူပြီး ဗြိတိသျှတပ်တွေ ဗန်းမော်ကို စရောက်လာတဲ့ ၁၈၈၅ ခုနှစ်ကာလ ကနေ အစပြု ပြောဆိုရမှာပါ။
၁၈၈၅ ခုနှစ် နိုဝင်ဘာမှာ ဗြိတိသျှက မန္တလေး နေပြည်တော်ကို သိမ်းပိုက်၊ သီပေါဘုရင်ကို နန်းချပြီးနောက် မြောက် ဘက်ယွန်းယွန်းကို ဆက်ချီတက်လာရာမှာ ဗန်းမော်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ကချင်သမိုင်းမှတ်တမ်းတွေအရ ၁၈၈၅ ခုနှစ် ဒီဇင်ဘာ ၂၈ မှာ ဗြိတိသျှတပ်တွေ ဗန်းမော်ကို ရောက်ရှိခဲ့တာလို့ မှတ်တမ်း တင်ထားသလို ဒေသခံကချင်လူမျိုးစစ်သည်တွေက ဒေသတွင်း ဝင်လာတဲ့ ဗြိတိသျှတွေကို ပြင်းပြင်းထန်ထန်ကို ခုခံ တိုက်ခိုက်ခဲ့တဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။
ဗြိတိသျှတပ်တွေက သူတို့ စစ်သည်တွေ ဝေးလံခေါင်ဖျားတဲ့ နေရာတွေမှာ တပ်စွဲအခြေချဖို့ Fort လို့ခေါ်တဲ့ ခံတပ်တွေ နယ်ခြား ကင်းစခန်းတွေကို တည်ဆောက်ရာမှာ ဗန်းမော်ခရိုင်တွင်းက ဧရာဝတီမြစ်အရှေ့ဘက် တကြောမှာ နဖော၊ အလော့ဘွမ်၊ အူရာဘွမ်ဆိုတဲ့ စခန်းကုန်း ၃ခုကို ထုထည် ကြီးမား ခိုင်ခံ့တဲ့ ကျောက်တုံးကျောက်စိုင်ကြီးတွေနဲ့ တည်ဆောက်လိုက်ကြပါ တယ်။
ဗန်းမော်အပြင် ပူတာအိုမှာလည်း ဟာ့ဇ်ခံတပ်၊ ဆဒုံးမှာ ဟာရီဆန်ခံတပ်၊ ဆီမားခံတပ်တို့ကို လည်း တည်ဆောက် ခဲ့ပါသေးတယ်။
ကချင်ပြည်နယ်အတွင်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက အိန္ဒိယ- မြန်မာ- တရုတ် ပြည်ကို ဆက်သွယ်ဖို့ သမိုင်းဝင် လီဒို လမ်းမကြီးလိုပဲ ဗြိတိသျှတပ်တွေ တည်ဆောက်ခဲ့တဲ့ တခြားသော စစ်စခန်းတွေဟာ ယနေ့တိုင် အခိုင်အမာတည်ရှိဆဲပါ။
ဒီဒေသက တိုင်းရင်းသားတွေဟာ ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်၊ အမေရိကန်၊ တရုတ်၊ ဂျပန် စတဲ့ ပြည်ပစစ်တပ် တွေ မိမိတို့မြေမှာ ဝင်ရောက်လာကာ တိုက်ခိုက်ကြတဲ့ စစ်ပွဲတွေအကြား အတိဒုက္ခရောက်ကာ သေကြေပျက်စီးခဲ့ ရသလို ယနေ့ ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေ ကြားမှာလည်း စစ်ပွဲရဲ့ သားကောင်တွေအဖြစ် သေကြေမှုတွေ အိုးအိမ်ပျက်စီးမှု တွေ ရှိနေပါ တယ်။
အလော့ဘွမ်တဝိုက်က လက်ရှိ စစ်ရေးအခြေအနေ
လက်ရှိမှာတော့ စစ်တပ်ဟာ လေယာဉ်တွေ၊ စစ်သင်္ဘောတွေ၊ အမြောက်ကြီးတွေ၊ ဒုံးကျည်တွေ အများအပြား ပိုင်ဆိုင်ထား ပေမယ့်၊ အာဏာသိမ်း စစ်ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လက်အောက်မှာ စစ်ရေးစွမ်းရည်၊ စည်းရုံးရေး စွမ်းရည်၊ စည်းကမ်း စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အောက်ဆုံးအဆင့်ထိ ကျဆင်းနေတယ်လို့ စစ်ရေးနိုင်ငံရေး သုံးသပ်သူတွေက ဆိုကြပါတယ်။
လက်ရှိမှာလည်း စစ်တပ်ရဲ့ မဆုတ်တမ်းခံစစ်စခန်းတွေ၊ ဗျူဟာအရ အရေးပါတဲ့နေရာတွေကို နှစ်ပေါင်း ၇၀ကျော် ရင်ဆိုင် ခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU)တပ်တွေ၊ ၁၉၆၁ခုနှစ်ကတည်းက တိုက်ခိုက်လာတဲ့ ကချင်လွတ်လပ် ရေး တပ်မတော် (KIA)တပ်တွေက သိမ်းပိုက်ထားတာကို တွေ့ရပါတယ်။
နှစ်ပေါင်း ၃၀ကျော် ခိုင်မာစွာ စခန်းထိုင်ခဲ့တဲ့ အလော့ဘွမ်ကို တိုက်ခိုက်သိမ်းပိုက်တဲ့ မတ် ၂၅ ရက် တုန်းကဆိုရင် တောင် ကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့ တပ်သားတွေ သေဆုံးတာတွေ ရှိသလို KIA လက်ထဲမှာ သုံ့ပန်းအဖြစ် ဖမ်းမိသူတွေ လည်း အများအပြားရှိတယ်လို့ နှစ်ဖက်တပ်တွေနဲ့ နီးစပ်သူတွေထံက နေ သိရပါတယ်။
ဒါပေမယ့် စစ်တပ်ဘက်က အလော့ဘွမ်နဲ့ ပတ်သက်တဲ့ မြေပြင်အခြေအနေကို ထုတ်ဖော်ပြောဆိုခြင်း မရှိသလို KIA ဘက်ကလည်း ၎င်းတို့ စစ်သားတွေ ထိခိုက်သေဆုံးတာနဲ့ ဖမ်းမိတဲ့ သုံ့ပန်းတွေ စာရင်းကို ထုတ်ပြောတာ မရှိပါဘူး။
စစ်တပ်က အလော့ဘွမ်တောင်ခြေတဝိုက်က ရှေ့တန်းတပ်စခန်းတွေဆီကို ဧပြီလလယ်လောက်မှာ အင်အား ဖြည့်တင်း တာတွေ လုပ်နေသလို KIAကလည်း အင်းအားဖြည့်တင်းဖို့ လာတဲ့ စစ်ယာဉ်တန်းတွေကို မိုင်းခွဲတိုက်ခိုက်တာတွေကြောင့် အလော့ဘွမ်နဲ့ မနီးလှတဲ့ နယ်မြေတကြောဟာလည်း မအေးချမ်းလှပါဘူး။
အလော့ဘွမ် ဗျူဟာကုန်းကို မူတည်ပြီး ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေမှာ ထူးခြားချက်တခုကတော့ စစ်တပ်က မြေပြင်မှာ ခြေလျင်တပ်တွေနဲ့ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်တာမျိုး မလုပ်ဘဲ တိုက်လေယာဉ်တွေနဲ့ပဲ ဗုံးကြဲတိုက် ခိုက် တာကိုပဲ အများဆုံး လုပ်ဆောင်နေပါတယ်။
မတ် ၂၅ ရက်ကနေ ယနေ့ထိ အကြိမ်ပေါင်း ၅၀ ထက်မနည်း စစ်တပ်က ဗုံးကြဲတိုက်ခိုက် ထားပေမယ့် အလော့ဘွမ် ကိုတော့ ပြန်ရယူနိုင်ချေ မရှိသေးပါဘူး။
လက်ရှိ စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးနော်ဘူက “မနေ့ (ဧပြီ ၂၆) က ညသန်းခေါင်ယံမှာလည်း လေ ကြောင်းနဲ့ ၅ ခေါက် ဗုံးလာကြဲတယ်။ ဒီနေ့လည်း လေယာဉ်ပျံနဲ့ တိုက်တာရှိပါတယ်။ မြေပြင်တိုက်ပွဲတွေက သိပ်ပြင်းထန် တာ မရှိဘူး။ နေရာ တော်တော်များများမှာတော့ စစ်ကောင်စီဘက်ကလည်း ထိုးနေတယ်။ KIA ဘက်ကလည်း ခုခံစစ် လုပ်နေတာ ရှိပါတယ်။ တော်တော်လေး တင်းမာနေတဲ့ အနေအထား ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
KIA ဟာ စစ်တပ်က အာဏာမသိမ်းခင်အချိန်ထိ ၂နှစ်ကြာအောင် ကချင်ပြည်နယ်တွင်းမှာ စစ်ရေး လှုပ်ရှားမှုတွေကို ရပ်တန့်ထားပြီး ပဏာမအပစ်ရပ်စာချုပ် တစောင် ချုပ်ဆိုနိုင်ဖို့ ညှိနှိုင်းနေခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး လူထုကို သတ်ဖြတ်မှုတွေ ရှိလာတဲ့အခါ လူထုဘက်က ရပ်တည်မယ်လို့ ကြေငြာပြီး KIA က စစ်တပ်နဲ့ ရဲကင်းတွေကို တိုက်ခိုက် စစ်မျက်နှာ စဖွင့်သလို ယခင်က ဆုံးရှုံးခဲ့တဲ့ တောင်ကုန်းတွေ ဗျူဟာကုန်း နေရာတွေ ကိုလည်း ပြန်သိမ်းယူနိုင်ဖို့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်တွင်း ဝိုင်းမော်၊ ဖားကန့်၊ တနိုင်း၊ အင်ဂျန်းယန်၊ မိုးမောက်၊ ဗန်းမော် မြို့နယ်တွင်း စစ်ရေး တင်းမာမှု တွေ ရှိနေတဲ့အထဲမှာ အလော့ဘွမ်ကတော့ အပြင်းထန်ဆုံး တိုက်ပွဲတခု ဖြစ်ပါတယ်။
KIA နဲ့ စစ်တပ်အကြား ၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ကြားကာလတွေမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကာလတွေတုန်းကတော့ စစ်တပ်က လက်နက်အင်အား သာလွန်သလို လူထုထောက်ခံအားပေးမှု တချို့ ရရှိခဲ့ပေမယ့် ဒီတကြိမ် တိုက်ပွဲကတော့ အခြေအနေတွေ အရင်နဲ့ မတူတော့ပါဘူး။
စစ်တပ်ရဲ့ ဒီတကြိမ် အာဏာသိမ်းမှုကို လူထုက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြသလို၊ ဆန့်ကျင်တဲ့လူထုကို ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှု အိုးအိမ်ပစ္စည်း ဥစ္စာလုယူဖျက်ဆီးမှုကြောင့် စစ်တပ်ဟာ သူ့အသိုင်းအဝိုင်းကလွဲရင် မည်သူကမှ မထောက်ခံ ဆန့်ကျင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီလို့ ဆိုရမှာပါ။
တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကို လူထုရဲ့ထောက်ခံအားပေးမှု အရှိန်အဟုန်မြင့်လာပြီး စစ်တပ်နဲ့ KIA ကြား ဖြစ် ပွားတဲ့ တိုက်ပွဲတွေမှာဆိုရင် KIA ကို အားပေးထောက်ခံကြောင်း လူမှုကွန်ရက်တွေပေါ်မှာရော လမ်းပေါ်ထွက် ဆန္ဒပြ ပွဲတွေမှာပါ ထောက်ခံကြောင်း ပြလာကြပါတယ်။
စစ်တပ်ရဲ့ တပ်သားတွေကိုတော့ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ ကျဆင်းနေပြီး တပ်ကနေ ထွက်ပြေးနေတဲ့ အရာရှိနဲ့ တပ်သား ဦးရေဟာလည်း များပြားလာတာကိုက စစ်တပ်ရဲ့ လက်ရှိအခြေအနေကို ပြနေပါတယ်။

အရပ်သားတွေရဲ့ဒုက္ခ
စစ်တပ်နဲ့ KIA ကြား စစ်ရေးပဋိပက္ခတွေရဲ့ တဖက်မှာတော့ အရပ်သား ၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေ ရပါတယ်။
လက်ရှိထွက်ပြေးနေရတဲ့ အရပ်သားတွေဟာ မိုးမောက်မြို့နယ်အတွင်းက မြို့သစ်၊ ကုန်းလော၊ ဆီဟက်၊ နွမ်လန်း၊ မိုင်းခတ်၊ နောင်ကွမ်း၊ နမ့်ငိုး စတဲ့ ကျေးရွာပေါင်း ၁၀ ရွာခန့်က ဒေသခံတွေပါ။ သူတို့ကျေးရွာတွေဟာ အလော့ဘုမ် ဗျူဟာကုန်းနဲ့တော့ အလှမ်းဝေးပါတယ်။
သို့ပေမယ့် အလော့ဘွမ်ကို ဦးတည်ပြီး တိုက်ခိုက်ကြတဲ့ ပွဲမှာ အလော့ဘွမ်တောင်ခြေ ပတ်ပတ်လည် တကြောက စစ်တပ် တပ်စခန်းတွေကိုလည်း KIA က တိုက်ခိုက်ပါတယ်။
ဧပြီ ၁၁ ရက်၊ ညဦးပိုင်းမှာဆိုရင် KIA စစ်သားတွေဟာ အလော့ဘွမ်တောင်ခြေ တကြောကို ဖြန့်ကျက် ဆင်းလာပြီး တာပိန်တံတားထိပ်က ရဲကင်းစခန်း ၊ ခြေမြန်တပ်ရင်း ခမရ ၃၂၀ တပ်စခန်း၊ ၃၈၇ တပ်စခန်းတွေကို ဧပြီ ၁၁ ရက်မှာ စတိုက်ပါတယ်။
KIA တိုက်ခိုက်တဲ့ ရဲကင်းစခန်း၊ ခမရ ၃၂၀ နဲ့ ၃၈၇ တပ်စခန်းတွေဟာ အရပ်သားတွေ နေထိုင်တဲ့ ကုန်းလော၊ ဆီဟက်၊ မြို့သစ်၊ မြို့ဟောင်း ကျေးရွာတွေနဲ့ ကျောချင်းကပ် အနေအထား တည်ရှိနေတာကြောင့် တိုက်ပွဲဖြစ်တဲ့ ကြားမှာ ကျေးရွာ တွေထဲ လက်နက်ကြီးတွေ ကျပေါက်ကွဲပြီး အရပ်သား ၄ဦး ဧပြီ ၁၁ ရက်၊ ညမှာပဲ အသက်ဆုံးပါးခဲ့ကြ ရပါတယ်။
လက်နက်ကြီး ကျည်စထိမှန်လို့ သေဆုံးရသူ ၄ဦးထဲမှာ အသက် ၂၁ နှစ်ရွယ် အမျိုးသမီးဆိုရင် ပေါင်မှာ ကျည်စ ထိမှန်ပြီး သွေး ထွက်လွန်တာကြောင့် အချိန်မီဆေးကုနိုင်ခြင်း မရှိဘဲ ဆုံးပါးသွားခဲ့ရတာ ဖြစ်ပါတယ်။
ဒီလိုနဲ့ အလော့ဘွမ်က စလိုက်တဲ့ တိုက်ပွဲဟာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ဒေသခံတွေလည်း အိုးပစ်အိမ်ပစ်နဲ့ ထွက်ပြေးရတဲ့ အထိ ဖြစ်လာတော့တာပါပဲ။
လက်ရှိမှာ စစ်ဘေးသင့်နေတဲ့ ကျေးရွာ ၁၀ ရွာကနေ ထွက်ပြေးလာရတဲ့ အရပ်သား ၅၀၀၀ ကျော်ဟာ စစ်ဘေး ရှောင် ဒုက္ခသည်တွေအဖြစ် မိုးမောက်နဲ့ ဗန်းမော်မြို့ပေါ်က ဘာသာရေးအဆောက်အဦး တွေနဲ့ မိဘဆွေမျိုးတွေထံမှာ ခိုလှုံနေကြပါတယ်။
မိုးမောက်မြို့ပေါ်ကို ထွက်ပြေးလာတဲ့ ဦးအောင်လင်းက “နေ့တိုင်းနီးပါး လက်နက်ကြီး နဲ့ ပစ်တယ်။ လေယာဉ်နဲ့ ဗုံး ကြဲ တယ်ဆိုတော့ ဘယ်လိုမှ မလုံခြုံလို့ ထွက်ပြေးလာတာ။ မြို့သစ်မှာ အိမ်တွေ လက်နက်ကြီးစာမိလို့ ပျက်စီးတာ ၆ လုံး မက တော့ဘူး။ ရွာမှာသာနေရင် အချိန်မရွေး အသက်ပါသွားနိုင်တယ်”လို့ ဆိုပါတယ်။
အသက်အန္တရာယ်နဲ့ ကြုံလာရရင် အသက်ဘေးလွတ်ဖို့ကသာ အရေးအကြီးဆုံး ဖြစ်တာကြောင့် ဒေသခံတွေဟာ သူတို့ စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ကျွဲ၊နွား၊ဝက်တွေ အပြင် တကိုယ်ရည်သုံး အသုံးအဆောင်တွေ ကိုတောင် မသယ်လာနိုင်ကြပါဘူး။
ညဦးပိုင်းကတည်းက ဗုံးခိုကျင်းထဲ ဝပ်နေပြီး မိုးလင်းတာနဲ့ အဝတ်တထည်ကိုယ်တခုနဲ့ မြို့ပေါ်ကို ပြေး လာရတဲ့ မိသားစုတွေလည်း ရာနဲ့ချီပြီး ရှိနေပါတယ်။
မိုးမောက်က ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို ခိုလှုံဖို့ ရောက်လာတဲ့ စစ်ဘေးရှောင် ဒုက္ခသည် ၅၀၀ ကျော်ထဲမှာ ဆိုရင် အများစုက အဝတ်တထည်ကိုယ်တခုနဲ့ ပြေးလာကြရသူတွေ ချည်းပဲလို့ ဘုရားကျောင်းရဲ့ တာဝန်ခံ ဆရာတော် က ဆိုပါတယ်။
ထွက်ပြေးလာတဲ့ ဒေသခံတွေကတော့ သူတို့နေရပ်ရင်းအိမ်တွေကို အခုအခြေအနေမှာ တော့ မပြန်ရဲသေးဘူးလို့ ပြောပါ တယ်။ တိုက်ပွဲအခြေအနေ ငြိမ်သက်နေရင်တောင် နှစ်ဖက်တပ်တွေ စစ်ပြင်နေတာပဲ ဖြစ်ပြီး စစ်တပ်နဲ့ KIA ကြား တိုက်ခိုက်မှု တွေက အချိန်မရွေး ပြန်ဖြစ်လာနိုင်တဲ့အတွက် ဘေးကင်းရာမှာပဲ ဆက်ခိုလှုံနေရဦးမယ်လို့ ဆိုကြပါတယ်။
ဒေသခံတွေက ကျေးရွာမှာ ကျန်ခဲ့တဲ့ သူတို့နေအိမ်တွေ ပျက်စီးသွားမှာ နေအိမ်တွေကို မပြန်နိုင်ဘဲ ဒုက္ခသည်တွေ အဖြစ်ပဲ နှစ်ရှည်နေရမှာကို တွေးပြီး သူတု့ိ အနာဂတ်အတွက် ပူပန်နေကြပါတယ်။
စစ်တပ်နဲ့ KIA ကြားမှာတော့ နယ်မြေစိုးမိုးနိုင်ရေးအတွက် အလောဘွမ်က အရေးပါဆုံး ဖြစ်နေပြီး၊ စစ်ရေးအခြေအနေ ကတော့ တည်ငြိမ်မယ့် အလားအလာ မမြင်ရသေးပါဘူး။ စစ်တပ်နဲ့ KIA နှစ်ဖက်လုံးဟာ အလော့ဘွမ်အတွက် ဆက်လက်တိုက်ခိုက်နေကြဦးမှာ ဖြစ်ပါတယ်။
You may also like these stories:
လူထုကို ထောက်ခံတဲ့ အနေနဲ့ ကျနော်တို့လုပ်နိုင်တာကို လုပ်ရမှာပဲ
မင်းတပ်တွင် တိုက်ပွဲဆက်ဖြစ်နေ၊ စစ်ကောင်စီဘက်မှ ၁၃ ဦး ထပ်မံ သေဆုံး